ဆီးဂိမ်းပြိုင်ပွဲအတွက် ဗန်တိုတံခွန်စိုက်ပြိုင်ပွဲများ ကျင်းပ
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

ဗန်တိုစွမ်းရည်ပြပြိုင်ပွဲအတွက် သရုပ်ပြကစားနေစဉ်။
ဓာတ်ပုံ - ကျော်ဇင်လှိုင်
အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တို့မှ ကြီးမှူး၍ (၂၇) ကြိမ်မြောက် ၂၀၁၃ ဆီးဂိမ်းအတွက် ရည်ရွယ်ကျင်းပသော ဗန်တိုတံ ခွန်စိုက်ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန် ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဗန်တိုသိုင်းပြိုင်ပွဲကို ၁၉၉၉ ခုနှစ်မှစတင်၍ နှစ်စဉ် ကျင်းပ ပြုလုပ်လျက်ရှိပြီး ယခု ၂၀၁၂ ခုနှစ်တွင် ပြုလုပ်သော ဗန်တို သိုင်းပြိုင်ပွဲသည်အထူးပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများစွာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါဗန်တိုပြိုင်ပွဲတွင် အသင်း ပေါင်း ၂၁ သင်းပါဝင်ပြီး အားကစား သမားပေါင်း ၂၈၀ ကျော်ပါဝင်ကြောင်း သိရသည်။
မြန်မာ့ရိုးရာဗန်တိုသိုင်းပညာ သည် ဗီယက်နမ်အားကစားဗိုဗီနမ်နှင့် ပုံစံဆင်တူသောကြောင့် ၂၀၁၃ ဆီးဂိမ်း တွင် ထည့်သွင်းကျင်းပပြီး ယခုပြိုင်ပွဲမှ ကစားသမားများကိုဝင်ရောက်ယှဉ်ပြိုင် စေမည်ဖြစ်သည်။
အထူးသဖြင့် ဗန်တိုအတိုက်ပုံစံနှင့် ဗိုဗီနမ်အတိုက်ပုံစံ အလွန်ဆင်တူပြီး အလှပြတွင်ပုံစံ အနည်းငယ်ကွဲသော်လည်း သူတို့နိုင်ငံမှ နည်း ပြများကိုဌားရမ်း အသုံးပြုမည် ဖြစ်သောကြောင့် မြန်မာအားကစား သမားများအတွက် အခက်အခဲမရှိနိုင် ကြောင်းသိရသည်။
ယခုဗန်တိုပြိုင်ပွဲမှ ထူးချွန်သောအမျိုးသား၊ အမျိုးသမီး ၅၀ ဦးကိုရွေးချယ်၍အောက်တိုဘာလကုန်မှစတင်ပြီး ဗီယက်နမ်နိုင်ငံမှနည်းပြ လေးဦးကို ငှားရမ်းကာ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပေးသွားမည်ဟု သိရသည်။
"ဗီယက်နမ်နိုင်ငံကသူတို့ရဲ့ ဗိုဗီနမ် အားကစားနည်းကို ၂၀၁၃ ဆီးဂိမ်းမှာ ထည့်သွင်းကျင်းပပေးဖို့ ကျွန်တော်တို့ကို အရင်ကမ်းလှမ်း လာပါတယ်။ နောက်ပြီး ဗိုဗီနမ်အားကစားကလည်း ကျွန်တော် တို့ ရိုးရာအားကစားဗန်တိုသိုင်းပညာနဲ့ အတော်ဆင်တူတာကြောင့် ကျွန်တော်တို့ကလက်ခံခဲ့ပါတယ်။ ၂၀၁၃ ဆီးဂိမ်းမှာဗိုဗီနမ်အားကစားနည်းကနေ ရွှေတံဆိပ်ငါးခုအထက်လောက်ရမယ်လို့ ကျွန်တော် တို့အနေနဲ့ မှန်းထားပါ တယ်"ဟု မြန်မာ့ဗန်တိုသိုင်းအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဗိုဗီနမ် အားကစားနည်းကို ယခု ၂၀၁၃ ဆီးဂိမ်းတွင် ပထမဆုံးအကြိမ်မြောက်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ် ခြင်းဖြစ် ကြောင်းသိရသည်။
ပြီးခဲ့သည့် (၂၆) ကြိမ်မြောက် ဆီးဂိမ်း၏ ဗိုဗီနမ် အားကစားနည်းတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအိုနှင့် အရှေ့တီမော နိုင်ငံများက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယခုအကြိမ်တွင် မြန်မာ၊ ဗီယက်နမ်၊ လာအို၊အရှေ့တီမောနှင့် အင်ဒိုနီးရှား နိုင်ငံများအပြင် စင်ကာပူနိုင်ငံ လည်း ပါဝင်လာနိုင်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက်ဆီးဂိမ်းတွင် ထည့်သွင်း မည့် ရိုးရာအားကစားနည်းများတွင် ယခုဗန်တိုသိုင်းကို အခြေခံသော ဗိုဗီနမ်နှင့် မြန်မာ့ရိုးရာသိုင်းတို့ ပါဝင်မည်ဟု သိရသည်။
