တစ်ပတ်စာ သင်၏ကံဇာတာ
၂၀၁၂ ဇန်န၀ါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -
အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ပလတ်စတစ်ပစ္စည်းများ အကျိုးအမြတ်ရရှိလိမ့်မည်။ အိုးအိမ်ခြံမြေကားကိစ္စများ လိုအင်ဆန္ဒများ ပြည့်ဝရပြီး ငွေကုန်ကြေးကျလည်း များလိမ့်မည်။ အစုစပ်လုပ်ငန်းများ စတင် ဆောင်ရွက်သင့်ချိန်ဖြစ်သည်။ လုပ်ဆောင်နေ သူများလည်း ယင်းအစုစပ်လုပ်ငန်းတို့မှ ရေရှည် အကျိုးစီးပွားများ တိုးတက်ရရှိလိမ့်မည်။ သစ်တောထွက်ပစ္စည်းများ၊ ပရိဘောဂများနှင့် ပတ်သက်၍ ယာယီအကျိုးပေးနေမည်။
ယတြာ - တနင်္လာထောင့်၌ နွားနို့ကပ်လှူပူဇော်ပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -
၂၇ ရက်၊ ၂၈ ရက်၊ ၃၀ ရက်တို့တွင် စောင့်မျှော်နေသည့် ရပ်ဝေးလုပ်ငန်းများ၊ အဆက်အသွယ်ကောင်းများ ရရှိလာမည်။ နေရေး ထိုင်ရေးကိစ္စများ အဆင်ပြေချောမွေ့သွားမည်။ မလိုအပ်ဘဲ သင်တန်းများ တက်ရောက် ခြင်းနှင့် သေချာစွာ တွက်ချက်ခြင်းမရှိဘဲ သင်တန်းများ ဖွင့်လှစ်ခြင်းတို့၌ ငွေကုန်ကြေးကျ များနေမည်ဖြစ်သည်။
ယတြာ - မွေးနံထောင့်၌ လျှပ်စစ်မီးပူဇော်ရန် အလှူငွေထည့်ပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -
ကံကောင်းသော ရက်များဖြစ် လိမ့်မည်။ ၀င်ငွေနှင့် အကျိုးအမြတ် တိုးပွားရန် ကြိုးပမ်းဆောင်ရွက်မှုများ အဆင်ပြေမည်။ ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စ ဆွေးနွေးညှိနှိုင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အောင်မြင်မှု ရလိမ့်မည်။ အတိတ်ဘ၀ကုသိုလ်ကံ ပိုမိုပွင့်လန်းနေပြီး အိပ်မက်ကောင်း၊ အတိတ် နိမိတ်ကောင်းများ တွေ့ကြုံမြင်မက်လိမ့်မည်။ ကျောက်မျက်နှင့် သယံဇာတရှာဖွေတူးဖော်မှု အထူးအောင်မြင်နိုင်သည်။
ယတြာ - အုန်းယိုပါသော မုန့်များ ကပ်လှူလောင်းလှူပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -
အစစအရာရာ လုပ်ငန်းကိုင်ငန်း တိုးတက်ပွင့်လန်းနေမည်ဖြစ်သည်။ စီမံခန့်ခွဲအုပ်ချုပ်မှုများ၊ စုပေါင်းဆောင်ရွက်မှု များ၊ ဥပဒေစည်းကမ်း ကျင့်သုံးလိုက်နာစေခြင်းများ၌ အထူးအောင်မြင်မှုရမည်။ ရတနာ ရှာဖွေလုပ်ဆောင်သူများအဖို့ ကျောက်အောင် နိုင်သည့် ကာလဖြစ်သည်။ အဓိက လုပ်ငန်းများ၌ ရာထူးအဆင့်တိုးမြှင့်ခံရတတ်သည်။
ယတြာ - ရာဟုထောင့်၌ ကြေးခေါင်းလောင်း၏ ညောင်ရွက်ကို ရွှေချ၍ လှူပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -
အကြံအစည်များ အကောင် အထည်ဖော်ဆောင်ရွက်ရန် အချိန်အခါမသင့်သေး။ ၂၇ ရက်၊ ၂၈ ရက်နှင့် ၁ ရက်၊ ၂ ရက်နေ့များ ငွေကြေးကိစ္စဆောင်ရွက်ရာ၌ အတန်အသင့် အောင်မြင်မှုရမည်။ ၃၀ ရက်နေ့ တွင်မူ ချေးငှားလက်လွန်ထားသော ငွေများ ပြန်လည်တောင်းခံရရှိနိုင်၏။ အကြံဉာဏ် ကောင်းများ ဆက်လက်ပေါ်ထွက်နေမည်ဖြစ်သည်။ လူကြီးမိဘဆရာသမားတို့ထံမှ အကူအညီ ရယူအကောင်အထည်ဖော်သင့်၏။
ယတြာ - မိခင်ဖြစ်သူအား နို့ထွက်ပစ္စည်းများဖြင့် ကန်တော့ပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -
၂၇ ရက်၊ ၂၈ ရက် နှင့် ၃၀ ရက်များ ကံပွင့်လန်းနေမည်ဖြစ်သည်။ ငွေကြေးကိစ္စများနှင့်ပတ်သက်၍ လိုအင် ဆန္ဒပြည့်ဝနိုင်သည်။ ငွေထည်ပစ္စည်းများ၊ ဆေးဆိုင်ဖွင့်လှစ်ခြင်း၊ ပန်းစိုက်ခြင်း၊ သစ်သီး ခြံစသည်တို့၌ လုပ်ငန်းတိုးချဲ့မှု အောင်မြင်မည်။ ပြိုင်ဆိုင်မှုများသော မည်သည့်လုပ်ငန်းမဆို အကျိုးကျေးဇူးများနိုင်ချိန်ဖြစ်သည်။
