ဟိုတယ်ဇုန်များ စတင်ဖော်ထုတ်ရန် ပြင်ဆင်နေ
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာ မှုနှင့်အတူ ခရီးသွားဒေသများတွင် ဟိုတယ်များ ပိုမိုတိုးချဲ့ တည်ဆောက်ရန် လိုအပ်လာရာ အင်းလေး၊ မန္တလေး၊ ပု ပ္ပား နှင့် ပုဂံညောင်ဦးဒေသများ၌ ဟိုတယ် ဇုန်သစ်များ ထပ်မံဖော်ထုတ်ရန် ဆောင် ရွက်နေကြပြီ ဖြစ်သည်။
ရှမ်းပြည်နယ်၊ အင်းလေးကန် အရှေ့တောင်ဘက်၊ ဖောင်တော်ဦးဘုရား အရှေ့ရှိသလဲဦးကျေးရွာအုပ်စု အင်းကြင်း ကုန်းကျေးရွာနှင့် ခေါင်းပါးကျေးရွာ ကြား သစ်တောပိုင်ကြိုးဝိုင်းနေရာကို ဟိုတယ်ဇုန်ဖော်ထုတ်ရန် သတ်မှတ် ထားသည်ဟု သစ်တောရေးရာဝန်ကြီး ဌာနလက်အောက်ရှိ အင်းလေးကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
"သစ်တောပိုင်ဧက ၂၂၆ ဧကကို ဟိုတယ်ဇုန်မြေနေရာအတွက် လျာထား ပြီး ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်မယ့် နေရာ၊ မြေအသုံးချမှုအနည်းဆုံးနေရာလည်းဖြစ်တဲ့ နေရာကို သေသေချာချာ ရွေးချယ်ထားပါတယ်။ နောက်ပြီး ဒီနေရာကနေ အင်းလေးကန်ရဲ့ သဘာဝအလှကို အပေါ်စီးကနေမြင် ရမယ့်အပြင် အလိုတော်ပြည့်ဘုရားနဲ့ ဖောင်တော်ဦးဘုရားတို့နဲ့လည်း တစ် လမ်းတည်း ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
မြေယာငှားရမ်းမှုအတွက် နှစ် ၃၀ စီမံ ကိန်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပေးသွား မည်ဖြစ်ပြီး အဆိုပါနေရာကို သစ်တော ကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်ခြင်းမရှိဘဲ ခွင့်ပြုသွားမည် ဖြစ်သည်။ "ဒီကိစ္စတွေက ဌာနတစ်ခုတည်းနဲ့ မပြီးပါဘူး။ သစ်တောဘက်ကတော့ အားလုံးချင့်ချိန် ပြီး ထိခိုက်မှုအနည်းဆုံး ဖြစ်မယ့် အဆင်ပြေတဲ့နေရာတစ်ခု ရွေး ချယ်ပေးခဲ့တာပါ။ မြေယာအတွက်တော့ သက်ဆိုင်ရာ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ တို့၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၀န်ကြီး ဌာနတို့က ညှိနှိုင်းလုပ်ဆောင်သွားကြမှာပါ" ဟု ၎င်းက ပြောကြားသည်။
တောင်ကြီး ဟိုတယ်ဇုန်မှ အတွင်းရေး မှူးဦးအောင်ကျော်မိုးကလည်း ဟိုတယ် ဇုန်အား တစ်နှစ်ခွဲအတွင်း အပြီးဆောက် လုပ်နိုင်ရန် လျာထားပြီး တည်ဆောက် မည့်ဟိုတယ်များမှာ အတန်းလွှာ အားလုံးတည်းခိုနိုင်သည့် ဟိုတယ်များ တည်ဆောက်ရန် လိုအပ်သည်ဟု သုံးသပ်ပြောကြားသည်။
"၂၀၁၃ ဆီးဂိမ်းအမီ ဟိုတယ်ဇုန် အပြီး တည်ဆောက်မယ်လို့တော့ မှန်းထားကြ ပါတယ်။ ဒီမှာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် စည်းမျဉ်း တွေတော့ မသတ်မှတ်ရသေး ပါဘူး။ ဒါပေမယ့် ဟိုတယ်တစ်လုံးကို အနည်းဆုံးငါးဧကယူဖို့ သတ်မှတ်ထားတယ်" ဟု ဦးအောင်ကျော်မိုးက ပြောသည်။
