မက္ကဆီကိုရဲတပ်ဖွဲ့က အမေရိကန်သံရုံးကားကိုပစ်ခတ်

ဝင်းသော်တာ ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

မက္ကဆီကိုစီးတီး တောင်ဘက်တွင် ပစ်ခတ်ခံရသည့် အမေရိကန် သံရုံးကား။
ဓာတ်ပုံ - အေအက်ဖ်ပီ

မောရီလော့စ် (မက္ကဆီကို) - ဩဂုတ်လ ၂၄ ရက်နေ့တွင် မက္ကဆီကို စီးတီးမြို့ တောင်ဘက်၌ မက္ကဆီကိုဗဟိုရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ များကို လိုက်လံဖမ်းဆီးရာ အမေရိကန်သံရုံး ကားတစ်စီးကို ပစ်ခတ်မိ ပြီး သံရုံးဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသွားသည့် သံရုံးဝန်ထမ်း နှစ်ဦးမှာ ဆေးရုံတွင် ကုသမှုခံယူ ခဲ့ပြီး အသက်အန္တရာယ် မရှိတော့ကြောင်း မက္ကဆီကိုနှင့် အမေရိကန် အစိုးရတို့၏ သီးခြားကြေညာချက်များတွင် ပြောကြားခဲ့သည်။ ၎င်းတို့ နှင့် အတူစီးနင်းလိုက်ပါလာသော မက္ကဆီကို ရေတပ်တပ်ဖွဲ့ဝင် တစ်ဦး မှာ ဒဏ်ရာအနည်းငယ်ရခဲ့သည်။

အဆိုပါဗဟိုရဲအရာရှိများမှာ ပစ်ခတ်မှုဖြစ်ပွားရာ မောရီလော့စ်ဒေသ တွင်ရာဇ၀တ်မှုနှိမ်နင်းရေးများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မက္ကဆီ ကို ရေတပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနတို့၏ ပူးတွဲကြေညာချက် တစ်စောင် တွင် ပြောကြားခဲ့သည်။

အမေရိကန်သံရုံးကားမှာ အယ်လ်ကာပူလင်မြို့ရှိ စစ်စခန်းတစ်ခုသို့သွားနေစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ အခင်းဖြစ် ပွားရာ၌ ရိုက်ယူ ထားသော ဓာတ်ပုံများထဲတွင် သံရုံးကား ကို ကျည်ဆန်ပေါက်ရာများဗရပွနှင့် ဘီးများပေါက်လျက် တွေ့ရှိရသည်။

"သံရုံးကားမောင်းတဲ့ ယာဉ်မောင်း က ကွေ့ပတ်တိမ်းရှောင်ပြီး မောင်းပေ မယ့်လည်း Tres Marias-Huitzilac အဝေးပြေးလမ်းမကြီး ပေါ်ကို ပြန်ရောက် လာတဲ့အခါ အမည်မသိသူတွေ လိုက်ပါ လာတဲ့ကားက သံရုံးကားကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ "ခဏအကြာမှာ နောက်ထပ်ယာဉ် သုံးစီး သံရုံးကားနောက်က ထပ်လိုက်လာပြီး ပစ်ခတ်ကြပါတယ်" ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

(အေအက်ဖ်ပီ)