တတိယအကြိမ်မြောက် Japan Cup တံခွန်စိုက် ကရာတေးဒိုပြိုင်ပွဲကျင်းပ
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
မြန်မာနိုင်ငံ၊ ကရာတေးဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့ ပူးပေါင်းစီစဉ်၍ ဂျပန်ကုန်သည်ကြီးများ အသင်း (ရန်ကုန်) (JCCY)၏ ပံ့ပိုးမှုဖြင့် ၂၀၁၂ ခုနှစ် 3rd Japan Cup တံခွန်စိုက် ကရာတေးပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်န၀ါရီ လ ၁၉ ရက်နှင့် ၂၀ ရက်များက ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း မိုးလုံ၊ လေလုံအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့ သည်။
ပြိုင်ပွဲတွင် အခြေခံပညာအဆင့် အငယ်တန်းပြိုင်ပွဲများအပြင်၊အကြီးတန်း ပြိုင်ပွဲများကိုလည်း ကျင်းပခဲ့သည်။
အငယ်တန်းပြိုင်ပွဲများတွင် တစ်ဦးချင်း (ခတ)ပြိုင်ပွဲများကိုသာကျင်းပခဲ့ပြီး၊ အကြီးတန်းပြိုင်ပွဲများတွင် (ခတ)နှင့် (ကုမိတဲ့) ပြိုင်ပွဲ နှစ်မျိုးစလုံးကို ကျင်းပခဲ့ကြသည်။
အကြီးတန်းအမျိုးသမီး(ခတ) ပြိုင်ပွဲ များတွင် တစ်ဦးချင်းနှင့် အဖွဲ့လိုက်ပွဲစဉ်များ ကျင်းပခဲ့ပြီး၊ (ကုမိတဲ့)ပြိုင်ပွဲများတွင် ၅၀ ကီလိုနှင့် အောက်၊ ၅၅ ကီလိုနှင့် အောက်၊ ၆၁ ကီလိုနှင့်အောက်၊ ၆၈ ကီလိုနှင့်အောက်၊ ၆၈ ကီလိုနှင့်အထက် နှင့် အသင်းလိုက်ပြိုင်ပွဲများကို ကျင်းပခဲ့ သည်။ အမျိုးသားပြိုင်ပွဲများတွင် တစ်ဦး ချင်းနှင့် အဖွဲ့လိုက် (ခတ)ပြိုင်ပွဲများ အပြင် ၅၅ ကီလိုနှင့်အောက်၊ ၆၀ ကီလို နှင့်အောက်၊ ၆၇ ကီလိုနှင့်အောက်၊ ၇၅ ကီလိုနှင့်အောက်၊ ၈၄ ကီလိုနှင့်အောက်၊ ၈၄ ကီလိုနှင့်အထက်နှင့် အသင်းလိုက် (ကုမိတဲ့) ပြိုင်ပွဲများကိုကျင်းပခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်း အနားကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Takashi Saito အပါအ၀င် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆုပေးပွဲ၌ တစ်ဦးချင်း နှင့် အဖွဲ့လိုက်ဆုများအပြင် တံခွန်စိုက် ဆုများကိုလည်း ပေးအပ်ခဲ့ရာ အမျိုးသား တံခွန်စိုက်ဆုဖလားကို ရွှေခြောက်ဆု၊ ကြေးတစ်ဆုရရှိသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှလည်းကောင်း၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားကို ရွှေလေးဆု၊ ငွေသုံးဆုနှင့် ကြေးတစ်ဆုရရှိသော ကယားပြည်နယ်အသင်းမှလည်းကောင်း အသီးသီး ရရှိသွားသည်။
ထို့ပြင် ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး အားကစား သမားဆုကိုလည်း ချီးမြှင့်ခဲ့ရာ အမျိုးသား အကောင်းဆုံးအားကစားသမား ဆုကို ရွှေသုံးဆု၊ ကြေးတစ်ဆုရရှိသော ကျော်ကျော်ထွန်း (ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန)မှ ရရှိသွားပြီး အမျိုးသမီးဆုကို ရွှေသုံးဆုရရှိသော ဆွေဆွေအောင် (ကယားပြည်နယ်)က ရရှိသွားသည်။
ယခုပြိုင်ပွဲသို့ အားကစားဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ရန်ကုန်မြို့ တော်စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ကယားပြည်နယ် အစရှိသည့် ၀န်ကြီးဌာနများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ၊အားကစားသမားများအပါအ၀င် အောင်ဆန်း၊ လေးဝတီ၊ ပဒေသာ၊ အာရှကရာတေးကလပ်အသင်း များမှ အားကစားသမားများလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