တောင်ကြီး၊ ကလော၊ ပင်းတယ၊ ညောင်ရွှေနှင့် လွိုင်ကော်စသည့် ဒေသ များပါဝင်သည့် တောင်ကြီးဟိုတယ်ဇုန်တွင် လိုင်စင်ရ ဟိုတယ်ပေါင်း ၉၅ လုံးသာ ရှိပြီး အခန်းပေါင်း ၂,၂၄၄ ရှိသည်။ "အရင်နှစ်ကတည်းက အင်းလေးကန် ညောင်ရွှေပတ်ဝန်းကျင်တွေမှာ ဟိုတယ် ဇုန်တည်ဆောက်ဖို့ မြေနေရာရှာပြီး တင်ပြခဲ့ပေမယ့် သစ်တောဌာနက မသင့် တော်လို့ ပယ်ခဲ့ပါတယ်။ အခုနေရာကတော့ သဘာဝပတ်ဝန်းကျင်အနေအထားရော တခြားအချက်တွေနဲ့ ကိုက်ညီတဲ့ အတွက် သစ်တောက ချထားပေးတာပါ" ဟု ဦးအောင်ကျော်မိုးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ နယ် ကူးတို့ဆိပ်ကျေးရွာအနီးတွင်လည်း ဧက ၅,၅၀၀ ကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ် ဖော်ဆောင်သွားရန် ခွင့်ပြုချက် ရရှိပြီးဖြစ်သည်ဟု မန္တလေးမြို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမြင့်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒီဟိုတယ်ဇုန်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေအတွက် ဒီနှစ်ကစပြီး လျှောက်လွှာ ခေါ်နေပါတယ်။ တစ်ဦးကို အနည်းဆုံး ငါးဧက လောက်တော့ ယူရမှာပါ။ ပြည်တွင်းကော ပြည်ပကပါ ဟိုတယ် တည်ဆောက်ဖို့အတွက် စိတ်ဝင်စားနေ ကြပါတယ်။ ဒီမြေတွေက ယာမြေတွေ ဖြစ်ပြီး စိုက်ပျိုးလို့ မကောင်းတဲ့ မြေတွေ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် ပုပ္ပားတောင်အနီးတွင်လည်း ဟိုတယ်ဇုန်တစ်ခုဖော်ထုတ်သွားရန် ရှိသည်ဟု သိရသည်။ "ပုပ္ပားတောင်အနီးမှာ ဟိုတယ်ဇုန် ဖော်ထုတ်ဖို့ပြောပေမယ့် ဘယ်နေရာလဲ ဆိုတာ မသိသေးပါဘူး။ လုပ်ဖို့တော့ ပြော ထားတာပဲ ရှိပါသေးတယ်" ဟု ပုဂံ-ညောင်ဦး ဟိုတယ်ဇုန်အတွင်းရေးမှူး ဦးဇော်ဝိတ်က ပြောကြားသည်။
ပုဂံ-ညောင်ဦးမြို့နယ် တူရွင်းတောင် အနီးတွင် ဟိုတယ်ဇုန်ဖော်ထုတ်ရန် အတွက် မြေနေရာအနေအထား ညှိနှိုင်း ဆောင်ရွက်လျက် ရှိနေသေးသည်ဟု ၎င်းက ပြောသည်။ "ပုဂံမှာလည်း ဟိုတယ်ဇုန်ဖော်ဖို့ ရှေ့နှစ် ကတည်းက စီစဉ်ထားပေမယ့် မြေနေရာ ပိုင်ဆိုင်မှု ကြောင့် ဖြစ်မလာသေးပါဘူး။
ဟိုတယ်ဝန်ကြီးဌာနနဲ့ ရှေးဟောင်း ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်း ညှိနှိုင်းနေဆဲပါ" ဟု ၎င်းက ဆိုသည်။ အဆိုပါဟိုတယ်ဇုန်များ စတင် လှုပ်ရှားအသက်ဝင်လာစေရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်း ဒေသကြီးတို့က ပူးပေါင်းဆောင်ရွက် သွားမှာ သာ အကောင်အထည်ဖော်နိုင် မည်ဖြစ်သည်ဟု ဟိုတယ်ဇုန်များမှ တာဝန်ရှိသူများက ပြောကြားသည်။
