ရန်ကုန်မြို့၌ တည်ဆောက်ဆဲနှင့်တိုးချဲ့နေသည့် ဟိုတယ်များ ၂၀၁၃ ခုနှစ်တွင် ပြီးစီးနိုင်မည်

ယုယုမော်
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

မကြာမီဖွင့်လှစ်ရန် စီစဉ်ထားသည့် စင်တာပွိုင့်ဟိုတယ်ကို တွေ့ရစဉ်။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)

၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့၌ တည်ဆောက်ဆဲနှင့် တိုးချဲ့နေသည့် နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့် ဟိုတယ် သုံးလုံးနှင့် ပြည်တွင်း ဟိုတယ်များမှ ဟိုတယ်အခန်း ၁,၆၇၀ ဖွင့်လှစ်ပြီးစီးနိုင် မည်ဟု မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

အဆိုပါနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုနှုန်းမှာ ကိုးသိန်းနီး ပါးဖြစ်လာမည်ဟု ခန့်မှန်းရပြီး အခန်း အရေအတွက်မှာ ၁,၆၆၀ ခန့် လို အပ်လာ မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ် တွင် တိုးမြင့်လာမည့် ဟိုတယ်အခန်း အရေအတွက်နှင့် လောက်ငနိုင်မည် ဟု ခန့်မှန်းထားကြောင်း သိရသည်။

"ရန်ကုန်မှာ လာမယ့် ၂၀၁၃ အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ် တွေကော ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဟိုတယ်တွေပါ အခန်းတွေတိုးချဲ့ဖို့၊ ပြန်လည်ဖွင့်လှစ် ဖို့ရှိပါတယ်။ ရှန်ဂရီလာအုပ်စုကလည်း အခန်း ၂၄၀ ကို လာမယ့် ၂၀၁၃ မှာဖွင့် ဖို့လျာထားပါတယ်။ န၀ရတ်ဟိုတယ်၊ ရို့စ် ဂါးဒင်းဟိုတယ်၊ စင်တာပွိုင့် ဟိုတယ်၊ စီဒိုးနားဟိုတယ်နဲ့ တခြား ပြည်တွင်း ဟိုတယ်တွေ အခန်းတိုးချဲ့ဖို့၊ ပြန်ဖွင့်ဖို့ တွေ ၂၀၁၃ မှာ ရှိတယ်" ဟု ဦးအောင် ဇော်ဝင်းက ပြောသည်။

ရန်ကုန်မြို့၊ ကန်တော်ကြီးအနီး သိမ်ဖြူ လမ်းမပေါ်ရှိ အဆောက်အအုံ နှစ်ခု (Twin tower) ကို ရှန်ဂရီလာအုပ်စုက လာမည့် ၂၀၁၃ ခုနှစ်တွင် ဖွင့်နိုင်ရန် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေသည်ဟု အဆိုပါအုပ်စုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဈေးကွက်ရဲ့တောင်းဆိုမှုအရ ဒီတာဝါ ကို ပြန်လည်ပြင်ဆင် ဖွင့်လှစ်ပါ မယ်။ ဒီစီမံကိန်းက အာရှဈေးကွက် စီးပွားရေး အခြေအနေတွေကြောင့် ၁၀ နှစ်ကျော် ကြာ ကြန့်ကြာနေခဲ့ရတယ်။ အခုတော့ စီမံကိန်းပြန်စနေပါတယ်" ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့၌ လက်ရှိအခြေအနေ အရ ဟိုတယ် ၁၉၅ လုံးနှင့် အခန်းပေါင်း ၈,၃၅၆ ခန်းရှိသည်။ ထို့ပြင် မြန်မာနိုင်ငံသို့ ဟိုတယ် လုပ်ငန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာမှ လာရောက်တွေ့ဆုံညှိနှိုင်းရာ လုပ်ငန်း အတွက် မြေယာတောင်းဆိုမှုမှာ ဧက ၁၀၀ မှ ၅၀၀ အထိရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။

