စက်တင်ဘာ ၁၁ ရက် နှစ်ပတ်လည်သို့ ပန်နက်တာတက်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
ပင်ဆီလ်ဗေးနီးယား အနောက်တောင်ပိုင်း အထိမ်းအမှတ်ပွဲတွင် ပန်နက်တာ မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
ရှန့်စ်ဗီးလ် (ပင်ဆီလ်ဗေးနီးယား)- အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တာသည် ၂၀၀၁ ခုနှစ်က နယူးယော့ခ်မြို့ ကုန်သွယ် ရေးဗဟိုဌာန အမြွှာမျှော်စင်အဆောက်အအုံကြီးကို စက်တင်ဘာ ၁၁ ရက် (၉/၁၁) တိုက်ခိုက် မှုတွင် သေဆုံးခဲ့ရသူများအတွက် ယခု နှစ်စက်တင်ဘာလ ၁၀ ရက်နေ့က ဂုဏ်ပြုစကားပြောကြားရာ၌ အာဖဂန်နစ္စတန်နိုင်ငံတွင် တိုက်ပွဲဝင်နေကြ သော အမေရိကန် တပ်ဖွဲ့ ၀င်များနှင့် သေဆုံးသွားခဲ့သော တပ်ဖွဲ့ဝင်များကို မမေ့ကြရန် အမေရိကန် နိုင်ငံသားများကို သတိပေးပြောကြားခဲ့သည်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က အပိုင်စီးခံခဲ့ရသည့် United Flight 93 လေယာဉ်တွင် လိုက်ပါခဲ့ သော ခရီးသည်များနှင့် လေယာဉ်အမှု ထမ်းများကို ဂုဏ်ပြုသည့် အထိမ်း အမှတ်ပွဲပြုလုပ်ရာ ပင်ဆီလ်ဗေးနီးယား ပြည်နယ် အနောက်တောင်ပိုင်းသို့ သွားရောက် ခဲ့သည့် ခရီးစဉ်တစ်ခုတွင် ပန်နက်တာက ၉/၁၁ နောက်ပိုင်းတွင် အယ်လ်ကေဒါ စစ်သွေးကြွများကို တိုက်ခိုက်နှိမ်နင်းမှုများမှာ မပြီးဆုံးသေး ကြောင်းနှင့် အဆိုပါ အမေရိကန်တပ်ဖွဲ့ ၀င်များမှာ အန္တရာယ်ရှိနေဆဲဖြစ် ကြောင်း ပြောကြားခဲ့သည်။
အယ်လ်ကေဒါတို့က အမေရိကန်ကို တိုက်ခိုက်ရန် ကြိုးပမ်းမှုတစ်ခုတွင် လေ ယာဉ် အပိုင်စီးသူများကို ရုန်းကန် ရင်ဆိုင်ရင်းသေဆုံး သွားခဲ့သော United Flight 93 လေယာဉ်မှ ခရီးသည်များနှင့် တာလီဘန်သောင်းကျန်းသူများကို ချေမှုန်းရန် အာဖဂန်နစ္စတန် နိုင်ငံတွင် ၁၁ နှစ်ကြာ စစ်ပွဲဆင်နွှဲနေကြသော အမေရိကန်တပ်ဖွဲ့ဝင်များအကြား ဆက်နွှယ် မှုတစ်ခုကို ၎င်းကပြောကြားခဲ့သည်။
"အမေရိကန်တပ်ဖွဲ့ဝင်တွေက အန္တ ရာယ်တွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။ ပဋိပက္ခ၊ သို့မဟုတ် နိုင်ငံခြားရေးမူဝါဒ အပေါ် အနည်းငယ်မျှသာ ထည့်သွင်း စဉ်းစားပေးသည့် အမေရိကန် သမ္မတ နေရာအတွက် မဲဆွယ်စည်းရုံးပွဲတစ်ခု ပြုလုပ်နေသည့်ကြားက အာဖဂန်နစ္စ တန်နိုင်ငံတွင် တပ်ဖြန့်ချထားသော အမေရိကန်တပ်ဖွဲ့ဝင် ၇၇,၀၀၀ ခန့်နှင့် သေဆုံးသွားသော တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်တို့ကို ဂုဏ်ပြုရန် ပန်နက်တာက အမေရိကန်ပြည်သူများကို လှိုက်လှိုက် လှဲလှဲ မေတ္တာရပ်ခံခဲ့သည်။
၉/၁၁ ဖြစ်ရပ်နောက်ပိုင်း အယ်လ် ကေဒါနှင့် တာလီဘန်တို့၏ မဟာမိတ် များကိုတိုက်ခိုက်ခဲ့သော အာဖဂန်နစ္စ တန်စစ်ပွဲမှာ လူအများ ၏ ထောက်ခံမှု တဖြည်းဖြည်း ကျဆင်းလာသော်လည်း အီရတ်ပဋိပက္ခကဲ့သို့ အလုံးအရင်းဖြင့် လမ်းပေါ်ထွက်ဆန္ဒပြခြင်း၊ သို့မဟုတ် အပြင်းအထန်ဆွေးနွေးမှုများ ဖြစ်ပွား ခြင်းမရှိပေ။ အမေရိကန်တပ်ဖွဲ့ဝင်များကို အာဖ ဂန်နစ္စတန်တွင် ဆက်လက်ထားရှိသည် ကို ဆန့်ကျင်သည့် အမေရိကန်နိုင်ငံ သားအရေအတွက် တိုးပွားလျက်ရှိပြီး ၂၀၁၄ ခုနှစ်အကုန်တွင် တပ်ဖွဲ့ဝင် အများစုကို ပြန်လည် ရုပ်သိမ်းမည့် နေတိုး၏အစီအစဉ်ကို ၎င်းတို့က ထောက်ခံလျက်ရှိသည်။
၉/၁၁ တိုက်ခိုက်ခံရမှု နှစ်ပတ်လည် အခမ်းအနားများ၏ ယခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အထိမ်းအမှတ် အခမ်းအနားကို စက်တင် ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ယင်းပွဲကျင်းပရာ ပင်ဆီလ်ဗေး နီးယားပြည်နယ်သို့ ပန်နက်တာသွား ရောက်ခဲ့ခြင်းဖြစ်သည်။ (အေအက်ဖ်ပီ)
