ယူရိုသန်း ၇၅၀ ကျော် ဆုကြေးပေးတဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ

အောင်မိုးဇော်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

၂၀၁၁-၁၂ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်း။

၂၀၁၂-၁၃ ဘောလုံးရာသီ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၈ ရက်နေ့မှာ စတင်ကျင်းပတော့မှာဖြစ်ပါ တယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး တော့ စပိန်လာလီဂါ၊ ပရီမီယာလိဂ်၊ ဘွန်ဒက်စ်လီဂါနဲ့ စီးရီးအေတို့က မဟာအင်အားကြီးအသင်းတွေပဲ ဗိုလ်လုပွဲကစားကြရပေမယ့် ၃၂ သင်း ပါဝင်တဲ့ အုပ်စုအဆင့်ကစလို့ ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပါတယ်။

မနှစ်တုန်းက ဆိုရင် မဟာအင်အားကြီး မန်ယူဟာ အုပ်စုအဆင့်ကပဲ ထွက်လိုက်ရတဲ့ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရတာက ပြိုင်ဆိုင်မှု ပြန်ထန်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပါ တယ်။

မနှစ်က အုပ်စုကပဲ ထွက်ခဲ့ရလို့ မန်ယူဟာ ယူရို သန်း ၂၀ လောက် နစ်နာသွားရတဲ့အဖြစ်နဲ့လည်း ကြုံတွေ့ သွားခဲ့ပါတယ်။

ဆိုက်ပရက်စ်နိုင်ငံက အသင်းလေး Apoel နီကိုရှားဟာ ကွာတားဖိုင်နယ်အထိ တက်ရောက်လာ ခဲ့တဲ့အတွက်လည်း လေးစားချီးကျူးစရာ ဖြစ်ခဲ့သလို Apoel ရဲ့ ဘဏ္ဍာရေး အခြေအနေဟာလည်း ချန်ပီယံလိဂ် ပြိုင်ပွဲကြောင့် ပိုကောင်းသွားခဲ့ပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းနဲ့အတူ ငွေရေး ကြေးရေးအရပါ တိုးတက်ပြောင်းလဲခြင်း တွေဖြစ်စေလို့ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ စွဲလမ်းစရာဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

မနှစ်က ဥရောပဘောလုံးအဖွဲ့ချုပ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုကြေးအဖြစ် ခွဲဝေပေးခဲ့တဲ့ပမာဏက ယူရို ၇၅၄ ဒသမ ၁ သန်းရှိခဲ့ပါတယ်။

ဒါဟာ Football Business ရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာ ဆုကြေးအမျိုးအစား ရှစ်မျိုးပေးပြီး ပြိုင်ပွဲဝင် ၃၂ သင်းကို ပေးခဲ့တာပဲဖြစ်ပါ တယ်။ မနှစ်က ချန်ပီယံဖြစ်တဲ့ ချယ်လ်ဆီး ဟာ ချန်ပီယံဆုကြေးသက်သက် တစ်ခု တည်းတင် ပေါင်ကိုးသန်းရခဲ့ပြီး ဆုကြေး အဆင့်ဆင့်ကနေ ရတဲ့ငွေကြေးပမာဏ က ယူရို ၅၉ ဒသမ ၉၃၅ သန်းအထိ ချယ်လ်ဆီးရရှိသွားခဲ့ပါတယ်။

အုပ်စု ၃၂ သင်း ၀င်ခွင့်ရသွားရင်ပဲ အရင်ဆုံး အသင်းတစ်သင်းဟာ ယူရို ၇ ဒသမ ၂ သန်းရရှိနေပြီဖြစ်ပါတယ်။ အဲဒီတော့ မိမိလိဂ်ပြိုင်ပွဲတစ်ခုမှာ ရာသီအကုန် အမှတ်ပေးဇယားမှာ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရသွားပြီဆိုတာနဲ့ အသင်းတစ်သင်းဟာ ယူရို ၇ ဒသမ ၂ သန်းကို ဥရောပဘောလုံးအဖွဲ့ချုပ်ထံမှ ရရှိသွားပြီဆိုတဲ့ သဘောပဲဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရ ဘောနပ် ယူရို ၃ ဒသမ ၉ သန်းနဲ့ အုပ်စုခြောက်ပွဲကစား ရတဲ့ ကစားကြေး ၃ ဒသမ ၃ သန်း၊ စုစုပေါင်း ၇ ဒသမ ၂ သန်းကို ရရှိတာ ပါ။ ပြီးရင် ပွဲတစ်ပွဲကစားလို့ နိုင်ရင် ပေါင် ရှစ်သိန်း၊ သရေကျရင် လေးသိန်းလည်း တစ်သင်းချင်းစီကို ပေးပါသေးတယ်။ မနှစ်တုန်းကဆိုရင် ရီးယဲလ်မက်ဒရစ် ဟာ အုပ်စုခြောက်ပွဲစလုံးကို အနိုင်ရတဲ့ အတွက် (၈ သိန်းx၆)=၄၈ သိန်း ရရှိ သွားခဲ့ပါတယ်။

