ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပညာရေးတို့အတွက် စက်ဘီးခရီးဖြင့် စကားလက်ဆောင်ပါးသူ
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

ဆိုရပ်ဒါဟားကို ကြိုဆိုသူ မြန်မာပြည်သူများနှင့်အတူ တွေ့ရစဉ်။
နီပေါနိုင်ငံသား ကမ္ဘာလှည့် စက်ဘီး သမား ဆိုရပ်ဒါဟားသည် ဇူလိုင် လ ၂၉ ရက်တွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိပြီး၊ မြန်မာ့မြေသို့ ရောက် လျှင် ရောက်ချင်းလေဆိပ်မှ သူ၏တည်းခိုခန်း ရှိရာသို့ စက်ဘီးခရီးစဉ် ကို စတင်တော့သည်မြန်မာနိုင်ငံသို့ ရောက်ရှိခြင်းသည် ဒါဟား၏ နိုင်ငံ ပေါင်း ၅၀ မြောက် ခရီးစဉ် ဖြစ်ပြီး နိုင်ငံပေါင်း ၂၀၅ နိုင်ငံပြည့် မြောက် ရန် စက်ဘီးစီးခရီးထွက်မည်ဟု သူက သန္နိဋ္ဌာန်ချထားသည်။
"ကမ္ဘာလောကကြီးဟာတစ်ခုတည်းဖြစ်တယ်။ အဲဒီကမ္ဘာကြီးမှာနေထိုင် သူ တွေအားလုံးဟာလည်း တစ်မိသားစုတည်းပဲ။ ကျွန်တော်တို့အား လုံး တစ်မိုးအောက်တည်းမှာ နေထိုင်ကြတာ မဟုတ်လား"ဟု ဒါဟား က သူ၏ မြန်မာ ပြည်ခရီးစဉ်ကို ယခုကဲ့သို့ ခေါင်းစဉ် တပ်လိုက်သည်။
ဆိုရပ် ဒါဟားသည် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ စက်ဘီးစီးခရီး လှည့် လည် ခြင်းဖြင့် ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပညာရေးကဏ္ဍ သုံးရပ်အတွက်ပညာပေးလှုံဆော်ရန် ရည်ရွယ် ချက်ထားရှိသည်။
ကျောင်းသား ကျောင်းသူများနှင့် သတင်းဌာနများကို တွေ့ဆုံခြင်း၊ သူသယ်ဆောင်လာသည့် သတင်းကောင်းကို ပြည်သူများလက် ၀ယ် ရောက်ရှိအောင် ဆောင်ရွက်သည်။
"စက်ဘီးတွေ များများအသုံးပြုလာတဲ့ အခါ လေထုညစ်ညမ်းမှုလည်းမရှိဘူး။ လမ်းပိတ်ဆို့တာလည်း မဖြစ်ဘူး။ လောင်စာချွေတာရာ လည်း ရောက်တယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်"ဟု ဒါဟားက ဆိုသည်။ ဥရောပနိုင်ငံကြီးများတွင် စက်ဘီးစီးသူဦးရေ မှာ အရှေ့တောင်အာရှဒေသ ထက် ပိုမိုများပြားကြောင်း ဒါဟားက ထောက်ပြသည်။
"ဂျာမနီမှာဆို လူဦးရေ သန်း ၆၀ မှာ ၁၈ သန်းက စက်ဘီးပိုင်ဆိုင်တယ်။ နယ်သာလန်ဝန်ကြီးချုပ်ဆို သူ့ရုံးကို နေ့တိုင်း စက်ဘီးစီးပြီး သွားတယ်။ဥရောပနိုင်ငံတော်တော်များနဲ့ အာရှ ဘက်က ဂျပန်တို့၊ ကိုရီးယားနိုင်ငံတို့မှာ စက်ဘီးအတွက် သီးသန့်လမ်းကလေး တွေ ရှိပေမယ့် မြန်မာပြည်မှာ စက်ဘီး လမ်းမရှိဘူး။ စက်ဘီးချည်းပဲ သွားရမယ့် သီးသန့် လမ်းကလေးတွေ ထားရှိသင့် တယ်"ဟု ၎င်းက ပြောသည်။
