မြို့တော်ဝန်အား ပြည်သူ့ဆန္ဒသဘောထားနှင့် ကိုက်ညီမှု ရှိမရှိ စစ်တမ်းကောက်ပြီး သမ္မတထံ တင်ပြသွားမည်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ
ရောင်းမှားဝယ်မှားဖြစ်ထားသူများ တွေ့ဆုံပွဲကို ယခုလ ၂၂
ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်
မန္တလေးမြို့တွင် လက်ရှိ မြို့တော်ဝန် တာဝန်ထမ်းဆောင်နေသော ဦးအောင်မောင်းအား ပြည်သူ့ဆန္ဒသဘောထား နှင့် ကိုက်ညီမှုရှိမရှိ စစ်တမ်းကောက်ယူ ပြီးသမ္မတထံ တင်ပြဆောင်ရွက်သွား မည်ဖြစ် ကြောင်း အဆိုပါကိစ္စများကို စီစစ်ဆောင်ရွက်နေသော ကျောင်းသား ရဲဘော်ဟောင်းတစ်ဦးက ပြောသည်။
"မန္တလေးမြို့ကြီး ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲလာအောင် လုပ်လို့ ရပါတယ်။ လက်ရှိမြို့တော်ဝန်က လုပ် ကောင်းလုပ်နိုင်ပါလိမ့် မယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာက ပိုပြီး တော့ ထိခိုက် ခံစား နေရတယ်။ အရင် ပြောခွင့်မရတုန်းက ပြဿနာမဟုတ်ဘူး။
"ဒီနေ့ ပြည်သူ့အစိုးရလို့ ပြောတယ်။လွှတ်တော်က ပြည်သူ့အသံကို နား ထောင်တယ်လို့ပြောတယ်။ အခု မန္တလေး မြို့တော်ဝန်က အဲဒါတွေနဲ့ဆန့်ကျင် ဘက်ပဲ။ ပြဿနာတစ်ခုပေါ်မှာ ရဲတပ်ဖွဲ့ အင်အား အများအပြားသုံးတယ်။ စက် အင်အား အများအပြားသုံးပြီး ပြည်သူ တွေရဲ့ စိတ်ဓာတ်ရေးရာတွေကို ရိုက်ချိုးတယ်။ ထိခိုက်တယ်။ ဒါတွေကြောင့် ကိုယ့်ရဲ့ ကိုယ်စားလှယ်ကို ပြန်ပြီး ရုပ်သိမ်း ခွင့်ရှိတယ်။ လုပ်ဆောင်နိုင်တာ တွေကို ပြည်သူတွေသိအောင် ဆောင်ရွက် ခြင်း ဖြစ်တယ်။ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေ မရှိပါဘူး"ဟု ကျောင်းသားရဲဘော်ဟောင်း တစ်ဦးဖြစ်သူ ကိုညီညီကျော်က မြန်မာတိုင်း(မ်) ကို ပြောသည်။
မန္တလေးမြို့တော်ဝန်အတွက် ပြည်သူ့ ဆန္ဒသဘောထားများ ကောက်ယူနေမှု နှင့်ပတ်သက်ပြီး "မြို့တော်ဝန်တာဝန် ထမ်းဆောင် နေတာကို ဖယ်ရှားဖို့ ဆောင်ရွက်နေကြတာကို ကြားလိုက်တော့ ကျွန်တောအနေနဲ့ နည်းနည်းလေးတော့ စိတ်လှုပ်ရှားမှုလေးဖြစ်သွား ပါတယ်။ ရပ်ကွက်တွေကို အရောက်သွားပါတယ်။ ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံပါတယ်။မြို့တော်ကို ဥယျာဉ်မြို့တော်ဖြစ်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်သူတွေ အနေနဲ့ လိုအပ်တာတွေကို ကူညီပေးဖို့ လည်း ပြောပါတယ်။ ကျွန်တော်ကိုယ် တိုင်ကလည်း မန္တလေးသားဖြစ်တယ်။ ကိုယ့်မြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစွမ်းကုန်လုပ်နေပါတယ်။
အဲဒါကိုမှ ကျွန်တော့်ကို ဖယ်ရှားမယ်ဆိုရင်တော့ ဘာမှမပြောလိုပါဘူး" ဟု မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းက ယခုလ ၂၂ ရက် နေ့က ပြောသည်။ မြို့တော်ဝန် ဦးအောင်မောင်းသည် အစိုးရသစ်လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာန၀န်ကြီးအဖြစ်လည်း ကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၀န်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမြို့တော်ဝန် သက်တမ်းမှာ ခြောက်လနီးပါးသာ ရှိသေးကြောင်းသိရသည်။
သက်တမ်းခြောက်လအတွင်း ဖြေရှင်း ခဲ့ရသော ပြဿနာများမှာ ဈေးချိုပျံကျ ကုန်စိမ်းဈေး အပြောင်းအရွှေ့နှင့် လက်ရှိ ဖြစ်ပေါ်နေ သော ချမ်းမြသာစည်မြို့နယ် နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ လယ်ယာမြေ ပြဿနာများတွင် တပ်ဖွဲ့အင်အား အများ အပြားအသုံးပြု ခဲ့ခြင်းတို့ဖြစ်ပြီး ယင်းဆောင်ရွက်ချက်များကို ပြည်သူများက ဝေဖန်ပြောဆိုနေ ကြခြင်းဖြစ်သည်။ "မြို့တော်ဝန် ပြောင်းလဲဖို့အတွက် လုပ်ထုံးလုပ်နည်းအရ ပြည်သူတွေရဲ့ ဆန္ဒနဲ့တိုက်ရိုက်ပြောင်းလဲလို့မဖြစ်နိုင် ပါဘူး။ ၀န်ကြီးချုပ်က တိုက်ရိုက်ခန့် အပ်ထားတာပါ။
သက်ဆိုင်ရာမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေကို အကြောင်းကြားပြီး လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးသွားမယ် ဆိုရင်တော့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးဖြစ်ပါ တယ်"ဟု မန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က မြန်မာ တိုင်း(မ်)ကို ပြောသည်။
အစိုးရအဖွဲ့ဝင်များ ပြောင်းလဲမှု အတွက် ပြည်သူ့သဘောထားဆန္ဒ စစ်တမ်းကောက်ယူခြင်းသည် အစိုးရ သစ်လက်ထက်တွင် မန္တလေးတိုင်း ဒေသကြီး၌ ပထမဦးဆုံး အကြိမ်ဖြစ် ကြောင်း ကျောင်းသားရဲဘော်ဟောင်း တစ်ဦးက ပြောသည်။