ဒါကြောင့် ရီးယဲလ် မက်ဒရစ်ဟာ အုပ်စုခြောက်ပွဲအပြီးမှာ တင် ချန်ပီယံလိဂ်ကနေ (၇ ဒသမ ၂ သန်း+ ၄ ဒသမ ၈ သန်း) ယူရို ၁၂ သန်းရရှိသွားခဲ့ ပါတယ်။ ဗီလာရီးယဲလ်နဲ့ ဒိုင်နမိုဇာဂရက် တို့ဆိုရင် အုပ်စုခြောက်ပွဲစလုံးရှုံးနိမ့်ခဲ့လို့ အဲဒီဆုကြေးမရဘဲ ယူရို ၇ ဒသမ ၂ သန်း သာ ရရှိခဲ့ပါတယ်။ ပြီးရင် ရုပ်သံထုတ်လွှင့် ပြသနိုင်မှု အနေအထားကနေပေးတဲ့ Market-Pool ဆုကြေးကို ထပ်မံပေးခဲ့ ပြန်ပါတယ်။

Market-Pool ကတော့ အသင်းကြီးဝေစုပိုရတဲ့ ဆုကြေးဖြစ်ပါ တယ်။ Market-Pool က အားပေး ထောက်ခံတဲ့ရုပ်သံကြည့် ပရိသတ် အနည်းအများအပေါ်မှာ မူတည်သွား ခဲ့ပါတယ်။

မနှစ်က ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိရောက်ခဲ့တဲ့ ချယ်လ်ဆီး ဟာ Market-Pool ကနေ ယူရို သန်း ၃၀ ရခဲ့ပြီး ဗိုလ်လုပွဲရောက် ဘိုင်ယန် မြူးနစ်က ယူရို သန်း ၁၄ ဒသမ ၈၃၀ သာရရှိသွားခဲ့ပါတယ်။

ချယ်လ်ဆီး ပရိသတ်နဲ့ ဘိုင်ယန်ပရိသတ်ကွာခြားမှု ကို မြင်တွေ့ရတဲ့ အနေအထားပဲဖြစ်ပါ တယ်။ အုပ်စုကနေထွက်ရတဲ့ မန်ယူဟာ Market-Pool ကနေ ယူရို ၂၅ ဒသမ ၁၈၃ သန်းတောင်ရခဲ့ပါတယ်။ မန်ယူအနေနဲ့ ချယ်လ်ဆီးလိုသာ ဗိုလ်လုပွဲရောက်ခဲ့မယ် ဆိုရင် ချယ်လ်ဆီးအခုရခဲ့တဲ့ ယူရို သန်း ၃၀ ထက်ကို ကျော်ပြီးရသွားနိုင်မှာ သေချာပါတယ်။

မန်ယူရဲ့ပွဲတွေကို ရုပ်သံကြည့်ပရိသတ် အများအပြားရှိ တယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါ တယ်။ ဆီမီးဖိုင်နယ်အထိရောက်ခဲ့တဲ့ ရီးယဲလ်၊ ဘာစီလိုနာဟာ မန်ယူလောက် မရခဲ့ပါဘူး။ ရီးယဲလ်က ၁၅ ဒသမ ၉၃၄ သန်း၊ ဘာစီလိုနာက သန်း ၁၈ ဒသမ ၄၅၀ သာ ရရှိခဲ့ပါတယ်။ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ဟာ Oversea Fan မှာ မန်ယူလောက်မရှိဘူးဆိုတာကို တွေ့ရ တဲ့အနေအထားပဲဖြစ်ပါတယ်။

မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲပြီးတော့ ချယ်လ်ဆီးဟာ ယူရို ၅၉ ဒသမ ၉၃၅ သန်း၊ ဘိုင်ယန်မြူးနစ်က ၄၁ ဒသမ ၇၃၀ သန်း၊ ဘာစီလိုနာက ၄၀ ဒသမ ၅၅၀ သန်း၊ အေစီမီလန်က ၃၉ ဒသမ ၈၆၄ သန်း၊ ရီးယဲလ်က ၃၈ ဒသမ ၄၃၄ သန်း၊ မန်ယူ ၃၅ ဒသမ ၁၈၂ သန်း၊ အင်တာမီလန်က ၃၁ ဒသမ ၅၆၉ သန်း၊ တို့ ဆုကြေးအများဆုံးရရှိသွားခဲ့ကြပါ တယ်။

ဒိုင်နမိုဇာဂရက်၊ ဘာတီ၊ ပလာဇန် တို့လို အသင်းလေးတွေက အုပ်စုအဆင့် က ထွက်ရသလို Market-Pool မှာ လည်း ဈေးကွက်မ၀င်လို့ သူတို့ဟာ ယူရို ၁၀ သန်း ပြည့်အောင်တောင် မရခဲ့ကြ တာကိုတွေ့ရပါတယ်။ Apoel အသင်း လေးဟာ ကွာတားဖိုင်နယ်ရောက်ခဲ့ပြီး ဆိုက်ပရပ်စ်ပရိသတ်ကြောင့် ထင်ပါ တယ်။ Market-Pool မှာ ၁ ဒသမ ၇၆၂ သန်း ရခဲ့ပြီး စုစုပေါင်း ဆုကြေး ၁၈ ဒသမ ၀၆၂ သန်းရရှိသွားခဲ့ပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ်ရောက်ပြီဆိုရင် ဥရောပရဲ့ အသင်းကြီးတွေဟာ အပြိုင်အဆိုင်ရှိခဲ့ ကြပြီး ဥရောပဘောလုံးအဖွဲ့ချုပ်က ပေးတဲ့ စနစ်တကျရှိတဲ့ မက်လုံး ဆုကြေးအောက်မှာ အကောင်းဆုံး ကစားနေခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဥရောပရဲ့ ထိပ်တန်း အသင်းကြီးတွေဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရေးအတွက် သူတို့လိဂ်တွေမှာ အာရုံ စိုက်ကစားနေတာပဲဖြစ်ပါတယ်။

ချန်ပီ ယံလိဂ်ဝင်ခွင့်ရသွားပြီဆိုရင် ချန်ပီယံ လိဂ်ကနေ အနည်းဆုံး ယူရို ၂၅ သန်း လောက်ရကြတာဆိုတော့ တစ်ရာသီလုံး အသုံးစရိတ်အတွက်တော့ အထောက် အပံ့ဖြစ်စေဖွယ်ရှိနေခဲ့ပါတယ်။ မနှစ် တုန်းက ချန်ပီယံလိဂ်ကနေ ယူရို ၃၁ ဒသမ ၅ သန်းကျော်ရခဲ့တဲ့ အင်တာဟာ ဒီနှစ်မှာ ၀င်ခွင့်မရတဲ့အတွက် ယူရို သန်း ၃၀ ကျော် နစ်နာသွားခဲ့ရပြီဖြစ်ပါတယ်။

ဒီနှစ်မှာ စီးရီးအေက ဂျူဗင်တပ်နဲ့ အေစီ မီလန် နှစ်သင်းသာရှိခဲ့ပြီး ဂျူဗင်တပ်ဟာ ချယ်လ်ဆီး၊ ရှက်တာဒိုးနက်၊ နော်ဂျေး လန်းတို့နဲ့ကျနေလို့ ဂျူဗင်တပ်ဟာ ရုန်းကန်ကစားရဖွယ်ရှိနေပါတယ်။

ချယ်လ်ဆီးနဲ့ ရှက်တာဒိုးနက် နောက် တစ်ဆင့်ကျော်သွားနိုင်ပါတယ်။ အေစီ မီလန်က ဇင်းနစ်၊ မာလာဂါ၊ အန်းဒါး လက်တို့နဲ့တွေ့လို့ အုပ်စုချောင်ပါတယ်။ အေစီမီလန်နဲ့ ဇင်းနစ် နောက်တစ်ဆင့် တက်နိုင်ပြီး အေစီမီလန်ဟာ မနှစ်က ယူရို ၃၉ ဒသမ ၆၈၄ သန်းရသလိုမျိုး ရလာဖွယ်ရှိနေပါတယ်။

