တောင်သူ ၁၂၅ ဦး သစ်တောဥပဒေဖြင့် ဒုတိယအကြိမ် တရားစွဲခံရ

စိုးသန်းလင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်ကျေးရွာမှ တောင်သူ ၁၂၅ ဦးတို့အား သစ်တောဥပဒေ ပုဒ်မ ၄၀ (က)အရ ကြိုးဝိုင်းအတွင်း ကျူးကျော် နေထိုင်သူတို့အဖြစ် စွပ်စွဲကာ စက်တင် ဘာ ၁၃ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် တရားရုံးသို့ သမ္မန်စာဖြင့် ဆင့်ခေါ်ခြင်း ခံရပြီး အမှုရင်ဆိုင်နေရကြောင်း၊ ထိုသို့ သစ်တောဥပဒေဖြင့် တရားစွဲခံရသည် မှာ သုံးလအတွင်း နှစ်ကြိမ်ရှိခဲ့ကြောင်း တရားစွဲခံရသော ကူနှစ်လုံးဆည်ရွာသား တို့က ပြောကြားသည်။

"ဒါက ဒုတိယအကြိမ်ပါ။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အခုလိုပဲ ဆင့်ခေါ် လို့ ဇမ္ဗူသီရိမြို့နယ်တရားရုံးကို လာဖြေ ရှင်းခဲ့ရတယ်။ အဲဒီတုန်းကတော့ တောင်သူ ၆၃ ဦးပါ။ တရားလိုဖြစ်တဲ့ သစ်တောဘက်က တရားရုံးကို ပုံမှန် မလာကြလို့ ဩဂုတ်လ ၄ ရက်နေ့မှာ အဲဒီ မြို့နယ် တရားသူကြီး ဒေါ်ချိုချိုဝင်းကပဲ ဒီအမှုကို ပလပ်ပြီး ပြန်လည်ရုပ်သိမ်းခဲ့ပါ တယ်။

အခုတစ်ကြိမ်ထပ်ပြီး ဒီပုဒ်မနဲ့ပဲ တရားစွဲတဲ့အခါမှာ အိမ်ထောင်ဦးစီး ၆၃ ဦးတင်မကဘဲ မိသားစုထဲက ၁၈ နှစ်ပြည့် ပြီးသူအားလုံးပါ တရားစွဲခံရပါတယ်။ ဒါကြောင့် ၁၂၅ ဦး ဒီနေ့လာခဲ့ရတာပါ" ဟု တရားစွဲခံရသူတစ်ဦးဖြစ်သည့် ကိုဇော်လင်းအောင်က မြန်မာတိုင်း(မ်) ကို ဇမ္ဗူသီရိမြို့နယ်တရားရုံးရှေ့၌ စက်တင်ဘာလ ၁၃ ရက်မနက်ပိုင်းက ပြောကြားသည်။

အဆိုပါရွာသားတို့မှာ လက်ရှိနေထိုင် ရာ လယ်ယာအတွင်း၌ ဘိုးဘွားလက် ထက်ကပင် ဓားမဦးချ ထွန်ယက်စိုက်ပျိုး လာခဲ့ကြသူများ ဖြစ်ပြီး ၂၀၁၁ ခုနှစ် နှစ်ဆန်းတွင် ၎င်းရွာသားတို့ လုပ်ကိုင် စားသောက်ကြသည့် လယ်ယာမြေ ဧက ၇၀၀ ခန့်ကို စီမံကိန်း သီးနှံစိုက် ရန်ဟူ သော အကြောင်းပြချက်ဖြင့် ယုဇန၊ ဒဂုံ အင်တာနေရှင်နယ်၊ ၀င်းနှင့် KMT ကုမ္ပဏီကြီးလေးခုတို့က သိမ်းယူခဲ့ ကြောင်း၊ လယ်ယာမြေများကို ဘူဒိုဇာ စက်ကြီးများဖြင့် ထိုးညှိကာ ကြံ၊ စိန်တစ်လုံးသရက်နှင့် နဂါးမောက်ပင် များ စိုက်လျက် တံတိုင်းအမြင့် ကြီးများ ကာရံလိုက်ကြကြောင်း၊ ရွာသားတို့ကိုမူ ၎င်းစိုက်ခင်းများနှင့်လွတ်ရာ လမ်းဘေး ကွက်လပ်အချို့တို့တွင် နေထိုင်လုပ်ကိုင် စေကြောင်း၊ ပြီးခဲ့သည့် ဇွန်လ၌ အဆိုပါ ကုမ္ပဏီကြီးတို့က သစ်တောရေးရာ ၀န်ကြီးဌာနအား တရားလိုပြုလုပ်စေကာ ယခုကဲ့သို့ သစ်တောဥပဒေ ပုဒ်မ ၄၀(က) ဖြင့် နှစ်ကြိမ် တရားစွဲလာခြင်းဖြစ် ကြောင်း တောင်သူတို့က ပြောကြား သည်။

