မြန်မာ-စင်ကာပူ ခြေစမ်းပွဲ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက် နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ့လက်ရွေး စင်အသင်းနှင့် စင်ကာပူလက်ရွေးစင် အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
မြန်မာအသင်းတွင် အဓိကတိုက်စစ် မှူးနှစ်ဦးဖြစ်သည့် ရန်ပိုင်နှင့် ကျော်ကိုကို တို့ မပါဝင်နိုင်ခဲ့ဘဲ ကောင်းစည်သူနှင့် ကျော်ဇေယျာဝင်းကို ရှေ့တန်းတွင် ထား၍ ကစားသွားခဲ့သည်။
ကွင်းလယ် တွင်မူ ဒေးဗစ်ထန်၊ ပိုင်စိုး၊ ရန်အောင် ကျော်နှင့် မင်းမင်းသူတို့လေးယောက်ကို ထားကစားခဲ့ပြီး ၄-၄-၂ ပုံစံဖြင့် ပွဲထွက်ခဲ့ သည်။
စင်ကာပူအသင်းကလည်း အတွေ့အကြုံရင့် ကစားသမားများနှင့် လူသစ်များကို ပေါင်းစပ်ကာ မြန်မာ အသင်းကိုရင် ဆိုင်ခဲ့သည်။ ပထမပိုင်း တွင် နှစ်သင်းစလုံး ဂိုးရရှိရန် ကြိုးစားခဲ့ သော်လည်း အပိုင်အသုံးမချနိုင်ခြင်း၊ နောက်ခံလူများနှင့် ဂိုးသမားများ ကာကွယ်ဖျက်ထုတ်မှု ကောင်းနေသဖြင့် ဂိုးမရရှိခဲ့ကြပေ။
ကက်ရှ်မီးယား၏ ကန် သွင်းချက်များကို သီဟစည်သူ ကာ ကွယ်နိုင်ခဲ့သလို၊ ပထမပိုင်းပြီးခါနီး ဒေးဗစ်ထန်၏ အပိုင်ကန်ချက် လွဲချော် ချက်တွေကြောင်း ဂိုးမရရှိခဲ့တာလည်း ဖြစ်သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးရရှိ ဖို့အတွက် ဖွင့်ကစားခဲ့ကြပြီး စင်ကာပူ အသင်းက အခွင့်အရေး ပိုရရှိခဲ့သည်။
ပွဲချိန် ၅၃ မိနစ်တွင် မြန်မာအသင်း ဂိုးရှေ့သို့ ကျလာသည့် ဘောလုံးကို မြန်မာနောက်ခံလူ ဖျက်ထုတ်မှုလျော့ရဲ ခဲ့သည့်အတွက် စင်ကာပူမှရရှိသွားပြီး ဂိုးရှေ့ပြန်တင်ပေးသည့် ဘောလုံးကို ကက်ရှ်မီးယားက အပိုင်ပိတ်သွင်းနိုင် သည့်အတွက် စင်ကာပူတို့ အဖွင့်ဂိုး စတင်ရရှိသွားသည်။
မြန်မာအသင်း အနေနှင့် ကစားသမားများ လူစားလဲ ပြီး ချေပဂိုးရရန် ကြိုးစားခဲ့သော်လည်း အရာမရောက်ဖြစ်နေခဲ့သည်။
စင်ကာပူ အသင်းကသာ ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့သည်။ မိနစ် ၇၀ ကျော်တွင် ကျော်ဇေယျာဝင်းအစား ရာဇာဝင်းသိန်း ၀င်လာမှသာ မြန်မာအသင်းကစားကွက် အနည်းငယ်လှုပ်လာခဲ့သည်။
၇၉ မိနစ် တွင်တော့ မြန်မာအသင်းအတွက် အဖိုးတန်ချေပဂိုး ပြန်လည်ရရှိခဲ့သည်။ ထိုဂိုးကို ဘယ်ခြမ်းမှ ဖြတ်တင်ပေးခဲ့ပြီး ဒေးဗစ်ထန်က မြေမကျဘော ကန်သွင်း ခဲ့ခြင်းဖြစ်သည်။
ချေပဂိုးရပြီးနောက် မြန်မာအသင်း ကစားကွက် ပိုကောင်း လာခဲ့သော်လည်း နောက်ထပ်အနိုင်ဂိုး မရရှိတော့ဘဲ သရေရလဒ်သာ ထွက်ပေါ် ခဲ့သည်။ ထိုနေ့ပွဲတွင် နှစ်ဖက်အသင်း အကြိတ်အနယ်ကစားခဲ့ကြသည့် အတွက် ပွဲကြမ်းသလိုဖြစ်ခဲ့ပြီး စင်ကာပူ အသင်းမှ နောက်ခံလူတစ်ဦး နှစ်ဝါ တစ်နီဖြင့် အထုတ်ခံခဲ့ရသည်။
