စီမံကိန်းမြေပေါ်နေသူများ မဖြစ်မနေဖယ်ရှားရမည်ဟုဆို
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

ကံကြီးကုန်းကျေးရွာရှိ မကွေးဘုန်းကြီးကျောင်းမှ ပြန်လည် ထွက်ခွာ သွားမည်ကို စိုးရိမ်တောင်းပန်နေကြသော ဒေသခံများကို မြို့တော်ဝန်၏ကားရှေ့တွင် ယခုလ ၂၂ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - စည်သူလွင်
ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ နိုင်ငံတော် စီမံကိန်းမြေဖြစ်သော ကံကြီး ကုန်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာတွင် နေထိုင်နေကြသော သူများအား မဖြစ် မနေဖယ်ရှားမည်ဖြစ်ကြောင်း မန္တလေး မြို့တော်ဝန် က ယခုလ ၂၂ ရက် ညနေ ပိုင်းတွင် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံရာတွင် ထပ်မံပြောကြား လိုက် သည်။
"ဒီနေရာက စီမံကိန်းမြေနေရာဖြစ်တဲ့ အပြင် ဂရန်ထုတ်ပေးထားတဲ့ မြေနေရာ တွေလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ ရာမှာ နေထိုင်သူ တွေကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ ငွေကြေးနဲ့ လုပ်စားတဲ့သူတွေ ကြောင့် အခုလို ပြဿနာတွေဖြစ်ခဲ့ တာပါ။
သတိပေးမှုတွေကို လေးလတိတိ လုပ်ခဲ့တယ်။ ဒါကိုလည်း အရေး မစိုက်ဘဲ နဲ့ ရောင်းဝယ်ထပ်ပြီး လုပ်နေကြတာကို တွေ့ရပါတယ်။ အဲဒီအချိန်တုန်းက တော့ အရေးယူမှုတွေမလုပ်ခဲ့ပါဘူး။ အရေးယူခဲ့ မယ်ဆိုရင် မိသားစုပေါင်းများ စွာ အခက်အခဲဖြစ်သွားမှာစိုးလို့ အရေး မယူခဲ့တာပါ။ စေတနာပါ။ အဲဒီ စေတနာ အမှားကြောင့် အခုလို မဖြစ်သင့်တာတွေ ဖြစ်လာရတာပါ" ဟု မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။
အဆိုပါ မြေနေရာတွင် နေထိုင်သူများ အား ဖယ်ရှားပေးရန် မြို့တော်ဝန်က ယခုလ ၁၉ ရက်နေ့ နောက်ဆုံးထား ဖယ် ရှားပေးရန် ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ယခုလ ၁၂ ရက်နေ့ က ကြိုတင်သတိပေးမှုများလည်း ပြု လုပ်ခဲ့သည်။ ၎င်း မြေနေရာ တွင် နေထိုင်ကြသူများ မှာ မြေအရောင်းအ၀ယ်ပြုလုပ်သူများ နှင့် လယ်မြေပိုင်ရှင်များထံမှ စာချုပ်စာ ရွက်များဖြင့် ကျေးရွာ အုပ်ချုပ် ရေးမှူး တို့၏ လက်မှတ်များ၊စာချုပ်စာတမ်း သက်သေအဖြစ် ချုပ်ဆိုဝယ်ယူထားခဲ့ သည်ကိုလည်း တွေ့ရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်း ကျေးရွာတွင် အရောင်းအ၀ယ်ပြုလုပ် ခဲ့သော မြေကွက်များမှာ ၂၀၀၅ ခုနှစ်တွင် ၁၄ ကွက်၊ ၂၀၀၉ ခုနှစ်တွင် ၁၁ ကွက်၊ ၂၀၁၀ ပြည့်နှစ်တွင် မြေကွက် ၁၀၀၊ ၂၀၁၁ ခုနှစ်တွင် ၁၀၇ ကွက်နှင့် ၂၀၁၂ ခုနှစ်တွင် မြေကွက် ၁,၇၁၀ ထိ ရှိခဲ့ ကြောင်း၊ ဇီးအုပ် ကျေးရွာတွင် ၂၀၀၇-၂၀၀၈ ခုနှစ်၌ ၁၀ ကွက်၊ ၂၀၁၀ ပြည့်နှစ် တွင် ၅၇ ကွက်၊ ၂၀၁၁ ခုနှစ်တွင် အကွက် ၄၁၀ နှင့် ၂၀၁၂ ခုနှစ်တွင် ၁,၃၇၃ ကွက် ထိ ရှိခဲ့ကြောင်းနှင့် ခန့်မှန်းခြေ စုစုပေါင်း တန်ဖိုးမှာ ကျပ်သန်းပေါင်း ၈,၀၀၀ ကျော် ထိရှိကြောင်း မြေကွက် စာရင်းများပြုစု ထားသော ကျောင်း ဆရာမ ဒေါ်အိအိက ပြောသည်။
