စက်တင်ဘာ ၁၁ ရက်အမှတ်တရ နှစ်လည်အခမ်းအနား အရှိန်အ၀ါမပါဘဲ ကျင်းပ
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

အမျိုးသမီးတစ်ဦးက နိုင်ငံတော်အလံကိုင်ဆောင်၍ဂုဏ်ပြုစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှကက်မြို့အပြင်ဘက် ကီလိုမီတာ ၃၀ အကွာရှိ အမေရိကန် စစ်ဘက်ရပ်နားစခန်း ဗဟိုဌာန မာနတ်စ် လေဆိပ်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၌ အမေရိကန်စစ်သည်တစ်ဦးက စက်တင်ဘာ ၁၁ ရက် နယူးယော့ခ် မြို့ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကြီးကို အကြမ်းဖက်သမား များက တိုက်ခိုက်ခံရမှု၌ သေဆုံးသွားသူမျာ အား အောင့်မေ့ သတိ ရခြင်း အဖြစ် ၁၁ နှစ်မြောက် အမှတ်တရပွဲကို ပါဝင်ဆင်နွှဲ အလေး ပြုနေစဉ်။
ဓာတ်ပုံ၊-၊အေအက်ဖ်ပီ
နယူးယော့ခ် - အမေရိကန်တစ်နိုင်ငံလုံး လွန်ခဲ့သည့် ၁၁ နှစ်က မမေ့ နိုင်စရာ ၉/၁၁ တိုက်ခိုက်မှုကို ရာသီဥတု သာယာသော ကောင်းကင် အောက်၌ အရှိန်အ၀ါမပါဘဲ ၀မ်းနည်းတိတ်ဆိတ် စွာ ကျင်းပခဲ့ချိန် မှာပင် သမ္မတ ဘာရက် အိုဘားမားသည် အမေရိကန်တို့၏ စည်းလုံးမှု ကို စက်တင်ဘာလ ၁၁ ရက် နေ့က ချီးကျူးပြောကြားလိုက်သည်။
"၉/၁၁ ရဲ့ တကယ့်အမွေအနှစ်ဟာ အကြောက်တရား၊ အမုန်းတရားနဲ့ စိတ်ဝမ်းကွဲဖို့တွေအတွက် မဟုတ်ပါ ဘူး။ ပိုပြီးလုံခြုံပြီး ခိုင်မာတဲ့နိုင်ငံနဲ့ အရင့်အရင်ကထက် ပိုပြီးစည်းလုံးတဲ့ လူမျိုးတစ်မျိုးဖြစ်လာမှာပါ" ဟု အိုဘားမားက ပြောသည်။
ယမန်နှစ်က အိုစမာဘင်လာဒင်ကို လုပ်ကြံ သတ်ဖြတ်နိုင်ခဲ့မှုကြောင့် အယ်လ်ကေဒါ၏ ချည့်နဲ့လာခြင်းကို ထောက်ပြလျက် အမေရိကန်ပြည် ထောင်စုသည် 'ပို၍ပင်ခိုင်မာတောင့် တင်း' လာကြောင်း အိုဘားမားက ဆိုသည်။ သို့ရာတွင် အီဂျစ်နှင့် လစ်ဗျားနိုင်ငံ များ၌မူ အစ္စလာမ်များ အပေါ် ထိခိုက်သည်ဟု ယူဆရသည့် ဗီဒီယိုတစ်ခုကြောင့် ဒေါသ ထွက်နေသည့် လူအုပ် များသည် အမေရိကန် သံတမန်အဖွဲ့ များကို တိုက်ခိုက်ခဲ့ရာ လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ ကောင်စစ်ဝန်ရုံးမှ အမေရိ ကန်အရာရှိတစ်ဦး သေဆုံးခဲ့ရသလိုပင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တွင် လည်း လူထောင်ပေါင်းများစွာက သံရုံးကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အမေရိကန် အလံကိုဖြုတ်၍ အစ္စလာမ်အလံတစ်ခု လွှင့်တင် ခဲ့ကြသည်။
လေယာဉ်ပြန်ပေးဆွဲခဲ့သော အယ်လ် ကေဒါအကြမ်းဖက်သမားများက နယူး ယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဌာနကို ၀င်ရောက်တိုက်ခဲ့ချိန်က သေဆုံးခဲ့ရ သော လူ ၃,၀၀၀ နီးပါး၏ ဆွေမျိုးများသည် ယခင်နှစ် များအတိုင်းပင် သေဆုံး သူများ၏ အမည်များကို အောက်မေ့ရွတ် ဆိုဆုတောင်းကြရန် အခင်းဖြစ်ပွားရာ နေရာသို့ စုဝေး ရောက်ရှိခဲ့ကြ သည်။
သို့ရာတွင် ယင်းအဖြစ်ဆိုးကြီးကြောင့် အမေရိကန်နိုင်ငံသည် အငြင်း ပွားဖွယ် နှင့် ငွေကုန်ကြေးကျများလှသည့် ဆယ်စုနှစ်ကြာ အကြမ်း ဖက် နှိမ်နင်းရေးစစ်ပွဲကို နွှဲလာခဲ့သည့်အချိန်မှာပင် အမေရိကန်များ၏ ခံစားချက်သည်လည်း သိသိသာသာပင် ငြိမ်သက်လာခဲ့သည်။
ယမန်နှစ်က အိုဘားမား ဦးဆောင်ခဲ့ သည့် အရေးပါသောပုဂ္ဂိုလ်ကြီး များ တက်ရောက်ခဲ့သည့် (၁၀) ကြိမ်မြောက် နှစ်ပတ်လည်ပွဲနှင့် ခြားနားစွာပင် ယခု တစ်ကြိမ်၌ အခင်းဖြစ်ပွားရာနေရာသို့ အထင်ကရ နိုင်ငံရေးခေါင်းဆောင်ကြီး များလာရောက်ခြင်းမရှိသကဲ့သို့ လုံခြုံ ရေးတင်းကျပ်ထားခြင်းလည်း မရှိချေ။
အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ ရသူများ၏ အမည်ပေါင်း ၂,၉၈၃ ခုကို ရွတ်ဆိုဆုတောင်းခဲ့ကြသည်။ လူများ၏ စိတ်ဒဏ်ရာကို ကုစား သည့် အမှတ်တရ အဆောက်အအုံသစ်ကြီး တစ်ခုကို အခင်းဖြစ်သည့် နေရာ၌လည်းကောင်း၊ အနီးတွင် နယူးယော့ခ်မြို့၏ အမြင့်ဆုံး အဆောက်အအုံဖြစ်လာသည့် ကမ္ဘာ့ကုန်သွယ်ရေးဌာနကြီးသည်လည်းကောင်း ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
သို့ရာတွင် တာလီဘန်တို့ကမူ ၉/၁၁ သည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ အမေရိကန်ပြည်ထောင်စုသည် အာဖဂန်နစ္စတန် မြေပေါ် တွင် အရှုံးကြီး ရှုံးနေရသည်ဟု ဆိုလိုက်သည်။ နိုင်ငံခြား သားတပ်ဖွဲ့များစွာတို့သည် ၂၀၁၄ ခုနှစ် မတိုင်မီ အာဖဂန်မြေပေါ်မှ ထွက်ခွာ သွားရန် ပြင်ဆင်လျက်ရှိပြီး အကြမ်းဖက် နှိမ်နင်းမှု တာဝန်များကို အနောက် နိုင်ငံများ၏ ကျောထောက်နောက်ခံ ရှိသည့် အာဖဂန်အစိုးရတပ် များထံသို့ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။ (အေအက်ဖ်ပီ)