ယတြာ - တန်းဆွမ်းလောင်းလှူပေးပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -
လုပ်ပိုင်ခွင့် လိုင်စင်လျှောက်ထားရာ၌ အောင်မြင်မှုရလိမ့်မည်။ လုပ်ငန်းအတွက် ရေရှည်အကျိုးရှိမည့် ၀န်ထမ်းကောင်းများ ၀င်မည်။ မိမိ၏ မိဘဆရာသမား အထက်လူကြီးတို့၏ ကြည့်ရှု စောင့်ရှောက်မှုခံရမည်။ ဂုဏ်သိက္ခာတိုးပြီး ထင်ပေါ်ကျော် ကြားနိုင်သည့် ကာလဖြစ်သည်။ ထိုးထွင်းကြံစည်လုပ်ဆောင်ရာ၌ အများတကာထက် ပို၍အောင်မြင်မည်။
ယတြာ - ဆေးဝါးဓာတ်စာဒါနပြုပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -
ဆောက်လုပ် ရေး၊ ပို့ဆောင်ရေး၊ ကုန်သွယ်မှု မည်သည့်လုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ စိုးရိမ်သောက များနေရတတ်သည်။ သို့သော် ရေရှည်၌ အကျိုးစီးပွားဖြစ်ထွန်းနိုင်သည်။ အစုစပ်လုပ်ငန်းများ ဆောင်ရွက်ရာ၌ အကျိုးရှိတန်သလောက် ရှိလိမ့်မည်။ ၀င်ငွေမမျှော်လင့် ဘဲ တိုးတက်လာနိုင်သလို အကုန်အကျလည်း များနေလိမ့်မည်။
ယတြာ - စနေထောင့်၌ ရောင်စုံနှင်းဆီများ ပူဇော်ပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -
ကုသိုလ်ကံ အလျောက် ၀င်ငွေတိုးမည့် လုပ်ငန်းများ စတင်ဆောင်ရွက်ရတတ်သည်။ မိတ်ကောင်း ဆွေကောင်းများနှင့် ညီအစ်ကိုသားချင်းများထံမှ ကောင်းကျိုးများ ပေးနိုင်သည့် ကာလ ဖြစ်သည်။ အဆက်အသွယ်ကောင်းများလည်း တိုးပွားမည်။ လုပ်ငန်းကိုင်ငန်း၌ အထောက်အကူ များစွာရမည်။ ကျွမ်းကျင်ဝန်ထမ်းများ ထပ်မံခန့်အပ်နိုင်လိမ့်မည်။
ယတြာ - မိခင်ဖြစ်သူအား အင်္ကျီပိတ်စနှစ်စဖြင့် ကန်တော့ပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -
မည်သည့်လုပ်ငန်း မဆို တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်လိမ့်မည်။ လတ်တလော အမြတ်အစွန်းရော၊ ရေရှည်ကြီးပွား တိုးတက်မှုပါ ရနိုင်သည့် အချိန်ဖြစ်သည်။ အလုပ်အကိုင်များ အဆင်ပြေ၍ အောင်မြင်ကြီးပွားနိုင်သလို ပိုမိုကောင်းမွန်သည့် လုပ်ငန်းသစ်များလည်း ပေါ်ပေါက်လာ မည်။ လုပ်ငန်းတိုးချဲ့နိုင်မည်။ ရာထူး၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်တိုးတက်ရရှိမည်။
ယတြာ - တနင်္ဂနွေထောင့်၌ ရွှေသင်္ကန်းကပ်လှူပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -
အစုစပ်လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း မပြုသင့်။ လုပ်လက်စ ထိုသို့သော လုပ်ငန်းများမူ အခက်အခဲကြားမှ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်နိုင်မည်။ ကျန်းမာရေး သတိထားသင့် သလို ရန်သူမျိုးငါးပါးဘေးလည်း သတိထားရှောင်ကြဉ်ရမည့် ရက်များဖြစ်သည်။ အထူး သဖြင့် ရေလမ်းကုန်သွယ်မှု ဤတစ်ပတ်အတွင်း မစတင်သင့်။
ယတြာ - တနင်္လာထောင့်၌ ထောပတ်ဆွမ်းကပ်လှူပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -
ဆုံးရှုံးထားသည့် လုပ်ငန်းကိစ္စ များ ပြန်လည်အဖတ်ဆယ်နိုင်မည်။ နစ်နာဆုံးရှုံးမှုများ ပြီးဆုံး၍ ပျော်ရွှင် ချမ်းမြေ့ရသည့် အဖြစ်များကြုံမည်။ ရုတ်တရက်ကံကောင်းမှုများ တွေ့ကြုံနေမည်။ ရတနာနှင့် သယံဇာတ လုပ်ငန်းများတွင် အထူးကံကောင်း နိုင်သည်။ အရေးကြီးသည့် ငွေကြေးဆိုင်ရာ ကိစ္စများ ၃၀ ရက်နေ့တွင် ဆောင်ရွက်ပါက ပို၍အဆင်ပြေနိုင်သည်။
ယတြာ - မွေးနံထောင့်၌ ပလ္လင်တော်ကို ရွှေချပူဇော်ပါ။