"ရန်ကုန်မှာလည်း ဟိုတယ်ဇုန် မြေနေရာထပ်ဖော်ဖို့၊ ဟိုတယ်တွေ ရင်းနှီး မြှုပ်နှံဖို့အတွက် မြေနေရာရှာတဲ့ နေရာ မှာ ၁၀ ဧက ဒါမှမဟုတ် ငါးဧကပဲ ပေးတတ် ပါတယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ လာရောက် တွေ့ဆုံညှိနှိုင်းတဲ့အခါ ဧက ၁၀၀ စီ တောင်းကြပါတယ်။ ပုံမှန်ဟိုတယ် ဆောက်မယ်ဆိုရင် ၁၀ ဧက ငါးဧက လောက်ဆို လုံလောက်ပါတယ်။ ဒါပေမယ့် သူတို့က ဧက ၁၀၀ တောင်းတယ် ဆိုတာ ကလည်း ဒီဝင်းထဲမှာ Man Made တွေ လုပ်မယ်။

လည်စရာပတ်စရာတွေဖြစ် တဲ့ စူပါမားကက်တွေ၊ ညဈေးတွေကို ဖော်ထုတ်တည်ဆောက်ဖို့ ပါပဲ။ ဒါတွေ ကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ညှိနှိုင်းပြီး ကျွန်တော်တို့ ဘက်ကကူညီပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ပါ။ တချို့ တွေဆိုရင် ဧကလေးငါးရာတောင်းပြီး ကိုယ့်ဘာသာကိုယ် ဇုန်အကြီးကြီး ဖော်ထုတ်မယ်ဆိုတဲ့တောင်းဆိုချက်တွေ တောင် ရှိပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေကလည်း ဟိုတယ်များထပ်မံရင်းနှီးမြှုပ်နှံတည်ဆောက်ရန် အချက်သုံးချက်ကို ထည့်သွင်းစဉ်းစား သင့်ကြောင်း ပြောကြားသည်။

"၂၀၁၁ မှာ ရန်ကုန်ကို လေးသိန်းဝင် ရင် ၂၀၁၂ မှာ ရန်ကုန်ကို ခြောက်သိန်းဝင် မယ်။ နောက် ၂၀၁၃ ကျရင် ကိုးသိန်း လောက် ၀င်မယ်လို့ ပျမ်းမျှတွက်ရင် ရှိတဲ့ ဟိုတယ်အခန်းအရေအတွက်နဲ့ ၂၀၁၃ မှာ မလောက်နိုင်တော့ဘူး။ ဒါကြောင့် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းမှာ လာ ရောက်ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်တယ်။ အဲဒီလို ရင်နှီး မြှုပ်နှံတဲ့နေရာမှာ လက်ရှိ ရန်ကုန်မှာ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားထက် အများကြီး လိုအပ်လာပါမယ်။

ဒုတိယ အချက်အနေနဲ့ ရေပေးဝေရေးအပြင် တတိယအနေနဲ့ပြောရရင် တိုင်းရင်းသား ပိုင်လုပ်ငန်းတွေကိုလည်း ဦးစားပေး စဉ်းစား စေလိုပါတယ်။ ဟိုတယ် တည်ဆောက်တဲ့ နေရာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ကြယ်ငါးပွင့် အဆင့်ဟိုတယ်တွေ တည်ထောင် မြှုပ်နှံ နိုင်တာကိုလည်းကူညီရင်း တိုင်းရင်းသား ပိုင်လုပ်ငန်းတွေကိုလည်း မြှင့်တင်ဖို့ပါပဲ" ဟု ၎င်းက သုံးသပ်ပြောကြားသည်။

"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ဧက ၁၀၀ လောက်တောင်းတယ်ဆိုရင် အဲဒီမြေ ကိုပေးနိုင်ဖို့အတွက် ကျွန်တော်တို့မှာ လယ်မြေတွေပဲ ရှိတယ်။ အားလုံးသိတဲ့ အတိုင်း လယ်တွေကိုသိမ်းရပြီဆိုရင် ပြဿနာရှိပါတယ်။ မြေတွေဝယ်ရင်း၊ မြေ ၀ယ်မယ်လို့အသံကြားတာနဲ့ ဈေးတွေ တက်လာတာ ဒလတို့၊ ကြည့်မြင်တိုင်တို့ မှာ ဖြစ်ပြီးပါပြီ။ ဒါကြောင့် ဘာပဲလုပ်လုပ် စဉ်းစားချင့်ချိန်လုပ်ဖို့ မေတ္တာရပ်ခံပါ တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ ဒါတွေကို တာဝန်ခံပြီး စည်း ဝေးဖို့ လိုပါတယ်။