"ကျွန်တော့မြေက ၄၃ ဧကရှိတယ်။ KMT ကုမ္ပဏီက ကျွန်တော်တို့ဘက် အခြမ်းမှာ ဧက ၁၀၀ ကျော် သိမ်းတဲ့အထဲ ကို ၃၃ ဧကပါ သွားပါတယ်။ ကျန်တဲ့ ကုမ္ပဏီတွေကလည်း ဧက ၁၀၀ စီ သိမ်း တယ်ဆိုပေမယ့် တကယ်က ၁၀၀ ကျော် ပါတယ်။ ဘာလို့လဲဆိုတော့ အသိမ်းခံရ တဲ့ ဧကပေါင်းက ၇၀၀ ရှိလို့ပါ။ အခုဖြစ်ပုံ က ကျွန်တော်တို့ကို ဖယ်ရှားပေးပါ။ ရွှေ့ပြောင်းပေးပါလို့တော့ မပြောလာ သေးဘူး။ အဲဒီပိုင်ရှင်တွေက လာပြော တာမျိုးလည်း မရှိပေမယ့် စီမံကိန်း အတွက်ဆိုပြီး ဧက ၇၀၀ ကို သူတို့က ခွဲယူကြတယ်။ ၀င်းတွေ၊ တံတိုင်းအမြင့် ကြီးတွေ ကာတာကိုလည်း ကျွန်တော်တို့ ရွာသားတွေက မပြောရဲကြဘူး။

"သူတို့ဝင်လာစဉ်က ဒီဧက ၇၀၀ ပေါ်မှာ သီးနှံတချို့တစ်ဝက်စိုက်ထားပြီး ပြီ။ ဘူဒိုဇာနဲ့လာထိုးတဲ့ အလုပ်သမားတွေ၊ ကုမ္ပဏီဝန်ထမ်း ငယ်တွေက ကျွန်တော်တို့ကို နေရာအစားပေးမှာ လိုလို၊ နစ်နာကြေးပေးမှာလိုလို သတင်း လွှင့်ထားတယ်။ စီမံကိန်းလို့ ပြောကြ ပေမယ့် အဲဒီတံတိုင်းတွေမှာ နိုင်ငံတော် စီမံကိန်းနဲ့ သက်ဆိုင်တဲ့ ဘာဆိုင်းဘုတ် မှ မရှိဘူး။ 'ပြင်ပလူ ၀င်ခွင့်မပြု' လို့ပဲ ရေးထားတယ်" ဟု တရားစွဲခံ ရွာသား တစ်ဦးဖြစ်သည့် ကိုမင်းမင်းထွန်းက ပြောသည်။

