ဖယ်ခုံမြေ တက်လမ်းကုမ္ပဏီရရှိမှုအပေါ် ဒေသခံများမှ ကန့်ကွက်၍ စီမံကိန်းခေတ္တရပ်ဆိုင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)
ကယမ်းလူမျိုး အများစုနေထိုင်ရာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲကျေးရွာအုပ်စု (လွိုင်ကော်-ဖယ်ခုံကားလမ်းဘေး) ရှိ မြေဧက ၁၅၀ ကို တက်လမ်းကုမ္ပဏီမှ မြန်မာ့လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန မှ သစ်တောမြေအဖြစ်ပြုပြင်ရန် တရားဝင်လွှဲပြောင်း ရယူခဲ့သော် လည်း ဒေသခံများမှ ၎င်းတို့၏တောင်ယာမြေများဖြစ်သောကြောင့် အဆိုပါစီမံကိန်းအား ရပ်ဆိုင်းရန် ကန့်ကွက်သဖြင့် ကုမ္ပဏီမှ စိုက်ပျိုးမှုအား ခေတ္တရပ်တန့်ထားရသည်ဟု ဒေသခံများထံမှ သိရသည်။
"တက်လမ်းကုမ္ပဏီက ဒီမြေကို မြေ လွတ်မြေရိုင်းလို့ပြောပြီး အစိုးရဆီမှာ လျှောက်တာ၊ တကယ်က ယာမြေတွေပါ၊ ရွှေ့ပြောင်း တောင်ယာဆိုတော့ ဒီနှစ် ဒီနေရာမှာစိုက် နောက်တစ်နှစ်နောက် တစ်နေရာပြောင်းရင် အရင်မြေနေရာကို လှပ်ထားခဲ့ရတာပဲ။ ဒါကို မြေလွတ် မြေရိုင်းလို့ပြောလို့မရဘူး"ဟု ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးဖြစ်သော ဦးလွီးစီငိမ်းက ပြောပါသည်။
အဆိုပါမြေဧက ၁၅၀ တွင် သစ်မာပင် များစိုက်ပျိုး၍ သစ်တောမြေအဖြစ်ပြုပြင်ရန် အစိုးရမှ ခွင့်ပြုခဲ့သော်လည်း အဆိုပါကုမ္ပဏီအနေ ဖြင့် သစ်မွှေးပင်အချို့ကိုပါ စိုက်ရန်စီစဉ်နေသောကြောင့် ဒေသခံများမှ ကုမ္ပဏီအား အခြားစီးပွား ရေးအကျိုးအမြတ်အတွက် လာရောက် လုပ်ကိုင်ခြင်းဖြစ်သည်ဟု ထင်မြင် ကြောင်း ၎င်းက ပြောသည်။
"ဖယ်ခုံမြို့နယ် မိုးဗြဲရေကာတာတည် ဆောက်ပြီးနောက်ပိုင်းတွင် ရေကာတာ ၀န်းကျင်တစ်လျှောက်က ရေလွှမ်း ဧရိယာတွေ ဖြစ်ကုန်တယ်။ ဒီတော့ စိုက်ပျိုးမြေက တအားရှာပါးလာတယ်။ ဒီလို ကန့်ကွက်မှုတွေ ဖြစ်ပြီးတော့ သစ်တောဦးစီးဌာနက လက်ထောက်ညွှန်ကြား ရေးမှူးတစ်ဦးနဲ့ တက်လမ်းကုမ္ပဏီက ဦးညီညီဆိုတဲ့သူတွေလာကြတယ်။ ဒေသခံတွေက ဒါကို ကန့်ကွက် တယ်ဆိုတာ သိသွားကြတယ်။ ကုမ္ပဏီကတော့ ပြန်ညှိပေးပါ့မယ်ပြောသွားတယ်" ဟု ၎င်းက ဆက်ရှင်းပြသည်။
တက်လမ်းကုမ္ပဏီအနေဖြင့် အဆိုပါ မြေဧက ၁၅၀ အား အစိုးရထံမှ တစ်ဧက လျှင် ကျပ် ၁၀၀ နှုန်းဖြင့် ရရှိခဲ့ပြီး သစ်တောမြေအဖြစ် သတ်မှတ်ကာ သစ်မာပင်စိုက်ပျိုးရန်အတွက် ကုမ္ပဏီအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။ တက်လမ်းကုမ္ပဏီအနေဖြင့် အဆိုပါ ဒေသတွင် လူမှုရေး၊ ဘာသာရေးလုပ်ငန်း များအား ပြုလုပ်နေခြင်းများရှိပြီး အဆို ပါမြေဧက ၁၅၀ အား အစိုးရထံမှရယူ ခြင်းသည် မိမိအကျိုး အမြတ်အတွက် မဟုတ်ကြောင်း တက်လမ်းကုမ္ပဏီမှ စက်တင်ဘာလအတွင်း စာနယ်ဇင်းရှင်း လင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
"တက်လမ်းကုမ္ပဏီအနေနဲ့ ဒီဒေသမှာ လူမှုရေးလုပ်ငန်းတွေလုပ်ရင်းနဲ့ ဒီမြေနေရာကို သစ်တောမြေအဖြစ် ပြုလုပ်ဖို့ သစ်မာပင်စိုက်ဖို့ လျှောက်ယူခဲ့တာပါ။ သစ်မွှေးပင်အနည်းငယ်ကို ရေရှည်အတွက် စိုက်ပျိုးဖို့ အစီအစဉ်ရှိပါတယ်။ ဒီမြေတစ်ဧကကို ကျပ် ၁၀၀ နဲ့ ရယူခဲ့တယ် ဆိုပေမယ့် စိုက်ပျိုးစရိတ်မြင့်မားပါတယ်။ သိန်းကိုထောင်ချီပြီး ကုန်ကျမှာပါ"ဟု ကုမ္ပဏီဥက္ကဋ္ဌ ဦးစိန်ဝင်းက၊ပြောသည်။
အဆိုပါမြေ အငြင်းပွားမှု မပြီးပြတ်သေးသဖြင့် တက်လမ်းကုမ္ပဏီအနေဖြင့် စိုက်မာပင်စိုက်ပျိုးခြင်းအား ရပ်တန့် ထားရသည်ဟု သိရှိရသည်။
"ဒီမြေက အမှန်တကယ်က အစိုးရ ပိုင် သစ်တောဌာနက ပိုင်တဲ့မြေပါ။ တက်လမ်းကုမ္ပဏီအနေနဲ့ သစ်မာပင်စိုက်ဖို့ လျှောက်လာတဲ့ အခါမှာ တကယ်လုပ်ဆောင်နိုင်ခြင်း ရှိမရှိ စိစစ်ပြီးမှ နှစ် ၃၀ ဂရန်နဲ့ ပေးခဲ့တာပါ။ အခု ဒီလိုအငြင်းပွားမှုတွေဖြစ်လို့ ခေတ္တရပ်နားထား ပါတယ်။ ဒီမြေဟာ ဘယ်သူမှ ပိုင်တဲ့မြေ မဟုတ်ပါဘူး"ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
