'လ'ပေါ် ပထမဆုံးခြေချခဲ့သူ အမ်းစထရောင်း ကွယ်လွန်

အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

အပိုလို ၁၁ အာကာသယာဉ်မဈး နေးအမ်းစထရောင်း။
ဓာတ်ပုံ - အေအက်ဖ်ပီ

ဝါရှင်တန်- 'လ'ပေါ်တွင် ပထမဆုံး ခြေချခဲ့သော လူသားအဖြစ် ကျော် ကြား ခဲ့သည့် အမေရိကန်အာကာသယာဉ်မှူး နေးအမ်းစထရောင်း ကွယ်လွန်သွားကြောင်း ၎င်း၏မိသားစုက ဩဂုတ်လ ၂၄ ရက်တွင် ကြေညာသည်။

ထွန်းပေါက်အောင်မြင်သော စွမ်းဆောင်မှုများ၊ ရိုးသားကြိုးစားမှုများ ဖြင့် အာကာသခေတ် မျိုးဆက်သစ်တစ်ခုကို တွန်းအားပေးလှုံ့ဆော်ခဲ့ သော အမ်း စထရောင်း (၈၂ နှစ်) သည် နှလုံး သွေးလွှတ်ကြောများ ပိတ်ဆို့၍ ဩဂုတ် လအစပိုင်းလောက်က နှလုံးခွဲစိတ်ခံယူ ခဲ့ပြီးနောက် ကွယ်လွန်ခြင်းဖြစ်သည်။

'ရိုးသားလွန်းသော သူရဲကောင်း' အဖြစ် ၎င်းအား ကြေကွဲဝမ်းနည်းစွာ ခေါ်ဝေါ်ကြသော ဆွေမျိုးသားချင်းတို့က ၎င်းချန်ရစ်ထားခဲ့သည့် အမွေ အနှစ်များက လူငယ်များ၏ စိတ်ကူးရည်မှန်းချက်များ အကောင်အ ထည်ဖော်ရန် အခက်အခဲများကို ရှာဖွေကျော်ဖြတ်ရန်နှင့် ကိုယ်ကျိုး စွန့်၍ ကြိုးပမ်းဆောင်ရွက်ရန် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ပြော ကြသည်။ အမ်းစထရောင်းသည် အပိုလိုအမှတ် (၁၁) အာကာသယာဉ် ဖြင့် ၎င်းနှင့်လိုက်ပါသွားသော အာကာသယာဉ်မှူး အက်ဒွင်ဘတ်ဇ် အော်ဒရင် နှင့် အတူ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်က 'လ' မျက်နှာ ပြင်ပေါ်သို့ ဆင်းသက်ခဲ့သည်။

လမျက်နှာပြင်ပေါ်သို့ ဦးစွာဆင်းကာ ခြေချလိုက်သော အမ်းစထရောင်း ပထမဆုံးပြောလိုက်သော "လူတစ်ယောက်ရဲ့ ဒီခြေလှမ်းတစ် လှမ်းဟာ လူသားမျိုးနွယ်တစ်ခုလုံးအတွက် ဧရာမ ကျော်လွှားမှုကြီးတစ်ခုပါပဲ" ဟူသည့် စကားသည်ယနေ့တိုင် သမိုင်းမှာ အထင်ကရ ဖြစ်နေသည်။

လမျက်နှာပြင်ပေါ်သို့ ယာဉ်ငယ် ကလေးဖြင့် ဆင်းသက်ပြီးချိန်တွင် အမ်းစထရောင်းက မြေပြင်ရှိ ဟူစတန် ထိန်းချုပ်ရေးစခန်းသို့ "ဟူစတန်၊ ထရန်ကွီလီတီ သတ်မှတ်အခြေစိုက် စခန်းမှပြောနေပါတယ်။ အီးဂဲလ် ဆင်းသက်ပြီးပြီ"ဟု သတင်းပို့လိုက်သော အခါ ထိုစဉ်က မသဲကွဲသော အဖြူအမည်း ရုပ်သံကို ရင်တမမဖြင့် စောင့်မျှော် ကြည့်ရှုနေကြသည့် လူပေါင်းသန်း ၅၀၀ တို့ သက်မချနိုင် သွားတော့သည်။

