၇၆ နှစ်ကြာ ဝေးကွာနေခဲ့ရသည့် ယူအက်စ်အိုးပင်း မာရေး ပြန်လည်ရယူ

ကျော်ကျော်မင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

အင်ဒီမာရေး

Arthur Ashe Stadium မှာ ကျင်းပ ပြီးစီးခဲ့တဲ့ ဂန္ထ၀င်ဂရင်းဆလမ် ယူအက်စ် အိုးပင်း အမျိုးသားတစ်ဦးချင်းတင်းနစ် ပြိုင်ပွဲကတော့ ကမ္ဘာ့အားကစားပရိသတ် ကို ငါးနာရီနီးပါး မျက်တောင်မခတ် စတမ်း ဖမ်းစားနိုင်ခဲ့သလို အင်္ဂလန် ပရိသတ်တွေ၊ စကော့တလန်ပရိသတ် တွေ နှစ်ရှည်လများ စောင့်စားခဲ့ရတဲ့ ရွှေရောင်အိပ်မက်တစ်ခုဟာ ပူပူနွေးနွေး ကမ္ဘာ့အဆင့်(၃)အင်ဒီမာရေးရဲ့ လက်စွမ်းပြကြိုးစားအား ထုတ်မှုနဲ့အတူ ၀င့်ဝင့်ထည်ထည်၊ လှလှပပ ရုပ်လုံးပေါ် ခဲ့ရပြီပဲဖြစ်ပါ တယ်။

ယူအက်စ်အိုးပင်းမစတင်မီကတည်း က ဆီဒင်ပေးခံထားရသူ Top 3 ထဲမှာ ဆွစ်ဇာလန်သား ဖက်ဒါးရား၊ လက်ရှိ ချန်ပီယံဂျိုကိုဗစ်ရှ်နဲ့ အိုလံပစ်ရွှေတံဆိပ် ဆုရှင် အင်ဒီမာရေးတို့ ပါဝင်ခဲ့ကြသလို အခု နောက်ဆုံးဗိုလ်လုပွဲကိုလည်း ထိပ်တန်းဆီဒင်ရသူနှစ်ဦးဖြစ်တဲ့ ဂျိုကို ဗစ်ရှ်နဲ့ အင်ဒီမာရေးတို့ တက်လှမ်း လာနိုင်ခဲ့တာတွေ့ရပါတယ်။

၁၉၄၉ နောက်ပိုင်းကာလတွေမှာ ယူအက်စ် အိုးပင်းဆုဖလားကို နှစ်နှစ်ဆက်တိုက် ဘယ်တင်းနစ်အကျော်အမော်မှ ရယူ နိုင်ခဲ့သေးခြင်း မရှိသေးတဲ့ အစဉ်အလာ ဟာလည်း ဆက်လက်တည်ရှိသွားခဲ့ပြီး ၂၀၁၁ ချန်ပီယံဂျိုကိုဗစ်ရှ်ဟာ သရဖူကို စကော့တလန်သား မာရေးထံ လက်လွှဲ ပေးခဲ့ရတာကလည်း တင်းနစ်ကမ္ဘာမှာ ပြောမဆုံးပေါင်ဖြစ်နေ တဲံ့သအွှသစငခ တစ်ခုပဲပေါ့။

၁၉၃၆ ယူအက်စ်အိုးပင်းမှာ အင်္ဂလန် စတား ဖရက်ပယ်ရီ ဗိုလ်စွဲပြီး နောက်မှာ ဗြိတိန်ငွေကြယ်ပွင့်တွေ တစ်ဦးတစ် ယောက်မှ သရဖူ ဆောင်းခွင့်မရခဲ့တာကို အခု ၂၀၁၂ မှာတော့ အင်ဒီမာရေးက အဆုံးသတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

ခေတ်ပြိုင်တင်းနစ်စူပါစတားဖြစ်တဲ့ ဂျိုကိုဗစ်ရှ်နဲ့ မာရေးတို့ဟာ ဟိုးချာတိတ် အရွယ် အသက် ၁၁ နှစ်သားကတည်းက လက်ရည်စမ်းပွဲ တွေ အလီလီနွှဲခဲ့ကြသူ တွေဖြစ်ပြီး စကော့တလန်သားရဲ့ ဂရင်း ဆလမ်အိပ်မက်ဟာ အခု ယူအက်စ် အိုးပင်းကျမှပဲ ပြည့်ဝအကောင် အထည် ပေါ်ခဲ့တာလို့ ဆိုရဦးမှာဖြစ်ပါတယ်။

ယူအက်စ်အိုးပင်းပြိုင်ပွဲ သမိုင်း တစ်လျှောက်မှာ အချိန်အကြာဆုံး ယှဉ်ပြိုင်ခဲ့ရတဲ့ ဂန္ထ၀င်မြောက်ပွဲအဖြစ် ကမ္ပည်းတင်ခဲ့တဲ့ ၂၀၁၂ ပြိုင်ပွဲမှာ ပြိုင်ဘက်နှစ်ဦးဟာ ပွဲကစားချိန် စုစု ပေါင်း ၄ နာရီ၊ ၅၄ မိနစ် ယှဉ်ပြိုင်ခဲ့ရ ပြီး ဂလပ်စကိုသား မာရေးက ၇-၆(၁၀)၊ ၇-၅၊ ၂-၆၊ ၃-၆၊ ၆-၂ နဲ့ ယမန်နှစ် ချန်ပီယံ ဂျိုကိုဗစ်ရှ်ထံမှ သရဖူကို လက်လွှဲပိုင်ဆိုင်ခွင့်ရခဲ့ခြင်းပဲဖြစ်ပါ တယ်။

