အရောင်းသွက်ရမည့် ရာသီချိန်တွင် နှမ်းအရောင်းအ၀ယ် အေးနေ

ကြေးမုံဝင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

ဩဂုတ်လကုန်ပိုင်းတွင် နှမ်းဈေးကွက် မှာ အရောင်းအ၀ယ် ပါးလျက်ရှိပြီး ဈေး မှာလည်း ဩဂုတ်လဒုတိယပတ် ပေါက် ဈေးထက်ကျ ဆင်းသွားကာ ကျဈေးတွင် ငြိမ်လျက်ရှိကြောင်း သိရှိ ရသည်။

"ဒီလိုအချိန်က အရောင်းအ၀ယ် အကောင်းဆုံး ရာသီချိန်ပဲ။ အသစ်ဝင်တဲ့ အချိန်။ ဒီနှစ်က ပစ္စည်းမရှိလို့ လုပ်ငန်း မကောင်းဘူး။ "မနှစ်က ဒီလိုအချိန်ဆို တစ်ရက် ကို အိတ်ခုနစ်ထောင်၊ ရှစ်ထောင်၊ တစ်သောင်းလောက်ထိ အရောင်း အ၀ယ်ဖြစ်တယ်။ ဒီနှစ်တော့ တစ်ရက်ကို အိတ်နှစ်ထောင်လောက်ပဲ ရှိတယ်။ အရောင်းအ၀ယ် တော်တော် ပါးတယ်။

"အဓိကက ပစ္စည်းနည်းလို့ပဲ။ ပစ္စည်း နည်းတော့ လှောင်လက်နဲ့ တောင်သူက ဈေးမကျအောင် ထိန်းတယ်။ တရုတ် ဘက်ကလည်း ဈေးမြင့်တော့ သိပ်မ၀ယ် တော့ဘူး။ လိုမှပဲ နည်းနည်းလောက် ၀ယ် တော့တယ်။

"လောလောဆယ် တစ်ပတ် ၁၀ ရက် တော့ ဒီအတိုင်းပဲ ဆက်သွားမှာပဲ။ အပြောင်းအလဲ မရှိနိုင်သေးဘူး"ဟု ဘောဂပွဲရုံမှ ဦးမောင်ဌေး က မြန်မာ တိုင်း(မ်)ကို ပြောသည်။

ဩဂုတ်လ ၃၀ ရက်နေ့ နှမ်းပေါက် ဈေးများမှာ နှမ်းနက်(စမုံ)ထိပ်စ တစ် အိတ်လျှင် ကျပ် ၁၁၇,၀၀၀၊ နှမ်းနက် (ရိုးရိုး)တစ်အိတ်လျှင် ကျပ် ၁၀၂,၀၀၀၊ နှမ်းဖြူထိပ်စတစ်အိတ်လျှင် ၉၇,၀၀၀ နှင့် နှမ်းဖြူ အလတ်စတစ်အိတ်လျှင် ၉၄,၀၀၀ ဈေးရှိကြောင်း သိရသည်။

ဆီကြိတ်နှမ်းမှာမူ တစ်အိတ်လျှင် ကျပ် ၈၁,၀၀၀၊ ၈၂,၀၀၀ ခန့်ရှိသည်။ နှမ်းနက်(စမုံ)မှာ ဩဂုတ်လ ဒုတိယ ပတ်က တစ်အိတ်လျှင် ကျပ် ၁၂၆,၀၀၀ ထိ အမြင့်ဆုံးဖြစ်ခဲ့ရာမှ ကျပ် ၉,၀၀၀ ခန့် လျော့ကျခဲ့ခြင်းဖြစ်သည်။

"အ၀င်နည်းရင် ဈေးတက်ရမှာကို တရုတ်ဘက်က ဈေးကွက်မကောင်းလို့ ဈေးကျသွားတာ။ တစ်အိတ်ကို ကျပ် ၁၂၆,၀၀၀ ဖြစ်ခဲ့တုန်း က အ၀င်ကလည်း နည်းတယ်။

"တရုတ်ဝယ်လက်ကလည်း အရမ်း ၀ယ်တယ်။ ဈေးအရမ်းမြင့်လို့ တရုတ် ၀ယ်လက်ရပ်သွားတဲ့ အချိန်ကျတော့ ဈေးက ပြန်ကျသွား တာပဲ။ အရင် နှစ်တွေကဆို ပစ္စည်းပေါတော့ ဈေးချ ရောင်းနိုင်တယ်။

"ဈေးနည်းတော့ တရုတ်ဝယ်လက် ကလည်း များများဝယ်ပြီး အရောင်း အ၀ယ် လည်ပတ်မှုလည်းကောင်း ခဲ့တယ်"ဟု အခြားပွဲရုံ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

လတ်တလော မန္တလေး ကုန်စည် ဒိုင် ဈေးကွက်တွင် နှမ်းတစ်မျိုးတည်းသာ ပုံမှန်အရောင်းအ၀ယ်ရှိနေပြီး အခြား သီးနှံများမှာမူ အရောင်းအ၀ယ်အေး ကြောင်း သိရသည်။