အိန္ဒိယ-မြန်မာချစ်ကြည်ရေး လက်တွေ့ သရုပ်ပြရေးဆွဲ

ရွှေစင်ခိုင်
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

မန္တလေးမြို့၊ အိန္ဒိယကောင်စစ်ဝန်ချုပ် အိမ်တော်တွင် အိန္ဒိယ-မြန်မာချစ်ကြည်ရေး ပန်းချီလက်တွေ့ရေးဆွဲနေသူများကို တွေ့ရစဉ်။
ဓာတ်ပုံ - ရွှေစင်ခိုင်

အိန္ဒိယ-မြန်မာချစ်ကြည်ရေး မန္တလေး ပန်းချီအနုပညာရှင် ၂၀ ဦး၏ လက်တွေ့ သရုပ်ပြပန်းချီရေးဆွဲခြင်း အခမ်းအနားကို မန္တလေးမြို့၊ အိန္ဒိယကောင်စစ်ဝန်ချုပ် အိမ်တော်တွင် ဇန်န၀ါရီလ ၂၃ ရက်၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ၆၃ နှစ် မြောက် အိန္ဒိယသမ္မတနိုင်ငံတော် နေ့နှင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့များကို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအထိမ်း အမှတ်အဖြစ် လည်းကောင်း၊ မန္တလေးမြို့ မှ ပန်းချီအနုပညာရှင်များ၏ အရည် အသွေးကို ကမ္ဘာကသိအောင်ဖော်ပြခွင့် ရရှိစေရန်လည်းကောင်း ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

"မန္တလေးက ပန်းချီပညာရှင်တွေဟာ နိုင်ငံတကာနဲ့ ထိတွေ့မှုနည်းပြီး အရည် အသွေးတွေကိုဖော်ပြနိုင်ခွင့်နည်းပါးကြပါတယ်။ အိန္ဒိယ ကောင်စစ်ဝန်ချုပ်က မန္တလေးပန်းချီအနုပညာရှင်တွေရဲ့ လက် ရာတွေကို ကမ္ဘာအနှံ့မှာ ဖော်ပြနိုင်အောင် ရည်ရွယ်ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်။ "အိန္ဒိယသံရုံးရှိတဲ့ နိုင်ငံပေါင်း ၉၀ ကျော်မှာ ဒီပန်းချီကားတွေကို ပြသနိုင် အောင် စီစဉ်သွားမှာဖြစ်ပါတယ်။ မန္တလေးအနုပညာရှင်တွေအတွက် အင်တာနက် ၀က်ဆိုက်ဒ်တစ်ခု တည် ဆောက်ပေးပြီး ပန်းချီပညာရှင်များရဲ့ ကိုယ်ရေးရာဇ၀င်များ၊ ပန်းချီလက်ရာ များကို ကမ္ဘာကသိအောင် ဆောင်ရွက် ပေးသွားဖို့လည်းရှိပါတယ်"ဟု မန္တလေး မြို့၊ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သရုပ်ပြပန်းချီရေးဆွဲခြင်း အခမ်း အနားတွင် မန္တလေးမြို့မှပန်းချီအနုပညာ ရှင်များဖြစ်သည့် မောင်ညိုပြာ၊ ကျော်ငွေ၊ ကိုကြီး၊ အင်ဂါဥုး၊ ညွန့်ဝေသစ်၊ လှထွန်း၊ ကျော်မိုးသာ၊ ဦးဇော်ဝင်း၊ ဇော်မင်းမြတ်၊ ဒေါ်ချိုချိုအောင်၊ မြင့်ထွန်း(မန္တလေး)၊ မင်းတန်ကျော်၊ ဆန်းထူး၊ ကိုကိုလွင်၊ ဘိုဘို ကိုဦး၊ နေဇော်၊ အောင်သန်း၊ စိုးအောင်၊ တင်မောင်အေး၊ ကောင်းဇော်တို့က မြန်မာ၊ အိန္ဒိယနှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်ကို ပေါ်လွင်စေသော ပန်းချီ ကားများကို ရေးဆွဲခဲ့ကြသည်။

"ဒီပွဲလေးဟာ ယဉ်ကျေးမှုဖလှယ်တဲ့ ပွဲလေးဖြစ်လို့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေပေါ်လွင်စေတဲ့ အကြောင်း အရာကို ရွေးချယ်ဆွဲ ကြပါတယ်။ ကျွန်တော်က မြန်မာ့ရှုခင်းပုံ ကိုရေးဆွဲပါတယ်။ "အိန္ဒိယ ကောင်စစ်ဝန်ချုပ်က မန္တလေးပန်းချီ အနုပညာရှင်တွေရဲ့ လက် ရာတွေကို နိုင်ငံတကာမှာ ပြသနိုင်ပြီး ကမ္ဘာက သိအောင်ဒီပွဲလေး ကိုကျင်းပပေးလို့ ၀မ်းသာဂုဏ်ယူမိ ပါတယ်။ ကိုယ် ရေးဆွဲလိုက်တဲ့ ပန်းချီကားလေးဟာ နိုင်ငံ ကိုယ်စားပြုရေးဆွဲရတာဖြစ်လို့ အားရ ကျေနပ်မိပါတယ်"ဟု ပါဝင်ရေးဆွဲသူ မြင့်ထွန်း(မန္တလေး)က ပြောသည်။

အိန္ဒိယနိုင်ငံယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အကျင့်စရိုက်နှင့် ထင်ရှားသည့်နေရာ ဒေသများနှင့် သက်ဆိုင်သောအကြောင်း အရာများကို ရေးဆွဲရာတွင် အထောက် အကူဖြစ်စေရန် အိန္ဒိယကောင်စစ်ဝန် ချုပ်ရုံးမှ စာအုပ်စာတမ်းများကိုပံ့ပိုးပေး ခဲ့သည်။

ယခုရေးဆွဲထားသော အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးပန်းချီကား ၂၀ ကို မန္တလေးမြို့၊ သီရိဝစ္ဆခန်းမတွင်လည်း ခင်းကျင်း ပြသမည် ဖြစ်ပြီး ပန်းချီအနု ပညာရှင်များ၏ ကိုယ်ရေးအကျဉ်းနှင့် ရေးဆွဲသည့်ပုံများကို စာအုပ်အဖြစ်လည်း ထုတ်ဝေမည်ဖြစ်သည်။