၂၀၀၆ ခုနှစ် ဒါဟား ကိုးတန်း ကျောင်းသားအရွယ်တွင် ဖရက်ဒရစ် အမည်ရှိ ဂျာမန်စက်ဘီးသမားတစ်ဦး ရောက်ရှိလာပြီး ဒါဟားတို့ ကျောင်းတွင် မိမိ၏အတွေ့အကြုံများကို ပြန်ပြောင်း ပြောရာမှ ကမ္ဘာပတ် စက်ဘီးစီးထွက်ရန် လှုံ့ဆော်မှုများရရှိခဲ့သည်ဟု ဒါဟားက ဆိုသည်။ ခြောက်နှစ်တာ ခရီးစဉ်အတွင်း နိုင်ငံပေါင်း ၄၉ နိုင်ငံသို့ ခရီးထွက်ခဲ့ပြီးဖြစ်ပြီး မြန်မာပြည်မှာ ဒါဟား၏ ၅၀ မြောက် နိုင်ငံဖြစ် သည်။
အသက် ၂၃ နှစ် အရွယ်ရှိ ဆိုရပ် ဒါဟားသည် မိမိနိုင်ငံအလံနှင့် ဒေသခံ နိုင်ငံ၏အလံကို ကိုယ်တွင် အမြဲရစ်ပတ် ကာ အမေရိကန်လုပ် Track တံဆိပ် စက်ဘီး စီးနင်းရင်း အကြိမ် ၂၀၀ တိုင်တိုင် ရဲစခန်းတွင် ညအိပ်ခဲ့ရသည်။
ဗီယက်နမ်၊ တရုတ်နှင့် အိန္ဒိယပြည်တို့တွင် စက်ဘီး ပျောက်ရှခဲ့ပြီး ယခုစက်ဘီးမှာ ဒါဟား၏ စတုတ္ထမြောက် စက်ဘီးဖြစ်သည်။ တစ်ခါ တရံတွင် အထောက်အပံ့ ရိက္ခာ များများမရှိဘဲ ရက်ရှည်ခရီးသွားရသည် လည်းရှိသည်။
တစ်ခါက ဂျာမနီတွင် ဒါဟား၏ အိတ်ကပ်တွင် ၈၀ ဆင့်တည်းဖြင့် ကီလိုမီတာ ခြောက်သောင်း ရှစ်ထောင်ကို ခရီးနှင်ခဲ့သည်။ ထို့ထက် ဆိုးသည့် အခြေအနေက တရုတ်ပြည်တွင် ဖြစ်သည်။ လူနေအိမ်ခြေ မရှိသည့် တောအုပ်ကို ဖြတ်သန်းသည့် အဝေးပြေး ကားလမ်း ပေါ် စက်ဘီးစီးရ ခြင်းသည် ဒါဟားအတွက် အလွန် မသက်သာသော အလုပ်ဖြစ်သည်။
လူနေ အိမ်ခြေမရှိ စားသောက်ဆိုင် မရှိသော ယူနန်တောတောင် ဒေသကို သုံးရက်ကြာ ဖြတ်သန်းရစဉ် အတော အတွင်း အဝေးပြေး ဘတ်စ်ကားများ ပေါ်မှ ပစ်ချထားသည့် လိမ္မော်အခွံဖြင့် သာ အသက်ဆက်ရေးအတွက် ရပ်တည် ခဲ့သည်။ ထို့ပြင် ယဉ်ကျေးမှုမတူခြင်း ကြောင့် နားလည်မှု လွဲခြင်းများကိုလည်း ဒါဟား ကြုံတွေ့ရသည်။
"နီပေါမှာဆိုရင် အိမ်သာ ဘယ်မှာလဲ လို့ မေးချင်ရင် လက်သန်းလေး ထောင်ပြ လိုက်တယ်။ တရုတ်ပြည်မှာတော့ လက်သန်းလေး ထောင်ပြလိုက်ရင် တရုတ်တွေက လ္ဘက်ရည်တောင်း သောက်တယ်လို့ မှတ်ယူတယ်။ အဲဒီလိုပဲ ဒေသခံတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဘာသာစကားအခက်အခဲ အမြဲကြုံရ တတ်ပါတယ်"ဟု ပြောသည်။
ဒါဟားသည် ရန်ကုန်မှ မန္တလေးသို့ စက်ဘီးဖြင့် ခရီးထွက်ခဲ့သည်။ မြန်မာ နိုင်ငံ၏ အခြေခံပညာသင်ရိုးတွင် ကျောင်းစာသင်ကြားမှုသာ ပါဝင်ပြီး အားကစားလေ့ကျင့်သင်ကြားမှုများ မပါဝင်သည့်အတွက် ဒါဟားက မြန်မာကျောင်းသားများ အားကစားတစ်ခုခုကို ပုံမှန်လုပ် သင့်ကြောင်း တိုက်တွန်း မှာ ကြားသည်။
မိဘနှင့် ကျောင်းဆရာများ ကလည်း ကျောင်းသား ကျောင်းသူများ ကို အားပေးသင့်ကြောင်းပြောသည်။