မိမိတို့သည် ကျူးကျော်ဝင်ရောက် နေထိုင်သူများမဟုတ်ဘဲ စာချုပ်စာတမ်း များဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လက်မှတ်များဖြင့် ၀ယ်ယူထားကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင် အုပ်ချုပ်ရေးမှူးရုံး ကို အလှူငွေကျပ်နှစ်သောင်းထိ ပေးအပ် ရကြောင်း အဆိုပါနေရာတွင် နေထိုင်ရန် စာချုပ်စာတမ်းများဖြင့် ၀ယ်ယူထား သော သူများက ဆိုသည်။
"စာချုပ်စာတမ်းနဲ့ ၀ယ်ယူထားတာကို စိစစ်ပေးသွားမှာပါ။ စိစစ်တယ်ဆိုတာ ကလည်း ၀ယ်ယူထားပုံ အဆင်ဆင့်နဲ့ ရောင်းဝယ်ခဲ့တဲ့ သူတွေကို စစ်ဆေးသွား ဖို့ပါ။ ကျန်တဲ့သူတွေကိုလည်း ဆက်ပြီး အရေးယူသွားမှာပါ" ဟု မြို့ တော်ဝန်က ဆက်လက်ပြောသည်။ "နေထိုင်စရာမရှိတဲ့အတွက် ကျွန်မ တို့ဘ၀က သေသွားတာမှ အဓိပ္ပာယ်ရှိ ဦးမယ်" ဟု နေလောက်ရုံမြေနေရာကို အတိုးဖြင့် ငွေချေး ကာဝယ်ယူထားသည့် အမျိုးသမီးတစ်ဦးက နှစ်နှစ်အရွယ် ကလေးငယ်လေးတစ်ဦးအား ပွေ့ချီငို ကြွေးရင်းပြောသည်။
အဆိုပါမြေနေရာများကို ၁၉၉၁ ခုနှစ် တွင် မြို့ကွက်သစ်ဖေါ်ထုတ်ရေး အတွက် လယ်မြေ ပိုင်ဆိုင်ထားသူများအား မြို့တော်စည်ပင်က တစ်ဧက ကျပ်လေးထောင် လျော်ကြေးပေးထားပြီး ဖြစ်ကာ ယခုအချိန်ထိ စီမံကိန်းများကို ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း လည်း သိရသည်။
၎င်းမြေနေရာတွင် နေထိုင်သူများ အား ယခုလ ၁၉ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးထားခဲ့သော် လည်း ၂၀ ရက် နေ့တွင် ကျန်ရှိသည့် နေအိမ်များကို စည်ပင်သာယာမှ သန့်ရှင်း ရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ နယ်မြေခံရဲတပ်ဖွဲ့များက အိမ်ခြံများကို လာရောက် ဖျက်သိမ်းရာ နေထိုင်သူများ က ရှိခိုးကန်တော့ တောင်းပန်ခဲ့ကြ သည်။
ဆက်လက်၍မြေယာဌာန တာဝန် ရှိသူတစ်ဦးက စည်ပင်သန့်ရှင်းရေး ၀န် ထမ်းများအား ၀င်းခြံနှင့် အိမ်များကို ဆက်လက်ဖျက်ရန် ထပ်မံတာဝန်ပေးခဲ့ သော်လည်း နေထိုင်သူများက ရှိခိုးကန် တော့ တားဆီးခဲ့သည့်အတွက် ကွင်း အတွင်းမှ ပြန်လည် ထွက်ခွာ သွားသည်။
"ဘုန်းကြီးက တတ်နိုင်တဲ့ဘက်က နေထိုင်သူတွေအတွက် ညှိနှိုင်းဆောင် ရွက်ပေးတဲ့သဘောပါ။ အချိန်နဲ့ နေထိုင် ဖို့အတွက် ပြန်ပြီး စဉ်းစားပေးသင့်တယ်" ဟု ယခုလ ၂၀ ရက်နေ့က မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် ညှိနှိုင်းနေစဉ် မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် အရှင်ဝီရသူ ကမိန့်သည်။ ယခုလ ၂၀ ရက်နေ့တွင် နေထိုင်သူ များက တာဝန်ရှိသူများအား အမျိုးမျိုး ရှိခိုးကန်တော့ ငိုယို တောင်းပန် ကြသော ကြောင့် စည်ပင်သာယာမှ တာဝန်ရှိသူ များ နေ့လယ်ပိုင်းတွင် ပြန်လည် ထွက် ခွာသွားခဲ့ကြသည်။