မြေ၀ယ်မယ့်သူတွေကို လည်း မတန်တဆမပေး ရအောင်၊ ရောင်း မယ့်လယ်တွေကလည်း ထိုက်သင့်တဲ့ ဈေးရအောင် သင့်တင့်တဲ့ ဈေးနှုန်းဖြစ် လာဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ကြားခံပြီး ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ မြို့ထဲက စက်မှု (၁) ၀န်ကြီး ဌာနရုံးဟောင်းဆိုရင် ၁၈ ဧကလောက် ရှိပါတယ်။ ဒါပေမယ့် ဟိုတယ်တွေ ဆောက်တဲ့အတွက် ရန်ကုန်မှာ အလုပ် အကိုင် ပိုမိုရရှိလာမှာဖြစ်ပြီး လူနေမှု အဆင့် ပိုမိုမြင့်မားလာမှာပါ။ ဒါကြောင့် တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက် ပေးသွားပါမယ်" ဟု ဦးမြင့်ဆွေက ပြော သည်။

ဟိုတယ်အခန်းများတိုးလာသည်နှင့် တစ်ပြိုင်နက် ရေမီးလိုအပ်ချက် များစွာ လိုအပ်လာမည်ဖြစ်သည်။ အခန်းတစ် ခန်းလျှင် ပျမ်းမျှ တစ်နေ့တာ ရေဂါလန် ၅၀ လိုအပ်သဖြင့် အခန်း ၁၀၀ တိုးချဲ့ပါက ရေဂါလန် ၅,၀၀၀ လိုမည် ဖြစ်သည်။

"ဒီတွက်ချက်မှုမှာ တကယ့်ဟိုတယ် ကြီးတွေက အခန်းရေလိုအပ်ချက်မဟုတ် သေးပါဘူး။ ပျမ်းမျှအခြေခံအဆင့် ရေ လိုအပ်ချက်ဖြစ် ပါတယ်" ဟု ဦးအောင် ဇော်ဝင်းက ပြောသည်။

လက်ရှိတွင် နိုင်ငံခြားနှင့်ဖက်စပ် ဟိုတယ် ၂၆ ခု၊ ပြည်တွင်းပုဂ္ဂလိကပိုင် ဟိုတယ် ၇၃၁ ခု၊ နိုင်ငံပိုင်ဟိုတယ်ခြောက် ခု၊ စုစုပေါင်း ၇၆၃ ခု ရှိပြီး နိုင်ငံခြားနှင့် ဖက်စပ်ဟိုတယ်များတွင် အိပ်ခန်းပေါင်း ၄,၁၅၄ ခန်း၊ ပြည်တွင်း ပုဂ္ဂလိကပိုင် ဟိုတယ်များတွင် ၂၂,၄၄၂ ခန်း၊ နိုင်ငံ ပိုင်ဟိုတယ်များတွင် အခန်းပေါင်း ၁၁၉ ခန်း၊ စုစုပေါင်း ၂၆,၆၉၅ ခန်း ရှိသည်။

ခရီးသည်ဝင်ရောက်မှုမှာ တစ်သန်း မပြည့်သေးသည့်အတွက် တစ်နိုင်ငံလုံး အခန်းအရေအတွက်အရ တည်းခိုရန် လုံလောက်မှုရှိသင့် သော်လည်း အဓိက ခရီးသွားဝင်ပေါက်ဖြစ်သည့် ရန်ကုန် တိုင်းဒေသကြီး၌ ဟိုတယ်နှင့်တည်းခို ခန်း ပေါင်း ၁၉၅ လုံးရှိပြီး အိပ်ခန်း အား ဖြင့် ၈,၃၅၆ ခန်းသာ ရှိသည်။

ပြည်တွင်းပုဂ္ဂလိကပိုင်ဟိုတယ်များ မှာ မန္တလေးတိုင်း၌ အများဆုံးရှိပြီး ရန်ကုန်တိုင်း၌ ဒုတိယအများဆုံးဖြစ်သည်။

နိုင်ငံခြားဟိုတယ်များနှင့် ဖက်စပ် ဟိုတယ်များမှာ ရန်ကုန်မြို့တွင်း အများ ဆုံးရှိပြီး မန္တလေး၌ ဒုတိယအများဆုံးရှိသည်။