လက်ရှိကမ္ဘာ့အဆင့်(၃)အင်ဒီမာရေး ဟာ ပြိုင်ပွဲသက်တမ်းတစ်လျှောက် ဆုကြေး စုစုပေါင်း ဒေါ်လာ ၂၃ သန်း ကျော် ပိုင်ဆိုင်ထား ပေမယ့် ဂရင်းဆလမ် ဆုဖလားအနေနဲ့ကတော့ အခု ပူပူ နွေးနွေး လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ယူအက်စ်အိုးပင်းဆုဖလားတစ်လုံးပဲ ရှိထားသေးသူ အင်္ဂလန်ဂုဏ်ဆောင် အားကစားငွေကြယ်ပွင့်တစ်ပွင့်ပါပဲ။ ဂရိတ်ဗြိတိန်အတွက် လန်ဒန်အိုလံပစ် မှာ ရွှေတံဆိပ်ရယူ ပေးခဲ့သူ ညာသန် တင်းနစ်စတားရဲ့ အောင်ပွဲကို စကော့ တလန်ဂုရုနှစ်ဦးဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်နဲ့ ဆာရှောင်ကွန်နရီတို့က လည်း ကိုယ်တိုင်ကိုယ်ကျလာရောက် အားပေးခဲ့တာတွေ့ရသလို အဲလိဇဘတ် (၂)ဘုရင်မကြီးရဲ့ နန်းသက်စိန်ရတု သဘင်ကို ဂုဏ်ပြုထင်ဟပ်ခဲ့တဲ့ဖြစ်ရပ် လို့လည်း အင်္ဂလန်မီဒီယာတွေက ကောင်းချီးပေးနေကြပါတယ်။

ယမန်နှစ် ချန်ပီယံ ကမ္ဘာ့အဆင့်(၂)ဂျိုကိုဗစ်ရှ်က "ဒီအောင်ပွဲဟာ မာရေးနဲ့တကယ့်ကိုပဲ ထိုက်တန်ပါတယ်။ ကျွန်တော်အကောင်း ဆုံးယှဉ်ပြိုင်အားထုတ်ခဲ့ပါတယ်။ အကြို ဗိုလ်လုပွဲက အရှိန်ရယ်၊ ရာသီဥတု အခြေအနေရယ်၊ မာရေးရဲ့ ပါးနပ်မှု တွေရယ်ကို မကျော် လွှားနိုင်ခဲ့တာ ၀န်ခံ ပါတယ်။ ချန်ပီယံဆုဖလားဟာ ထိုက် တန်သူလက်ဝယ်ပဲ ရှိသင့်ပါတယ်။

ခေတ်ပြိုင်မိတ်ဆွေကောင်းတစ်ယောက် အတွက် ဂုဏ်ယူပါတယ်"လို့ ရင်ဖွင့် စကားဆိုခဲ့ပါတယ်။ ဆုကြေးဒေါ်လာ ၁ ဒသမ ၉ သန်းနဲ့ ယူအက်စ်အိုးပင်းချန်ပီယံဆုဖလား ပိုင်ရှင် မာရေးရဲ့ပရိသတ်တွေ အင်္ဂလန် ပရိသတ်တွေအတွက်လည်း ဒီပြိုင်ပွဲဟာ ထာဝရအမှတ် တရရှိနေဦးမယ့် ပုံရိပ် တစ်ခုပါပဲ။

ကြီးလေးကြီး ဂရင်းဆလမ် ပြိုင်ပွဲလေးခုစလုံးမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒုတိယလူ အဖြစ်နဲ့သာ ကျေနပ်ခဲ့ရသူ ဂလပ်စကိုသားဟာ အခု ၂၀၁၂ မှာတော့ သူ အနှစ်နှစ်အလလ တောင့်တခဲ့ရတဲ့ ဂရင်းဆလမ်ဆုဖလားကို ပိုင်ဆိုင်ထွေး ပွေ့ခွင့်ရခဲ့ပြီ ပဲဖြစ်ပါတယ်။

ချန်ပီယံဆု ရယူအပြီးမှာ တင်းနစ်စတား မာရေးက "ရင်ထဲကခံစားချက်ကို လောလောဆယ် ဘယ်လိုထုတ်ပြောရမလဲ မသိဘူးဖြစ်နေ ပါတယ်။ စိတ်သက်သာရာရသွားသလို ပင့်သက်လည်း အခုမှပဲ ချနိုင်ပါတော့ တယ်။ ဘ၀မှာပထမဦးဆုံး နမ်းရှိုက်ခွင့် ရတဲ့ ဂရင်းဆလင်းဆုဖလားဖြစ်တာမို့ အတိုင်းမသိကြည်နူးပီတိဖြစ်ရပါတယ်။ ကျန်ရှိနေသေးတဲ့ ဂရင်းဆလမ်ဆုဖလား သုံးလုံးကို ပိုင်ဆိုင်ခွင့်ရဖို့ ကျွန်တော် ဆက်လက်ကြိုးစားသွားမှာပါ"လို့ ၀မ်းမြောက်စကားဆို သွားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဂရင်းဆလမ် ချန်ပီယံများစာရင်းမှာ စကော့တလန် သား မာရေးအမည် ပါဝင်ခွင့်ရခဲ့ပြီမို့ လာမယ့်ရာသီ ဂရင်း ဆလမ်ပြိုင်ပွဲတွေ ကတော့ အင်္ဂလန်ပရိသတ်တွေအတွက် မျှော်လင့်ခြင်းကောင်းကင်တွေပါပဲလို့ တင်စားရဦးမှာပဲပေါ့။