စီမံကိန်းမြေနေရာတွင် နေထိုင်သူ များနှင့် မြို့တော်ဝန်တို့ ကံကြီးကုန်းကျေး ရွာရှိ မကွေးဘုန်းတော်ကြီးကျောင်းတွင် ယခုလ ၂၂ ရက်နေ့က တွေ့ဆုံပြီး ရှင်းလင်း ပြောကြားရာ နေထိုင်ရာမြေ နေရာမှ ဖယ်ရှားပေးရန် ပြောဆိုသည့်အတွက် မြို့တော်ဝန်အား နေထိုင်စရာနေရာ အစားပေးရန်နှင့် ကလေးငယ်များ၏ ပညာရေးအခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
"ဒီပြဿနာတွေကြောင့် အခုဆိုရင် ကလေးတွေ ကျောင်းနားထားရတာ ကြာနေပါပြီ။ ၂၀၀၈ ခုနှစ်ကတည်းက အရောင်းအ၀ယ် လုပ်နေကြတာကို ထိထိ ရောက်ရောက်တားဆီးခဲ့မယ် ဆိုရင် အခုလောက်ထိ ပြဿနာ ကြီးလာ နိုင်စရာ မရှိပါဘူး။အခုဆို အိမ်တွေ ဖျက် ပြီး လမ်းပေါ်မှာ နေထိုင်နေရပါတယ်"ဟု ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း တွင်တာဝန်ထမ်း ဆောင်နေသော ဆရာမ ဒေါ်အိအိက ပြောသည်။
မြို့တော်ဝန် ပြန်လည်ထွက်ခွာချိန်တွင် ဒေသခံအမျိုးသမီးများက မြို့တော်ဝန် ၏ ကားရှေ့တွင် ပိတ်ပင် တားဆီးတောင်း ပန်ခဲ့ကြရာ တပ်ဖွဲ့ဝင်များက ကိုယ်ထိ လက်ရောက် ဖယ်ရှားရသည်အထိ ဖြစ်ခဲ့ သည့်အတွက် ငိုကြွေး တောင်းပန်ရင်း အမျိုးသမီးတချို့မှာ မူးလဲ ကျသည်ထိ ဖြစ်ပေါ်ခဲ့ရသည်။ ၎င်းနေရာတွင် မြို့တော်ဝန်မှာ အချိန် တစ်နာရီခွဲခန့်ပိတ်မိနေပြီး ပြန်လည် ထွက်ခွာရန်ပင် အခက်အခဲ ဖြစ်ခဲ့ရ သည်။
၈၈ ကျောင်းသားများက မြို့တော် ၀န်နှင့် ညှိနှိုင်းတိုင်ပင်ပြီး အချိန်တစ်ပတ် ခန့် ပြန်လည်စဉ်းစားပေးမည်ဟူသော ၈၈ ကျောင်းသား များ၏ ကတိပေးမှုကြောင့်သာ ဒေသခံများကျေနပ်ခဲ့ရပြီး မြို့တော်ဝန်မှာလည်း အဆင်ပြေစွာ ပြန်လည်ထွက်ခွာနိုင်ခဲ့သည်။ "ပြည်သူ တွေ နစ်နာနေတယ်။ ချွေးနည်းစာနဲ့ ၀ယ်ထားကြတဲ့အတွက် ပြန်ပြီးတော့ လုပ်ပေးဖို့ရာအတွက် မြို့တော်ဝန်ကို တောင်းဆိုထားတယ်။ အရင် ကတည်းက ရောင်းဝယ်နေကြတာတွေ ကို တားဆီးပေးခဲ့မယ်ဆိုရင် အခုလို ဖြစ် လာစရာအကြောင်းမရှိပါဘူး။ ကျွန်တော် တို့အနေနဲ့ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကိုတော့ မပြောချင်ပါဘူး" ဟု ၈၈ ကျောင်းသားများအဖွဲ့မှ ကိုကျော်စိုး က မြန်မာတိုင်း(မ်) ကို ပြောသည်။
အဆိုပါမြေနေရာများ ဖယ်ရှား ရှင်း လင်းပြီးပါက စီမံကိန်းအတွက် လမ်းများ ဖောက်လုပ်ခြင်း၊ ရေမြောင်းများ ဖောက် လုပ်ခြင်းနှင့် လျှပ်စစ်မီးရရှိရေးများ အတွက် ဦးစွာဆောင်ရွက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း၊ ဖယ်ရှားခံရသူများ အတွက် မြေနေရာ ပြန်လည် ပေးအပ် နိုင်ရေးကိုမူ စိစစ်ဆောင်ရွက်ပြီးမှပေး သင့် ပေးထိုက်သူများကိုသာ ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ကဆိုသည်။