ပရီမီယာလိဂ်က မန်ယူဟာ ဂါလာ တာစာရေး၊ ဘရာဂါ၊ ကလုခ်ျတို့နဲ့တွေ့ နေပြီး မနှစ်ကလိုမျိုး မဖြစ်နိုင်တော့ပါ ဘူး။ နောက်တစ်ဆင့်တက်မှာ သေချာ ပြီး ဘရာဂါနဲ့ ဂါလာတာစာရေး အပြိုင် လုကြပါလိမ့်မယ်။ မန်ယူဟာ မနှစ်က ယူရို ၃၅ သန်းကျော်ရခဲ့ပေမယ့် ဒီနှစ် မှာ အဲဒါထက်ပိုရဖွယ်ရှိနေပါတယ်။

အာဆင်နယ်က ရှော်လ်ကေး၊ အိုလံပီ ယာကော့စ်၊ မောင့်ပဲလီယာတို့နဲ့တွေ့နေ ပါတယ်။ အာဆင်နယ်နဲ့ ရှော်လ်ကေး နောက်တစ်ဆင့်တက်နိုင်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကနေ ယူရို ၂၈ ဒသမ ၂၂၃ သန်းကျော်ရခဲ့ပါတယ်။ မန်စီးတီးကတော့ ရီးယဲလ်မက်ဒရစ်၊ ဒေါ့မွန်၊ အေဂျက်တို့နဲ့ တွေ့နေလို့ ရုန်းကန်ရပါလိမ့်မယ်။

ရီးယဲလ်မက်ဒရစ် က နောက်တစ်ဆင့်တက်မှာ သေချာ ပေမယ့် မန်စီးတီးက ဒေါ့မွန်နဲ့ လုရဖွယ် ရှိနေပါတယ်။ မန်စီးတီးဟာ မနှစ်က ယူရို ၂၆ ဒသမ ၅၂၅ သန်းရခဲ့ပြီး ဒေါ့မွန် ကလည်း ၂၅ ဒသမ ၃၁၆ သန်း ရခဲ့ပါ တယ်။ နာမည်ကြီး ဘာစီလိုနာက စပါးတပ် မော်စကို၊ ဘင်ဖီကာ၊ ဆဲလ်တစ်တို့နဲ့ တွေ့နေပြီး ဘာကာနောက်တစ်ဆင့် တက်မှာသေချာပေမယ့် ဘင်ဖီကာနဲ့ စပါးတပ်မော်စကို အပြိုင်လုရမယ်ထင် ပါတယ်။

ဘင်ဖီကာဟာ မနှစ်က ကွာတား ဖိုင်နယ်အထိရောက်ခဲ့ပါတယ်။ စပါး တပ်မော်စကိုက ဒီနှစ်မှာ ငွေပိုသုံးထား ပါတယ်။ ပဲရစ်စိန့်ဂျာမိန်း၊ ဒိုင်နမိုကိဗ်၊ ဒိုင်နမိုဇာဂရက်တို့နဲ့အတူကျနေပါတယ်။ မနှစ်ကလည်း ပေါ်တိုဟာ အုပ်စုကပဲ ထွက်ရသလို ဒီနှစ်လည်း ထွက်နိုင်ပါ တယ်။ ပဲရစ်စိန့်ဂျာမိန်းနဲ့ ဒိုင်နမိုကိဗ်တို့ နောက်တစ်ဆင့်တက်နိုင်ပါတယ်။

မနှစ် က ဗိုလ်လုပွဲရောက်တဲ့ ဘိုင်ယန်မြူးနစ်က ဗလင်စီယာ၊ လိုင်လီ၊ ဘာတီတို့နဲ့ကျနေ ကာ ဘိုင်ယန်နဲ့အတူ ဗလင်စီယာပဲ နောက်တစ်ဆင့်တက်သွားဖွယ်ရှိနေပါ တယ်။ ချန်ပီယံလိဂ်ဘောလုံးစီးပွားရေး လုပ်ငန်းကြီးက ပိုမိုကြီးထွားလာဖွယ်ရှိတဲ့ ပြိုင်ပွဲလို့ ယူဆနေမိပါရဲ့...။