ဆိုက်ရောက် ဗီဇာ လျှောက်ထားရာတွင် လိုအပ်ချက်မပြည့်စုံ သဖြင့် ကြန့်ကြာမှုများရှိနေ

ယုယုမော်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ဆိုက်ရောက်ဗီဇာဖြင့် ရောက်လာ သော ခရီးသည်များတွင် အချက်အလက်များ စုံလင်စွာ မပါရှိသည့်အတွက် ကြန့်ကြာမှုများရှိနေသည်ဟု လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်ကြီးအောင်သီဟ က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

"ဆိုက်ရောက်ဗီဇာလျှောက်ပြီးလာတဲ့ သူတွေက ကုမ္ပဏီက ဖိတ်ခေါ်စာ (compay inviatation letter) ပြရမယ့်အပြင် ကုမ္ပဏီ မှတ်ပုံတင် (company rege-stration letter) ပါပြဖို့ လိုအပ်ပါတယ်။ အခုဆို ခရီးသည်တော်တော်များများက မှတ်ပုံတင်စာမပါတော့ လေဆိပ်အ၀င် မှာ တော်တော်အလုပ်ရှုပ်ပြီး အချိန်မကြာ သင့်ပဲ ကြာနေတာပေါ့" ဟု ဗိုလ်ကြီး အောင်သီဟက ပြောသည်။

ဆိုက်ရောက်ဗီဇာကို ယခုနှစ်ဇွန်လ ၁ ရက်နေ့ နိုင်ငံ ၂၇ နိုင်ငံသို့ ထုတ်ပေးခဲ့ ပြီး ထပ်မံ၍ နိုင်ငံသုံးနိုင်ငံကို တိုးချဲ့ထုတ် ပေးခဲ့သည်။ ထိုအချိန်မှစ၍ လေးလ အတွင်း ဆိုက်ရောက်ဗီဇာဖြင့် လာရောက် သည့်သူများထဲမှ ၈၀ ရာခိုင်နှုန်းမှာ အချက်အလက်မစုံလင်ကြောင်း ၎င်းက ပြောသည်။

"ခရီးသည်တွေက အပြင်ပန်းကြည့် ရင်တော့ ဒီစနစ်က အချိန်ပေးရတယ်လို့ ပြောမယ်။ ဒါပေမယ့် လူတစ်ယောက်ကို စစ်ဆေးရင် ပျမ်းမျှအချိန် ၅၀ စက္ကန့်ကနေ တစ်မိနစ်အတွင်းပဲ အချိန်ပေးရပါတယ်။ အဓိက ကြန့်ကြာမှုဖြစ်တယ်ဆိုတာက အချက်အလက် မစုံလို့ပါ" ဟု ၎င်းက ပြောသည်။

"အခုလို ကုမ္ပဏီ registration စာ ပါမလာရင် အဲဒီလူကို ၀င်ခွင့်ပေးလို့ မရပါဘူး။ ဒီစာပြနိုင်မှ ဧည့်သည်ဟာ black List ဖြစ်နေ သလား။ အခွန်မဆောင်ရသေး ဘူးလားဆိုတာ သိနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ဧည့်သည်ကိုခေါ်တဲ့ ကုမ္ပဏီကို အကြောင်းကြားပြီး အဲဒီစာကို ဖက်စ်ပြန်ထိုးခိုင်းပါတယ်။ ဒါကျွန်တော် တို့ဘက်က အတတ်နိုင်ဆုံး၊ အဆင်အပြေ ဆုံးဖြစ်အောင် လုပ်ပေးထားပါတယ်" ဟု ဗိုလ်ကြီးအောင်သီဟက ပြောသည်။

"တချို့ခရီးသည်တွေဆို အချက် အလက် အပြည့်အစုံ ပါပါတယ်။ အဓိက က ခရီးသည်တွေ ဗီဇာလျှောက်ထားတဲ့ နေရာမှာ လိုအပ် ချက်တွေ သေချာ မကြည့်လို့ပဲဖြစ်မှာပါ။ ဗီဇာလျှောက်ရ မယ့်နေရာမှာပါဝင်ရမယ့် အချက်အလက် ကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက်မှာ ဖော်ပြ ပေးထားပါတယ်"ဟု ၎င်းက ပြောသည်။ ဆိုက်ရောက်ဗီဇာစနစ် အသုံးပြုပြီး စက်တင်ဘာအထိ မြန်မာနိုင်ငံသို့လာ ရောက် သည့် ဧည့်သည်ဦးရေမှာ ၄,၅၄၃ ဦး ရှိသည်။

၎င်းဧည့်သည်များထဲတွင် စင်ကာပူနိုင်ငံသား အများဆုံးဖြစ်ပြီး အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် အမေ ရိကန်တို့မှလည်း အဆိုပါစနစ်ကို အသုံး ပြု၍ လာရောက်မှုများသည်။ "မြန်မာနိုင်ငံကို နိုင်ငံတကာက လာရောက်မှုမှာ အဆင်ပြေလွယ်ကူစေ တဲ့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များများလာစေချင်တဲ့အတွက် ဒီစနစ်ကို အသုံးပြုရတာပါ။ ဒါကြောင့် အခုလောလောဆယ် စီးပွားရေးဗီဇာတွေကိုပဲ ဆိုက်ရောက်ပေးထားသေးတာပါ" ဟု ဗိုလ်ကြီးအောင်သီဟက ပြောသည်။

လေဆိပ်ဆိုက်ရောက်နေရာတွင် လူဝင်မှုကြီးကြပ်ရေးကောင်တာကို ယခင် ၁၈ ကောင်တာရှိရာမှ ယခုလတွင် ၂၁ ခု အထိ တိုးချဲ့ ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် တစ်မိနစ်အတွင်း ပျမ်းမျှလူ ၂၁ ယောက်နှုန်းဖြင့် စစ်ဆေးနိုင်မည် ဖြစ်သည်။