မြန်မာ့အာမခံဈေးကွက် Multi Polar စနစ်သို့ ပြောင်းရန်လို

စုလှိုင်ထွန်း
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

ဈေးကွက် စီးပွားရေးစနစ်များ တိုးတက် ပြောင်းလဲခြင်းများနောက် မြန်မာ့အာမခံ ဈေးကွက်သည်လည်း နိုင်ငံရေး၊ စီးပွားရေးနှင့် လိုက်လျော ညီထွေဖြစ်မှ ရှင်သန်တိုးတက်နိုင်သည့်အတွက် အာမခံ ဈေးကွက်ကို Uni-polar ဈေးကွက်စနစ်မှ Multi စနစ်သို့ ပြောင်းလဲရန် လိုအပ်လျက် ရှိသည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက နေပြည်တော် ၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် စာတမ်းပြုစု တင်ပြခဲ့သည်။

အာမခံဈေးကွက်ကို သုံးသပ်တင်ပြ ချက်တွင်Uni-polar စနစ်ကို ကျင့်သုံးသည့်နိုင်ငံများမှာ မြန်မာနိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံနှင့် ကျူးဘားနိုင်ငံတို့ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ အာမခံလုပ်ငန်း လုပ်ကိုင်သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၂ နိုင်ငံများတွင် သုံးနိုင်ငံ မှလွဲ၍ Multi-polar စနစ် ဖြစ်သည်။ Multi-polar စနစ်သည် နိုင်ငံအတွင်း အာမခံကုမ္ပဏီများစွာရှိသည်ကို ဆိုလို ပြီး အာမခံ ကုမ္ပဏီ တစ်ခုတည်းရှိပါက Uni-polar ဟု သတ်မှတ်သည်။

မြန်မာ အာမခံလုပ်ငန်းသည်လည်း လက်ရှိ အချိန်တွင် နိုင်ငံပိုင် တစ်ခုတည်းသော အာမခံကုမ္ပဏီဖြစ်ပြီး မကြာမီအချိန်တွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ တည်ထောင်ခွင့်ကိုရရှိမည် ဖြစ်သည်။ အာမခံဈေးကွက်တွင်Multi-polar ၏ အားသာချက်များကို သုံးသပ် တင်ပြရာတွင် ရောင်းသူနှင့် ၀ယ်သူတို့၏ အပေးအယူ ညီမျှချက်၊ ယှဉ်ပြိုင်မှုတွေများသည့် တိုးတက်မြန်ဆန်ပြီး ၀န်ဆောင်မှုကောင်း များ၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုရစေမှု၊ ရင်းနှီးမြှုပ်နှံလိုသူ များ အခွင့်အလမ်းပိုရစေမှုနှင့် ကြီးမား ကျယ်ပြန့်သည့် အာမခံ အမျိုးအစားများ စုပေါင်းလုပ်နိုင်သည်ဟု သိရသည်။

"တစ်ယောက်တည်းပြိုင်တဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲတာ အထင်ကြီးစရာမဟုတ်ပါဘူး။ ယှဉ်ပြိုင်မှုမရှိတဲ့အတွက် ၀န်ဆောင်မှု လည်း ညံ့တယ်။ ငယ်ငယ်နှစ်လုံးနဲ့ဆို လည်း Uni-polar စနစ်ကိုကျင့်သုံးတယ်။ ဘာလဲဆိုတော့ နိုင်ငံငယ်တယ်၊ စီးပွား ရေးအဆောက်အအုံ ငယ်တာ ကို ပြောတာပါ။ တစ်ဦးတည်းမို့ ဈေးကွက်လည်း မရှိပါဘူး။ ဒါတွေက Uni-polar ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြောတာ ပါ" ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

အာမခံလုပ်ငန်းနှင့်ပတ်သက်ပြီး ရှေ့ ဆက်မည့်လုပ်ငန်းစဉ်များမှာ ပုဂ္ဂလိက အာမခံကုမ္ပဏီများ ထူထောင်ခြင်းကို ယခုနှစ်တွင် စတင် အကောင်အထည် ဖော်ပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွင်း တစ်ဆင့် အာမခံအဖွဲ့အစည်း ထူထောင်ခြင်းနှင့် လေ့ကျင့်သင်ကြားမှု အဖွဲ့ အစည်းများ ထူထောင်ခြင်းကို နှစ်ကုန်ပိုင်းတွင် လုပ်ဆောင်သွားရန် ရည်မှန်းထား ကြောင်း သိရသည်။