သို့သော် ကမ္ဘာ့နိုင်ငံပေါင်း ၁၇ နိုင်ငံ၏ဂုဏ်ပြုခြင်းခံရပြီး အမေရိကန်အစိုးရ၏ ဂုဏ်ပြုဆုထူး၊ တံဆိပ်ထူးကြီးများ အများအပြားကိုရရှိခဲ့ သော အမ်းစထရောင်း သည် သူ၏ ကမ္ဘာကျော်ကြားမှုကို မမက်မောဘဲ မထင်မရှား ရိုးရိုးကုပ်ကုပ်သာ နေထိုင်တတ်သူဖြစ်သည်။

သူ့လက်မှတ်ပါသော စာအုပ်ကလေးများကို ဈေးနှုန်းမတန်တဆဖြင့် ရောင်းချနေကြောင်း သိရသောအခါ အမှတ်တရ ပစ္စည်းများပေါ်၌ လက်မှတ်များမထိုးပေးတော့ပေ။ မြေကမ္ဘာကို အာကာသယာဉ်ဖြင့် ပထမဆုံး ပတ်လမ်းမှလှည့်ပတ်နိုင်ခဲ့သော ဂျွန်ဂလင်းက "အလွန် ကျော်ကြားတဲ့ သည်းခံစိတ်ရှည်သူ"အဖြစ် အမ်း စထရောင်းအား ဂုဏ်ပြုသည်။

"အမေရိကန် သူရဲကောင်းတွေထဲမှာ သူကထိပ်ဆုံးမှာ။ သူ့ခေတ်မှာတင် မဟုတ်ဘူး။ ခေတ်အားလုံးမှာ သူကထိပ်ဆုံးဗျ" ဟု သမ္မတ အိုဘားမားက အလွန်ကြေကွဲ ၀မ်းနည်းစွာ ဩဂုတ်လ ၂၄ ရက်က ဂုဏ်ပြုစကား ပြောသွားသည်။

အမ်းစထရောင်းတို့ အပိုလိုအမှတ် (၁၁) အာကာသယာဉ်ဖြင့် လပေါ် ဆင်းသက်ချိန်က သမ္မတ အိုဘားမား၏ အသက် ရှစ်နှစ်ပင် မပြည့်သေးပေ။

အော်ဒရင်က ၂၀၁၉ ခုနှစ်တွင် အပိုလို အမှတ် (၁၁) နှစ် ၅၀ ပြည့် လပေါ် ဆင်းသက်သည့်နေ့ကျင်းပရန် သူရယ်၊ အမ်းစထရောင်း ရယ်၊ မိုက်ကယ် ကောလင်း (အပိုလို ၁၁ နှင့် အတူပါသွား ပြီး လမျက်နှာပြင်ပေါ်သို့ မဆင်းဘဲ လပတ်ယာဉ်ပေါ်၌နေရန် တာဝန်ကျသူ အာကာသယာဉ်မှူး) ရယ်တို့ ဆုံတွေ့ကြဖို့ ကိုပင် ကြံစည်ထားခဲ့ကြောင်းပြောသည်။

နာဆာအဖွဲ့၏ ထုတ်ပြန်ချက်တစ်ခု တွင် "သူဟာ အတော်ဆုံးလူဖြစ်ခဲ့တယ် ဗျာ။ ကျွန်တော် သူ့ကို အရမ်းလွမ်းနေရတော့မယ်" ဟူ သော ကောလင်း၏ တမ်းတစကားကို တွေ့ရသည်။ "သူ့ရဲ့ တာဝန်ထမ်းဆောင်မှု၊ အောင်မြင်မှုနဲ့ ရိုးသားတည်ငြိမ်မှုဟာ ဘယ်တော့မှ မတိမ်ကောတဲ့နမူနာတွေပဲ" ဟုလည်း ဩစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဂျူလီယာ ဂီးလ်လတ်က အကဲဖြတ်သည်။

