ရွှေဘိုမြို့အရှေ့ဘက် ကျောက်မြောင်းမြို့တွင် စီးပွားရေးအထူးဇုန်အတွက် အဆိုပြုထား

စည်သူလွင်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့ဘက် ၁၆ မိုင်အကွာရှိ ကျောက် မြောင်းမြို့ကို စီးပွားရေးအထူးဇုန်အဖြစ် တည်ဆောက် သွားရန် မြို့ပြဖွံ့ဖြိုးမှု စီမံ ကိန်းတွင် အဆိုပြုထားကြောင်း ယခုလ ၆ ရက်နေ့က ကျင်းပသော မြို့ပြဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲအရ သိရသည်။

ဧရာဝတီမြစ်ကူး ရတနာသိင်္ဃတံတား တည်ဆောက်မှု ပြီးဆုံးသွားပါက စီးပွား ရေး မဟာဗျူဟာလမ်းပိုင်းဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ထိုင်းလမ်းပိုင်း ကုန်စည် ပို့ဆောင်ရာတွင် တံတားလမ်းပေါ်မှ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ခြင်း၊ သဖန်းဆိပ် ဆည်တည်ရှိခြင်း ကြောင့် ဆည်ရေဖြင့် တစ်နှစ်ပတ်လုံး ဆန်စပါး၊ ကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်ခြင်း၊ ငါးမွေးမြူနိုင်သည့်အတွက် စီးပွားရေး ကောင်းမွန်ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးသည် သဘာဝသယံဇာတများ ဖြစ် သော သစ်တော၊ သစ်တောထွက်ပစ္စည်းများနှင့် ကျောက်မီးသွေးများ ပေါကြွယ်ဝ ခြင်းတို့ကြောင့် ဒေသစီးပွားရေးတိုး တက်မှုအတွက် အထောက်အကူဖြစ်စေရန် ကျောက်မြောင်း မြို့တွင် အထူးစီးပွား ရေးဇုန်ထူထောင်ရန် အဆိုပြုရခြင်း ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနဆောက်လုပ်ရေး ၀န်ကြီးဌာန နေပြည်တော် (မြို့ပြနှင့်ဒေသ စီမံကိန်း ဌာနခွဲ) ဒုတိယညွှန်ကြားရေမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

အဆိုပြု ကျောက်မြောင်းအထူးစီးပွား ရေးဇုန် တည်ဆောက်ခြင်း မြေအသုံးချမှု များမှာ လက်ရှိကျောက်မြောင်းမြို့ ဖွဲ့စည်းမှုတွင် ဧရာဝတီမြစ်ကူး ရတနာသိင်္ဃ တံတားဝန်းကျင်၌ လူနေဇုန်၊ အဆို ပြုသင်္ဘောဆိပ်ကမ်း၊ မြို့နယ်အုပ်ချုပ် ရေးဆိုင်ရာရုံးများ၊ စီးပွားရေးဆိုင်ရာ ဇုန်များ သတ်မှတ်ပေးထားသည်။

"စီးပွားရေးဆိုင်ရာအထူးဇုန်မှာ ၀န် ဆောင်မှုဇုန်၊ အသေးစား စက်မှုဇုန်၊ အလတ်စား၊ အကြီးစားစက်မှုဇုန်တို့ကို အမျိုးအစားအလိုက် ဧရိယာများသတ် မှတ်ပေးထားပါတယ်"ဟု ဒေါ်အေးအေး မြင့်က ပြောသည်။ မွေးမြူရေးကို အခြေခံသော ပွဲရုံလုပ် ငန်းများ၊ အပန်း ဖြေနားနေရာဇုန်များနှင့် လူနေဇုန်များကိုလည်း အဆိုပြုထည့် သွင်းရေးဆွဲထားသည်။ အထူးစီးပွားရေးဇုန်ရှိ စက်ရုံ အလုပ်ရုံ များမှ ထွက်ရှိသော အညစ်အကြေးများ၊ ရေဆိုးများကို သန့်စင်ပြီး ဧရာဝတီမြစ် အတွင်းသို့ စွန့်ထုတ်ရန်လည်း စီစဉ် ဆောင်ရွက်ထား ကြောင်း အဆိုပြု စီမံကိန်းများအရ သိရသည်။

"ဒီစီမံကိန်းတွေက တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးတို့ရဲ့ လမ်းညွှန်မှုတွေနဲ့ အဆိုပြု ရေးဆွဲရတာပါ" ဟု ဒေါ်အေးအေးမြင့်က ပြောသည်။ ကျောက်မြောင်းမြို့တွင် အထူးစီးပွား ရေးဇုန်ပေါ်ပေါက်လာပါက ရွှေဘိုမြို့၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာပြီး ဒေသခံ များအတွက် အလုပ်အကိုင်အခွင့်အလမ်း များ ပေါများလာမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးတင်ငွေက ပြောသည်။

ကျောက်မြောင်းမြို့နယ်ခွဲသည် ဧရိယာ အားဖြင့် ဧက ၇၈၄,၈၃၀ ရှိပြီး အဆိုပြု စီမံကိန်း ဧရိယာမှာ ဧက ၈,၀၀၀ ၀န်းကျင် သာ ဖြစ်သည်။ မြို့ပေါ် အိမ်ခြေ ၁,၄၃၈ လုံးရှိကာ လူဦးရေ အားဖြင့် ၈,၂၆၀ ခန့်နေထိုင်လျက်ရှိပြီး မွေးမြူရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် စဥ့်ထည်လုပ် ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်း လျက်ရှိသည်။