အဆိုပါ ကုမ္ပဏီလေးခုတို့ထဲမှ ယုဇန ကုမ္ပဏီသည် ပြီးခဲ့သည့် ဧပြီလ၌ ၎င်းတို့ သိမ်းယူထားသော လယ်ယာမြေများ အတွက် မူလ လုပ်ကိုင်သူ တောင်သူတို့ ကို လယ်မြေတစ်ဧကလျှင် ငွေသုံးသိန်း ခွဲ၊ ယာမြေတစ်ဧကလျှင် နှစ်သိန်းခွဲနှုန်း ဖြင့် လျော်ကြေးပေးခဲ့ ကြောင်း၊ ယခုလ ပိုင်း၌ ကျန်ကုမ္ပဏီတို့မှ ဒဂုံအင်တာ နေရှင်နယ်နှင့် ၀င်းကုမ္ပဏီတို့က ယခင် ယုဇနကုမ္ပဏီကပေးသော နစ်နာကြေး အတိုင်း လက်ခံရန် တောင်သူတို့ကို ပြောလာကြောင်း၊ တောင်သူတို့ဘက်မှ လက်ရှိ ပေါက်ဈေးများအရလည်း ကောင်း၊ ခိုင်မာသော အရင်းအနှီးတစ်ခု ရရှိစေရန်အတွက်လည်းကောင်း ပိုမို သင့်လျော်မည့် နစ်နာကြေးပေးပါရန် တောင်းဆိုကြပြီး သဘောတူညီမှုမရရှိ သေးကြောင်း၊ နောက်ဆုံး၌ အစိုးရက ဆုံးဖြတ်ချမှတ်သည့်အမိန့်ကို တောင်သူ တို့ လိုက်နာကြရမည်ဟုသာ ကုမ္ပဏီများ ဘက်က ပြောလာအပြီး ယခုကဲ့သို့ တရား စွဲဆိုခံရခြင်းဖြစ်ကြောင်း ထိုနေ့က ဇမ္ဗူသီရိတရားရုံးသို့ ရောက်လာသော ရွာသားတို့က ပြောကြား သည်။

"ကျွန်တော်တို့ ဖြစ်စေချင်တာက နိုင်ငံတော်ရဲ့ ဘာစီမံကိန်းကြောင့် ဘယ် နေ့ဘယ်ရက်မှာ သိမ်းမယ်။ ဘယ်လို နေရာ အစားပေး မယ်။ ဒါမှမဟုတ် နစ်နာ ကြေး ဘယ်လိုရမယ်ဆိုတာမျိုး ကုမ္ပဏီ တွေဘက်က ပြောသင့်ပါတယ်။ အခု တော့ ဓနအင်အားနဲ့လိုလို၊ အာဏာနဲ့ လုပ်ပိုင်ခွင့်အရလိုလို ဘူဒိုဇာကြီးတွေနဲ့ ၀င်လာတယ်။ ကျွန်တော်တို့ သွားတားပါ သေးတယ်။ တားတော့ ခင်ဗျားတို့ ဆက်တားနေမယ်ဆိုရင် အမြင်ကတ် ပုဒ်မနဲ့ အိမ်တွေကိုပါ ဘူဒိုဇာနဲ့ ထိုးပစ် မယ်လို့ အဲဒီအလုပ်သမားတွေက ပြောတယ်။ နိုင်ငံတော် စီမံကိန်းလား၊ ကုမ္ပဏီ အကျိုးစီးပွားသက်သက်လားလို့ မေး တော့လည်း သူတို့က ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ နစ်နာကြေးရမှာပါလို့ ပြော တယ်။

အခုတော့ နစ်နာကြေးလည်း မရတဲ့အပြင် တရားစွဲခံရတာ နှစ်ကြိမ် ရှိပြီ။ ဒီ ဒုတိယအကြိမ်မှာ အိမ်ရှိလူကုန် နီးနီး တရားစွဲခံရတယ်။ ကလေးတွေပဲ ရုံးမလာရတာ။ ကျန်တဲ့လူတွေ တရားရုံး ကို အကုန်လာကြရတယ်"ဟု ကိုဇော် လင်းအောင်က ရှင်းပြသည်။

အဆိုပါရွာသား ၁၂၅ ဦးတို့အား တရားစွဲဆို သမ္မန်စာဆင့်ခေါ်စာ၌ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၆၈ ဟု ပါရှိ ပြီး 'သစ်တောဥပဒေ ပုဒ်မ ၄၀(က)ကို ကျူးလွန်ကြောင်းနှင့် စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် မပျက်မကွက် လာ ရောက်ရမည်။

