ဒီမိုကရေစီလူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေးအတွက် အမေရိကန်က လက်တွဲကူညီရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

သမ္မတအိုဘားမားက အိမ်ဖြူတော်၌ ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံနေစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
မြန်မာနိုင်ငံ သည် ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်အား
အောင်မြင်ဖြတ်သန်းနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အမေရိကန်
အစိုးရနှင့် ပြည်သူများအနေဖြင့် မြန်မာနိုင်ငံအား ဆက်လက်ကူညီရန်
စက်တင်ဘာ လ ၂၃ ရက်နေ့က နယူးယော့ခ်မြို့တွင် ပြောကြားသည်။
"ယနေ့ ကျွန်မဒီကိုလာရခြင်းက ရှင်တို့ အားလုံးကို ကျေးဇူးတင် ကြောင်းပြော ချင်လို့ပါ။ နောက် ကျွန်မတို့တိုင်းပြည်ရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ် ပြီးဆုံးချိန်အထိ အခုလို ဆက်လက် လက်တွဲကူညီဖို့ တောင်းဆိုဖို့ပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က နယူးယော့ခ် မြို့ရှိ ကွင်းန်ကောလိပ်၌ ပြောကြား ခဲ့သော ၎င်း၏ မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာန က ဖော်ပြထားသည်။
"အပြောင်းအလဲတွေ ရှိနေပေမယ့် လည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ရည် မှန်းထားတဲ့၊ တကယ့်စစ်မှန်တဲ့ ဒီမို ကရေစီလူ့အဖွဲ့အစည်း ပေါ်ထွန်းလာ ရေး ပန်းတိုင်နားတော့ မရောက်သေးပါဘူး။ ကျွန်မတို့သွားနေတဲ့ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း ပေါ်ထွန်း လာဖို့အတွက် လိုအပ်တဲ့ပြောင်းလဲမှု တိုင်း အလုံးစုံအပြည့်အ၀ မရသေးပါ ဘူး။ ဒါပေမယ့် ပြောင်းလဲမှုတွေတော့ ရှိ နေပါတယ်"ဟု ၎င်းက အဆိုပါအခမ်း အနားတွင် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိ ကန်ခရီးစဉ် မစတင်မီ ရက်ပိုင်းအလို အမေရိကန် အစိုးရအပါအ၀င် ဥရောပ သမဂ္ဂ(အီးယူ)တို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ထားမှုများကို ပြန်လည်လျှော့ပေါ့ပေးရန် စဉ်းစားနေ ရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်းတို့စဉ်းစားဆုံးဖြတ်မည့် အချက် ကို ထောက်ခံကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင် တန်မြို့၌တွေ့ဆုံမှုအပြီး ပြောကြားသည်။
"အခုလို ပိတ်ဆို့မှုတွေ လျှော့ပေါ့ဖယ်ရှားရေးကို ကျွန်မလည်း ထောက်ခံပါ တယ်။ ဒါမှ ကျွန်မတို့ပြည်သူတွေလည်း သူတို့ဘ၀ရှင်သန် ရေးအတွက် ကိုယ်တိုင် တာဝန်ယူ လုပ်ကိုင်လာနိုင်မှာ ဖြစ်ပါ တယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းတွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ အိုဘားမား နှင့်လည်း ပထမဆုံး အကြိမ် အိမ်ဖြူတော်၌ ပြီးခဲ့သည့်သီတင်းပတ်က သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့ပြင် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ၀ါရှင်တန်ဒီစီရှိ အမေရိကန်တက္ကသိုလ်တွင် မြန်မာမိသားစုဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် National Endowment for Democracy ဆုပေးအပ်ပွဲ အခမ်း အနားကိုလည်း တက်ရောက်ပြီး ဆုများ ချီးမြှင့်ပေးခဲ့သည်။
စက်တင်ဘာလ ၂၁ ရက်နေ့တွင်မူ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် Atlantic Council မှ ချီးမြှင့်သည့် ၂၀၁၂ ခုနှစ်အတွက် Global Citizen ဆုအား နယူးယော့ခ်မြို့တွင် လက်ခံရရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကွင်းန် ကောလိပ်တွင် နယူးယော့ခ်မြို့ရှိ မြန်မာမိသားစု ၀င်များနှင့် တွေ့ဆုံခဲ့သည့်အပြင် ကိုလံဘီယာ တက္ကသိုလ်၌လည်း ဟောပြောပို့ချပြီးနောက် စက်တင်ဘာ ၂၃ ရက်နေ့တွင် လူးဝစ္စဗီးလ် တက္ကသိုလ်သို့ သွားရောက်ခဲ့ သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် စက် တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာဒုက္ခသည်များ အများစုနေထိုင်ရာ အင်ဒီယားနား ပြည်နယ်ရှိ Fort Wayne တွင် မြန်မာမိသားစုများနှင့်တွေ့ ဆုံပြီး မိန့်ခွန်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့က ထွက်ခွာသွားခဲ့ရာ ယခုခရီးစဉ်သည် နှစ်ပေါင်း ၂၄ နှစ် အတွင်း ၎င်း၏တတိယအကြိမ် မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ကာ ခရီးစဉ်အတွင်း ၎င်းအကျဉ်းကျစဉ်အတွင်း ပေးအပ် ခဲ့သော နိုင်ငံ တကာ အသိအမှတ်ဆုတံဆိပ်များကို ကိုယ်တိုင် တက်ရောက်ယူမည့်အပြင် အမေရိကန် ပြည်ထောင်စုရောက် မြန်မာ ပြည်သူများ၊ မြန်မာ ဒုက္ခသည်များနှင့် အမေရိကန်အစိုးရနှင့် အဖွဲ့ အစည်း အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
