ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဂီလ်ဘတ်ဗိုလ်စွဲ

ကျော်ကျော်မင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

ကိုယ်ရေးအကျဉ်း
အမည် - ဖိလစ်ပီ ဂီလ်ဘတ်
ဇာတိ - ဘယ်လ်ဂျီယံ
မွေးသက္ကရာဇ် - ၅.၇.၈၂
အသင်း - BMC Racing Team
အရပ် - ၅ ပေ၊ ၁၀ လက်မ
ပရိုစ - ၂၀၀၃
ဆု -World Cycling Championship
အကွာအဝေး - ၂၆၇ ကီလိုမီတာ

ဟော်လန်နိုင်ငံတောင်ပိုင်းက အေးချမ်း လှပတဲ့ မြို့ငယ်လေး Valkenburg မှာ ကျင်းပပြီးစီးခဲ့တဲ့ Road World Championships စက်ဘီးစီးပြိုင်ပွဲဟာ အားကစားပရိသတ်တွေ အာရုံကျခဲ့တဲ့ ပြိုင်ပွဲတစ် ရပ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

နိုင်ငံတကာ စက်ဘီးယူနီယံ (UCI) က ကြီးမှူး ကျင်းပတဲ့ ဒီကမ္ဘာ့ချန်ပီ ယံရှစ်ပြိုင်ပွဲဟာ သက်တမ်းရှည်ပြိုင်ပွဲကြီး တစ်ရပ်ဖြစ်ပြီး ၁၉၂၇ က ဂျာမနီမြေ နုရင်ဘတ်မှာ စတင် ကျင်းပခဲ့တာမို့ အခုဆိုရင် နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိခဲ့ပြီပဲဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်အမြင့် ဆုံးစက်ဘီးပြိုင်ပွဲ နှစ်ရပ်ဖြစ်တဲ့ Tour de France နဲ့ Gizod' Italia တို့လိုပါပဲ။ ဒီကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲဟာ ခက်ခဲပင်ပန်း လှပြီး ပရော်ဖက်ရှင်နယ် စက်ဘီးသမားတိုင်းရဲ့ အိပ်မက်ခရီး စဉ်တစ် ခုပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင် ရရှိသူဟာ ဂုဏ်ထူးဆောင် ရိန်းဘိုး ဂျာစီ (Rainbow Jersey) ကို တစ်နှစ်တာ ဆင်းမြန်းခွင့် ရတာက လည်း ကမ္ဘာ့ ချန်ပီယံရှစ်ရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာ တစ်ရပ်ပါပဲ။

ကမ္ဘာ့ချန်ပီယံရှစ်စက်ဘီးပြိုင်ပွဲ သက်တမ်းတစ်လျှောက်မှာ နှစ်နှစ် ဆက် ဗိုလ်စွဲနိုင်ခဲ့သူ ချန်ပီယံက စုစုပေါင်း ငါးဦးတည်းသာရှိခဲ့ပြီး ယမန်နှစ်ချန် ပီယံ ဗြိတိန် စတား ကာဗင်ဒစ်ရှ်ဟာ သရဖူကို ဘယ်လ်ဂျီယံသားထံ လွှဲ ပေးခဲ့ရတာကလည်း ဘရပ်ဆဲလ်ပရိသတ်တွေအတွက် ဂုဏ်ယူကြည်နူး ပီတိဖြစ်စရာပဲပေါ့။

စုစုပေါင်း ၂၆၇ ကီလီမီတာ ရှည်လျား စီးနင်းရတဲ့ ဒီကမ္ဘာ့ချန်ပီယံရှစ်ပြိုင် ပွဲမှာ ဘယ်လ်ဂျီယံငွေကြယ်ပွင့်တွေဖြစ်တဲ့ ဗင်စတီဘာဂျင်၊ ဂျော့ခ်ျရွန်ဆီ နဲ့ ရစ်ဗင် လွိုင်းတို့ သုံးဦးက နှစ်ကြိမ်ဆက် ဗိုလ်စွဲ ခဲ့ဖူးတာမို့ ဒီကမ္ဘာ့ချန်ပီ ယံရှစ်ပြိုင်ပွဲဟာ ဘရပ်ဆဲလ်ဇာတိသားတွေနဲ့ လမိုင်းကပ် တဲ့ပွဲပါလို့ တချို့က တင်စားရေးဖွဲ့နေကြ ခြင်းပဲဖြစ်ပါတယ်။

