ကုလအထွေထွေညီလာခံ၌ သမ္မတအိုဘားမား မိန့်ခွန်းပြော
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ကုလသမဂ္ဂ - လစ်ဗျားနှင့် အီဂျစ် နိုင်ငံများရှိ အမေရိကန်သံတမန်များ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချကြရန် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကမ္ဘာ့ခေါင်းဆောင်များကို သမ္မတ အိုဘားမားက စိန်ခေါ်ပြောဆို လိုက်ကာ ယခုအချိန်သည် အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိက တစ်ဝန်း၌ ဒီမိုကရေစီလွတ်လပ်ရေး အတွက် ကြိုးပမ်းသွားရမည့် အချိန်အခါ ကောင်းတစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။
"အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒ တွေကို ဖိဖိစီးစီး ဆန့်ကျင်ပြောဆို သွား ဖို့ နိုင်ငံအားလုံးက ကမ္ဘာ့ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်" ဟု ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အိုဘားမားက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
"အမေရိကန်ပြည်ထောင်စုကိုပဲ ဖြစ်ဖြစ်၊ အနောက်နိုင်ငံတွေ ကိုပဲ ဖြစ်ဖြစ်၊ အစ္စရေးကိုပဲဖြစ်ဖြစ် အဓိက နိုင်ငံရေး အခြေခံသဘောတရား အရ အမုန်းပွား နေသူတွေကို အကြမ်းဖက်တဲ့နည်းကို မသုံးရင်တောင် ကြဉ်ထားဖို့ အချိန်ကျနေ ပါပြီ" ဟု အထွေထွေညီလာခံ၌ သမ္မတ သက်တမ်းအတွင်း လေးကြိမ်မြောက်အဖြစ် အိုဘားမားက ပြောကြား ခဲ့သည်။
အိုဘားမားသည် အရှေ့အလယ်ပိုင်း နှင့် မြောက်အာဖရိကရှိ အမေရိကန်၏ အခန်းကဏ္ဍကို ယခင်ကတစ်ခါဖူးမျှ မပြုခဲ့ဖူးသည့် ကာကွယ်ပြောဆိုမှုကို ပြုလျက် လွတ်လပ်ရေးတိုက်ပွဲဝင်နေသူ များအတွက် အမေရိကန်၏ ကူညီ ထောက်ပံ့မှုကို ပြန်လည်အတည် ပြုနိုင် မည့် အခွင့်အလမ်းများအဖြစ် ဆီးရီးယား၊ ပါလက်စတိုင်းအမျိုးသားရေး လှုပ်ရှားမှုနှင့် အခြားဒေသဆိုင်ရာ ကြိုးပမ်းမှုများကို ရည်ညွှန်းပြောခဲ့သည်။
"ပြဿနာရပ်တိုင်းကို ကျွန်တော်တို့ မဖြေရှင်းနိုင်ကြတဲ့အတွက် အခြားနိုင်ငံတွေက ဒီမိုကရေစီ အသွင်ပြောင်းမှု တွေရဲ့ ရလဒ်ကို လည်း အမေရိကန်ဟာ ဘယ်တော့မှ သတ်မှတ်ပေးခဲ့တာမရှိ သလို သတ်မှတ်ပေးသွားမှာလည်း မဟုတ်ပါဘူး။ ပြီးတော့ ပြဿနာ ရပ်တိုင်းမှာ အခြားနိုင်ငံတွေကို ကျွန်တော်တို့နဲ့ အမြင်တူလာစေဖို့ကိုလည်း မျှော်လင့် မထားပါဘူး" ဟု ၎င်းကပြောသည်။
အီရန် နျူကလီးယားအစီအစဉ် အပေါ် အငြင်းပွားမှုနှင့်ပတ်သက်၍ လည်း အိုဘားမားသည် လေသံမာမာဖြင့် ပြောဆိုခဲ့သည်။ ယင်း ကိစ္စအပေါ် သံတမန်နည်းဖြင့် ဖြေရှင်းရေးသည် အချိန်ကုန်လွန်သွားပြီဖြစ်ကာ အီရန် နိုင်ငံကို နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင် ရေးအတွက် အမေရိကန်က တားဆီးသွားရန် သန္နိဋ္ဌာန်ချထားကြောင်း ရှေးနည်းအတိုင်းပင် ပြောဆို ခဲ့သည်။
"နျူကလီးယားပိုင်တဲ့ အီရန်နိုင်ငံ တစ်နိုင်ငံဟာ ထိန်းချုပ်လို့ မရနိုင်တော့ မယ့် စိန်ခေါ်မှုတစ်ခုပါ။ ဒါဟာ အစ္စရေး နိုင်ငံကို သုတ်သင် တာ၊ ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုတွေကို ခြိမ်းခြောက်လာပါ လိမ့်မယ်။ ဒါဟာ ဒေသတွင်း နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုတွေဖြစ်ပြီး လက်နက်မပြန့်ပွားရေးစာချုပ်ကို ထိခိုက် လာနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ နိုင်ငံပေါင်း များစွာက အီရန်အစိုးရကို တားဆီးနေရ တာပါ။ ဒါ့ကြောင့်ပဲ အမေရိကန် ပြည်ထောင်စုကလည်း အီရန်နိုင်ငံ ကို နျူလက်နက် မပိုင် ဆိုင်နိုင်စေဖို့အတွက် တားမြစ်သွားရမှာပါ" ဟု အိုဘားမားက ဆိုသည်။
လတ်တလော အကြမ်းဖက် မှုများကိုဖြစ်ပွားစေသည့် မွတ်စလင် ဗီဒီယိုနှင့် ပတ်သက်၍လည်း အိုဘားမား က ရှုတ်ချပြောဆိုခဲ့သည်။ "ဒီဗီဒီယိုကိစ္စဟာ အမေရိကန်အစိုးရ နဲ့ လုံးဝမပတ်သက်ဘူးဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း အသိ ပေးပြီးသားပါ။ ဒီဗီဒီယို မှာပါတဲ့ဟာ တွေကလည်း ကျွန်တော်တို့လူသားထုကြီး တစ်ရပ်လုံးကို လေးစားသူတွေ အတွက် လက်မခံနိုင်စရာပါပဲ" ဟု ၎င်းက ပြောသည်။
မွတ်စလင်ဝါဒကို ထိခိုက်စေသည်ဟု ဆိုသော အဆိုပါ ဗီဒီယိုကိုတားမြစ် ပိတ်ပင်ခြင်းသည်လည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ၏ အခြေခံ သဘောတရားကို ချိုးဖောက်ရာကျကာ ယခုကဲ့သို့သော စမတ်ဖုန်းသုံးစွဲသည့် ခေတ်ကြီးတွင် အလုပ်ဖြစ်မည်မဟုတ် ကြောင်း အိုဘားမားကဆိုသည်။ (အေအက်ဖ်ပီ)