အာမခံမည့်သူနှစ်ဦးနှင့် အတူ ၎င်းတို့၏မှတ်ပုံတင်မူရင်း၊ အိမ်ဝိုင်းခြံမြေပိုင်ဆိုင်ကြောင်း ထောက်ခံ ချက်တို့ပါ ထည့်ယူလာရန်'ဟူ၍ ပါရှိ သည်။ အဆိုပါ သမ္မန်စာပေးပို့သည့် တစ်ချိန် တည်းနီးပါးမှာပင် ပြီးခဲ့သည့် ပြည်သူ့ လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယ နောက်ဆုံးနေ့ စက်တင်ဘာလ ၅ ရက်၌ 'သစ်တောကြိုးဝိုင်းအတွင်းရှိ လယ်ယာမြေများအား ဥပဒေနှင့်အညီ တရားဝင်လုပ်ကိုင်ခွင့် ရသော လယ်ယာ မြေများအဖြစ် ဆောင်ရွက်ပေးရန်အဆို ကို ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်က တင် သွင်းခဲ့ရာ ၎င်းအဆိုကို ဆွေးနွေးရန် အတည်ပြုခဲ့ကြသည်။

အတည်မပြုမီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မြေပုံနှင့် တကယ့်မြေပြင်တို့၏ ကွာခြားအချက်များကြောင့် ပြည်သူတို့ နစ်နာခြင်းများ၊ မဖြစ်သင့်သည့်ကိစ္စများ ပေါ်ပေါက်နေကြောင်း ဖွင့်ဟပြောကြား ခဲ့သည်။

"မြေပုံပေါ်ကိုကြည့်ပြီး မြေပြင်ကို မကြည့်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ ပြဿနာများစွာတက်ရတယ်။ မြေပုံထဲမှာ သစ်တော ကြိုးဝိုင်းဆိုပေမယ့် တကယ့် မြေပြင်မှာ သစ်ပင်တစ်ပင်မှမရှိဘူး။ ရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ လယ်ယာ တွေရှိနေတယ်။ ဒီတော့ မြေပြင်အခြေ အနေကို မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ညှိနှိုင်းဖြေရှင်းပေးဖို့လိုတယ်"ဟု သူရ ဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ် သည်။

ထိုသို့ လွှတ်တော်တွင်း၌ ကျေးလက် နေပြည်သူတို့ ဘ၀အာမခံချက်ရရှိရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ဆွေးနွေးကြ၊ ဥပဒေဖြစ်ပေါ်လာရန် ကြိုးပမ်းနေချိန်တွင် နေပြည်တော် ဧရိယာ၌ ကူနှစ်လုံးဆည်ရွာသားများ ကဲ့သို့ ကြိုးဝိုင်းကျူးအဖြစ် တရားစွဲခံရ သော လယ်ယာမြေအမှုအခင်းများ၊ စည်ပင်ကျူးအဖြစ် စွဲခံရပြီး ထောင်ကျ ကာ၊ ပြန်လွတ်လာပြီး ၎င်း၏နေအိမ် တွင် ဆက်လက် နေထိုင်သောကြောင့် ထပ်မံတရားစွဲခံရကာ အမှုရင်ဆိုင်နေရ ခြင်း စသဖြင့် စည်ပင်ဥပဒေ၊ သစ်တော ဥပဒေတို့ဖြင့် တရားရင်ဆိုင် နေရသည့် လယ်ယာမြေ အမှုပေါင်း ၅၀ ကျော်ခန့် ယခုအပတ်တွင်းရှိနေကြောင်း ရှေ့နေ ကြီးတစ်ဦးက ပြောသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်း၌ လယ် ယာမြေလက်ရှိပေါက်ဈေးမှာ လယ်မြေ တစ်ဧက သိန်း ၃၀ ခန့်နှင့် ယာမြေ တစ်ဧက ၁၅ သိန်းခန့် ရှိသည်ဟုလည်း အဆိုပါရွာသားတို့က ပြောကြား သည်။

ထိုနေ့က တရားရုံးမှ တောင်သူ အားလုံးကို အာမခံပေးလိုက်ကြောင်းနှင့် အမှုတွဲ ၆၂ တွဲ တွဲကာ စက်တင်ဘာ ၁၇၊ ၁၈၊ ၁၉ ရက်များ တွင် စစ်ဆေးနိုင်ရန် ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရ သည်။