Amstel Gold Race ပြိုင်ပွဲကို ၂၀၁၀ နဲ့ ၂၀၁၁ နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့သူ ဘယ်လ်ဂျီယံစတား ဂီလ်ဘတ် ဟာ အခု ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာရော နှစ်နှစ်ဆက်တိုက် ခြေစွမ်းပြနိုင်မလား ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

2012 World Cycling Championship စက်ဘီးပြိုင်ပွဲမှာ ဦးဆောင်ပန်းဝင် ဗိုလ်စွဲခဲ့သူ စက်ဘီးငွေကြယ်ပွင့် ဖိလစ်ပီ ဂီလ်ဘတ်(၃၀ နှစ်)ဟာ ပရော်ဖက်ရှင် နယ် စက်ဘီးကမ္ဘာကို ၂၀၀၃ မှာ စတင် ခြေချခဲ့သူဖြစ်ပြီး ၁၀ စုနှစ်တစ်နှစ်ကာလ အတောအတွင်းမှာပဲ အခုလို ကမ္ဘာ့ အဆင့်ပြိုင်ပွဲတစ်ရပ်မှာ ခြေစွမ်းခြေစ ပြသနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။

နော်ဝေး ချန်ပီယံ ဘွာဆန်ဟာဂင်က ဒုတိယ ငွေဆုရ ခဲ့ပြီး စပိန်စတား ဗဲလ်ဗာဒီက တတိယကြေး ဆုရရှိခဲ့ကာ ယမန်နှစ် ချန်ပီယံ ဗြိတိန်သား ကတော့ ခရီးစဉ် တစ်ဝက်မှာပဲ လက်လျှော့ သွားခဲ့တာ တွေ့ရပါတယ်။

ဟော်လန်ပြိုင်ပွဲ တစ် လျှောက် အကောင်းဆုံး စီးနင်းယှဉ်ပြိုင် ခဲ့ပြီး ကမ္ဘာ့ချန်ပီယံရှစ်ဆုပိုင်ဆိုင်ခွင့်ရခဲ့သူ ဘယ်လ်ဂျီယံဂုဏ်ဆောင် ဂီလ်ဘတ်က "မနှစ်ကတည်းက ဒီပြိုင်ပွဲမှာ ဦးဆောင် ပန်းဝင်နိုင်ဖို့ ကျွန်တော် အားထုတ်ခဲ့တာပါ။ ကျွန်တော့ဆန္ဒတွေ အခုမှပဲ အကောင်အထည်ပေါ်လာခဲ့တာပါ။ လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြတဲ့ ဟော်လန်ပရိသတ်တွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ဆက်လက် ပြီး တိုးဒီဖရန့်မှာ အောင်ပွဲခံနိုင်ဖို့ ကျွန်တော် ကြိုးစားအားထုတ်သွားပါမယ်" ဟု ၀မ်းမြောက် ကတိစကားဆိုခဲ့ပါတယ်။

တားမြစ်ဆေးဝါးသုံးစွဲမှုကြောင့် အားကစားနယ်ပယ်မှ နှစ်နှစ်တာ ပိတ်ပင် ခံခဲ့ရသော်လည်း အရှုံးမပေးစတမ်း စိတ်ဓာတ်ဖြင့် ပြန်လည် ယှဉ်ပြိုင်လာသူ ကြေးဆုရှင် စပိန်စက်ဘီးစတား ဗဲလ်ဗာဒီကလည်း ဂီလ်ဘတ်၏ အောင်ပွဲနဲ့ပတ်သက်ပြီး "ထိုက်တန်စွာ သူအနိုင်ရ သွားတာပါ။ ပွဲစဉ်တစ်လျှောက်လုံး ဘယ်လိုမှ သူ့ကို မယှဉ်သာခဲ့ပါဘူး။ တားမြစ်ဆေးအမည်းစက်ကို ကြေးဆုနဲ့ ချေဖျက်လိုက်နိုင်တာ ကိုပဲ ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ရွှေဆုရှင်ဖြစ် ဖို့ ဆက်လက်ကြိုးစားသွားပါမယ်"ဟု ဆိုခဲ့ပါတယ်။

လာမယ့်နှစ် ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကို စောင့်မျှော်ရင်း။