အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ပါဖွန်းမင့်အနုပညာပြကွက်များ ထည့်သွင်းပြသခဲ့

စည်သူလွင်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

ငြိမ်းချမ်းရေးသင်္ကေတ အပြာရောင်မိုးပျံပူပေါင်းများကို ဦးပိန် တံတားပေါ်မှ စက်တင်ဘာလ ၂၁ ရက်ညနေက လွှတ်တင်နေစဉ်။ ဓာတ်ပုံ - စည်သူလွင်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ယခုလ ၂၁ ရက် ညနေက မန္တလေးမြို့၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို တောင် သမန်အင်းစောင်းတွင် စိမ်းရောင်စိုအဖွဲ့မှ ဦးစီး ကျင်းပရာ အနုပညာ ရှင်များမှ ငြိမ်းချမ်းရေး Performance အနုပညာပြကွက် များဖြင့် ပြသခဲ့ကြသည်။

ငြိမ်းချမ်းရေး Performance အနုပညာပြကွက်များကို မန္တလေးမြို့မှ ကဗျာဆရာ မောင်နီဦးနှင့်အတူ ငြိမ်းချမ်းရေး လိုလားသူများ ပူးပေါင်း ကာ ပြသသွား ခဲ့သည်။ "စစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဖော်ပြတဲ့ အနေနဲ့ အဖြူရောင် စာရွက်ပေါ်မှာ မင်အနီတွေကို ဖြန့်ထားတယ်။

ကျွန် တော်နဲ့အတူ ပါဝင်တဲ့သူတွေက စစ်ပွဲတွေ ကို ရပ်တန့်ပေးဖို့ တောင်းနေကြတယ်၊ ကဗျာကတော့ စစ်ပွဲတွေကို ရပ်ဆိုတဲ့ ကဗျာ ရွတ်ဆိုပါတယ်"ဟု ကဗျာဆရာ မောင်နီ ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါပွဲတွင် ကဗျာဆရာကြီးကို လေး(အင်းဝဂုဏ်ရည်)က ငြိမ်းချမ်းရေး ကဗျာများ ရွတ်ဆိုခဲ့ပြီး ငြိမ်းချမ်းရေး အတွက် ဆုတောင်းမှု များပြုလုပ်ခဲ့သည်။ "ငြိမ်းချမ်းရေးက မကြာခင်အချိန်မှာ ရမယ်လို့ ကျွန်တော်ထင်တယ်။ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တပ်မ တော်နဲ့ပါတီတွေ ပူးပေါင်းလိုက်မယ် ဆိုရင်တော့ အောင်မြင်မှာပါ။

စစ်ပွဲတွေက ဆည်ကိုရေမရှိအောင်လုပ်တယ်၊လူ မှာ ငွေမရှိ အောင်လုပ်တယ်၊ ကျောင်းမှာ ပညာမရှိအောင်လုပ်တယ်၊ ဒီလိုဆက် ဖြစ် နေဦးမယ်ဆိုရင်တော့ အဖြူတွေရဲ့ ကျွန်၊ အမည်းတွေရဲ့ကျွန်ဖြစ်တော့မယ်" ဟု ကိုလေး(အင်းဝဂုဏ်ရည်)က ကဗျာ ရွတ်ဆိုရင်း ပြောသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တိုင်းဒေသကြီး ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးသိန်းတန်က "ပြည်တွင်းစစ်ကြီး ရပ်စဲမှ တိုင်းရင်းသား ညီအစ်ကိုတွေ ဒီမိုကရေစီခရီးကိုအတူ လျှောက်လှမ်းနိုင်မှာပါ" ဟု ပြောသည်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့ အခမ်းအနားတွင် ပြည်တွင်း ငြိမ်းချမ်းမှု များ ရရှိစေရန် ငါးမိနစ် ငြိမ်သက် ဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေး သီချင်းများသီဆိုခြင်း၊ ငြိမ်းချမ်းရေး ကဗျာများရွတ်ဆိုခြင်းအပြင် ငြိမ်းချမ်း ရေးသင်္ကေတ အရောင်ဖြစ်သည့် အပြာရောင် မိုးပျံပူပေါင်း များကို ဦးပိန် တံတား ပေါ်မှ လွှတ်တင်ဆုတောင်းမှုများ လည်းပြုလုပ်ခဲ့ကြသည်။