အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၂ ခုကို ထုတ်ဖော်ကြေညာ

မြတ်မေဇင်
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

မြန်မာ့အာမခံလုပ်ငန်းက ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ ၁၂ ခုကို ထုတ်ဖော်ကြေညာလိုက် ပြီး အဆိုပါ ကုမ္ပဏီ များထဲမှ သတ်မှတ်ရက်အတွင်း သတ်မှတ်ထားသော အာမခံလုပ်ငန်း မတည်ငွေထည့်သွင်း နိုင်သည့် ကုမ္ပဏီများအား လုပ်ငန်း လိုင်စင်ချပေးခြင်းနှင့် လုပ်ငန်းဆိုင်ရာ သင်တန်းပေးခြင်းများ ဆက်လက်လုပ် ကိုင်သွားမည်ဖြစ်ကြောင်းကို မြန်မာ့ အာမခံ လုပ်ငန်းဥက္ကဋ္ဌ ဦးအေးမင်းသိန်း က စက်တင်ဘာလ ၅ ရက်နေ့က မြန်မာ့ အာမခံလုပ်ငန်းရုံး၌ ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

"တင်လျှောက်လာတဲ့ အထဲက ကုမ္ပဏီလုပ်ငန်း ၁၂ ခုကတော့ သတ်မှတ် ထားတဲ့ အမှတ်ပေးစည်းမျဉ်းတွေနဲ့ စစ်ဆေးတာ အောင်မှတ်ရသွားပြီပေါ့။ ဒါပေမယ့် ဒီကုမ္ပဏီတွေအားလုံး အာမခံလုပ် ဖြစ်မယ်လို့တော့ အတိအကျ ပြောလို့မရဘူး။ အဆင့်တွေ ကျန်သေးတယ်။ အသက်အာခံအတွက် ကျပ်ခြောက်ဘီလျံ၊ အထွေထွေအာမခံအတွက် ကျပ် ၄၀ ဘီလီလျံကို သတ်မှတ်ရက်အတွင်း ထည့်သွင်းနိုင်တဲ့သူမှ လိုင်စင်ရမယ်" ဟု ဦးအေးမင်းသိန်းက ရှင်းပြသည်။

မေလ ၂ ရက်နေ့မှစတင်ခါ အာမခံလုပ်ငန်း လျှောက်လွှာဖောင်များကို ဇွန်လကုန်အထိ ရောင်းချခဲ့ရာတွင် လျှောက်လွှာဖောင်စုစုပေါင်း ၂၁၅ ဖောင် ရောင်းချခဲ့ရသော်လည်း အစောင် ၂၀ သာ လာလျှောက်ထားခဲ့သည်ဟု မြန်မာ့ အာမခံလုပ်ငန်းမှ သိရသည်။ အဆိုပါ လာရောက်လျှောက်ထားကြ သော လျှောက်လွှာ၂၀ အနက်မှ ၁၂ ခုသာ လျှင် မြန်မာ့အာမခံလုပ်ငန်းက သတ်မှတ်သည့် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီသည့်အတွက် ရွေးချယ်ခံရခြင်းဖြစ် ကြောင်း၎င်းက ပြောသည်။

အဆိုပါ ရွေးချယ်ခံရသောကုမ္ပဏီ များအနေဖြင့် စက်တင်ဘာလ ၂၁ ရက် နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ အတွင်း အာမခံ လုပ်ငန်းမတည်ငွေ အဆင်သင့်ဖြစ်ရမည်ဖြစ်ပြီး အောက်တို ဘာလ ၇၊ ၈၊ ၉ ရက်နေ့များတွင် သတ်မှတ်ပေးသော မြန်မာ့စီးပွားရေး ဘဏ်ခွဲ များ၌ အာမခံမတည်ငွေအား ထည့် သွင်းရမည်ဖြစ်သည်ဟု အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ပြောပါသည်။ အဆိုပါ ခွင့်ပြုမိန့်ရရှိထားသော ကုမ္ပဏီများအနေဖြင့် လုပ်ငန်းစတင်သည်နှင့် တစ်ပြိုင်နက် စုစုပေါင်းအာမခံလုပ်ငန်းမတည်ငွေ၏ ၆၀ ရာခိုင်နှုန်းအား မြန်မာ့အာမခံလုပ်ငန်းမှ ပြန်လည်ထုတ် ပေးသွားမည်ဖြစ်သည်ဟုလည်း အဆိုပါအဖွဲ့က ဆိုသည်။

ခွင့်ပြုချက်ရရှိထားသော ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည် နှင့် လိုင်စင်ကြေး သိန်း ၃၀၊ နှစ်စဉ်ကြေး ၁၀ သိန်း ပေးဆောင်ရမည်ဖြစ်သည်။ အာမခံလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသော ကုမ္ပဏီများထဲတွင် အသက်အာမခံ လုပ်ငန်းကုမ္ပဏီ သုံးခု၊ အသက်အာမခံ နှင့် အထွေထွေအာမခံလုပ်ငန်းရရှိသော ကုမ္ပဏီကိုးခုပါရှိသည်ဟု သိရသည်။ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများမှာ အောက်ပါအတိုင်းဖြစ်သည်-

၁။ Apex Insurance International Co., Ltd
၂။I. K. B. Z Insurance Public Co., Ltd
၃။Great Future International Insurance Co., Ltd
၎။ Capital Life ltd Insurance Application (အသက်အာမခံ)
၅။Global Standard Insurance Public Co., Ltd
၆။Green Asia Insurance Co., Ltd
၇။ ကျောက်စိမ်းဘုရင်နှင့် ဘုရင်မ ၀န်ဆောင်မှု ကုမ္ပဏီလီမိတက်
၈။ မြ၀တီအာမခံကုမ္ပဏီလီမိတက်
၉။ Pillar of Truth Insurance Co., Ltd
၁၀။ နိုင်ငံသား စီးပွားရေးအာမခံ အများပိုင်လီမိတက် (အသက်အာမခံ)
၁၁။ ဧရာမြန်မာ့အာမခံလုပ်ငန်း
၁၂။ မြင့်မိုရ်မင်းအာမခံလုပ်ငန်း (အသက်အာမခံ)