ရခိုင်ပြည်နယ်အရေးသည် ပြည်တွင်းရေးပြဿနာသာဖြစ်ဟု သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)
ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သောပဋိပက္ခ သည် နိုင်ငံတော်အစိုးရက စနစ်တကျ ကိုင်တွယ်ဖြေရှင်းလျက်ရှိသည့် ပြည်တွင်းရေး ပြဿနာတစ်ခု သက်သက်သာဖြစ်ပြီး ဒေသတွင်းပြဿနာနှင့် နိုင်ငံတကာပြဿနာ တစ်ရပ်မဟုတ်ဟု သမ္မတဦးသိန်းစိန်က ယခုလ ၂၀ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့်သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
သတင်းမီဒီယာအချို့၏ မဟုတ်မမှန် လုပ်ကြံချဲ့ကား ပြောဆိုရေးသားခြင်း၊ ဒေသခံ ပြည်သူများနှင့် ပြင်ပလူ့အဖွဲ့အစည်းများမှ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သော မှတ်တမ်းဓာတ်ပုံအတုများဖြင့် ပူးတွဲဖော်ပြရေးသားခြင်းစသည် တို့ကြောင့် ပြဿနာပိုမို ကြီးထွား စေပြီး ပဋိပက္ခအဆုံးသတ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တို့အား နှောင့်နှေးကြန့်ကြာမှုဖြစ်စေလျက်ရှိပါသည် ဟု ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ အစ္စလာမ်ဘာသာ နှင့် အခြားဘာသာ အသီးသီးမှ ဘာသာရေး ခေါင်းဆောင်များ၊ သက်ဆိုင်ရာဒေသရှိ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ အဖွဲ့အစည်းအသီးသီးတို့မှ လူပုဂ္ဂိုလ်များ၏အကူအညီကိုလည်း ရယူဆောင်ရွက်လျက် ရှိပါသည်ဟု ဖော်ပြထားသည်။
လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခပြေငြိမ်းရေးနှင့် စပ်လျဉ်း၍ ပြည်သူလူထုအတွက် အထောက်အပံ့ဖြစ်စေမည့် အပြုသဘောဆောင် သော ဝေဖန်အကြံပြုချက်များ၊ နည်းလမ်းများမျှဝေ ပေးမှုကိုလည်း အလေးထားလက်ခံ၍၊ သုံးသပ် ဆောင်ရွက်ပေး လျက်ရှိပါသည် ဟု ဖော်ပြထားသည်။
ကွဲပြားခြားနားသော ယုံကြည်ကိုးကွယ်မှုများ၊ အမျိုးမျိုးသော ဘ၀နေထိုင်မှုပုံစံများ၊ နောက်ခံအကြောင်းတရားများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ယုံကြည်သည်နှင့်အညီ ရေရှည်စည်းလုံးညီညွတ်မှု၊ အချုပ် အခြာအာဏာ တည်တံ့ ခိုင်မြဲမှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိကြခြင်းကို အမျိုးသားရေး စရိုက်လက္ခဏာ တစ်ရပ်အဖြစ် နိုင်ငံတော် အစိုးရက ဖော်ဆောင်သွားပါမည်ဟု ဖော်ပြထားသည်။
ထို့ပြင် မတူကွဲပြားသော ဘာသာဝင်များနှင့်အမျိုးမျိုးသော မျိုးနွယ်စုများအကြား ပဋိပက္ခဖြစ်ပွားပါက နိုင်ငံတော်တည်ငြိမ် အေးချမ်းမှု နှင့် တရားဥပဒေ စိုးမိုးမှု၊ ဒီမိုကရေစီနိုင်ငံတော်သစ် ဆီသို့ ဦးတည်ရာလမ်းကြောင်းတို့ကို အနှောင့်အယှက်ပြုကြောင်း သတိပြု၍ အလေးထားအရေးယူ ဆောင်ရွက်လျက်ရှိ ပါသည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ စတင်အရှိန် မြင့်လာသည်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကာကွယ်ရေး ၀န်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဘာသာ ပေါင်းစုံအဖွဲ့အစည်းများမှ တာဝန်ခံ များ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သော အဖွဲ့အစည်း များတစ်ရပ်ဖွဲ့စည်း၍ ဆူပူအကြမ်းဖက် လုပ်ရပ် များအား ချက်ခြင်းရပ်တန့်သွားစေရန်နှင့် ထပ်မံ၍ အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် ဆောင်ရွက်ပြီး ဒေသခံပြည်သူများနှင့် ပြည်တွင်း ပြည်ပမှ စေတနာရှင် အဖွဲ့အစည်းများ၏ ပူးပေါင်း ပါဝင်မှုဖြင့် အရေးပေါ်လိုအပ်သော ကူညီပံ့ပိုးမှုများကိုအချိန် နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
ဆက်လက်၍လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ရေး တို့အတွက် ရေတို၊ရေရှည် ဆောင်ရွက်ရမည့် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်ဟု ဖော်ပြထားသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်တွင်းပြဿနာကို ပြည်တွင်း၌သာ အတူတကွ ၀ိုင်းဝန်းပူးပေါင်း၍ ခိုင်မြဲသော အဖြေ တစ်ရပ်ရှာဖွေ ဆောင်ရွက်ပြီး လေးနက်သောရည်ရွယ်ချက်၊ စေတနာတို့ဖြင့် တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သ၀ဏ်လွှာပေးပို့အပ်ပါသည်ဟု ဖော်ပြထားသည်။