အမ်းစထရောင်းကို ၁၉၃၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်တွင် အိုဟိုင်းယိုး ပြည်နယ် ၀ါပါကိုနီတာမြို့၌ မွေးဖွားပြီး လေယာဉ်ပျံသန်းမှု၌ စိတ်ဝင်စား၍ အိမ်နားရှိ လေဆိပ်၌ ဆယ်ကျော်သက် အရွယ်ကပင် ၀င်ရောက်လုပ်ကိုင် သည်။ အသက် ၁၅ နှစ်တွင် လေယာဉ် အမောင်းသင်ပြီး ၁၆ နှစ်ပြည့်မည့်နေ့ တွင် လေယာဉ်မောင်းလိုင်စင်ရသည်။ အမေရိကန်ရေတပ် လေကြောင်းပြ အဖြစ် ကိုရီးယားစစ် ပွဲကာလတွင် တာဝန် ဖြင့် ၇၈ ကြိမ် ပျံသန်းခဲ့သူဖြစ်သည်။

နာဆာအဖွဲ့၏ ရှေ့ပြေးဖြစ်သောNational Advisory Committee for Aeronautics တွင် ၁၉၅၅ ခုနှစ်၌ တာဝန်ထမ်းဆောင်သည်။ နာဆာအဖွဲ့ ပျံသန်းမှု သုတေသန တွင် သုတေသနလေယာဉ်မှူးအဖြစ် ရဟတ်ယာဉ်၊ ဂလိုက်ဒါ၊ ဂျက်နှင့် ဒုံးပျံ များအပါအ၀င် မြန် နှုန်းမြင့်လေယာဉ် ပုံစံပေါင်း ၂၀၀ ကျော်ကို စမ်းသပ် မောင်းနှင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် အာကာသယာဉ်မှူး အဖြစ် အသိအမှတ်ပြုခံရပြီးနောက် ဂျင်မီနီ ခရီးစဉ်တွင် ယာဉ်မှူးကြီးတာဝန် ဖြင့် အာကာသတွင်း ယာဉ်နှစ်စင်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ ချိတ်ဆက်ပေးနိုင်ခဲ့သည်။ နာဆာအဖွဲ့မှ ၁၉၇၁ ခုနှစ်တွင် အနားယူပြီးနောက် ဆင် ဆင်နာတီ တက္ကသိုလ်၌ အာကာသလေကြောင်း အင်ဂျင်နီယာပညာကို ၁၀ နှစ်နီးပါးခန့် ပို့ချပေးခဲ့သည်။

Lear Jet, United Airlines နှင့် Marathon Oil စသော ကုမ္ပဏီဘုတ်အဖွဲ့များတွင်လည်း ပါဝင် ကူညီအကြံပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စု နာဆာ အဖွဲ့၏ လုပ်ငန်းဌာနချုပ်များတွင်လည်း လေကြောင်းပျံသန်းမှုဆိုင်ရာ ဒုတိယ တွဲဖက် စီမံအုပ်ချုပ်ရေးမှူးအဖြစ် နာဆာ၏ လေကြောင်းပျံသန်းမှု သုတေသနနှင့် နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းစီမံပေးခဲ့သည်။

"သူ့ရဲ့တာဝန်ထမ်းဆောင်မှု၊ အောင်မြင်မှုနဲ့ တည်ငြိမ်ရိုးသားမှုတွေကို အားပေးဖော်ဆောင်ပေးကြပါ။ နောက်တစ်ကြိမ် လသာတဲ့ည မှာ အိမ်ပြင်ထွက် လို့ လမင်းကြီးက ရှင့်ကို ပြုံးပြုံးကြီး ငုံ့ကြည့်နေတာတွေ့ရင် နေးအမ်းစထရောင်းကို သတိရပေးကြပါ။ ပြီးတော့ သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပါလို့ တောင်းပန်ချင်တယ်"ဟု အမ်းစထ ရောင်း၏ ဘ၀သက်တမ်းတစ်လျှောက် ကို အမှတ်ရဖြစ် နေကြသော ပြည်သူ လူထုကို နေးအမ်းစထရောင်း၏ မိသားစု က ရိုးရှင်းသော မေတ္တာရပ်ခံချက် တစ်ရပ်ကို ပန်ကြားထားခဲ့ကြောင်း သိရသည်။

(အအက်ဖ်ပီ)