ဒုတိယစီးပွားရေးမြို့တော်စီမံကိန်းတွင် နေရာပြောင်းရွှေ့ခြင်းမပြုရဘဲပါဝင်ဆောင်ရွက်ခွင့်ရရန် မင်းဓမ္မပန်းကွင်းမှ ဆိုင်ရှင်များ တောင်းဆို

ထားထားခင်
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မပန်းကွင်းအတွင်း အလုပ်သမားတစ်ဦး ပန်းပင်များကို ရေဖျန်းနေစဉ်။
ဓာတ်ပုံ - ဘူးသီး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အား ကစား ကွင်းများဌာနမှ ဒုတိယစီးပွားရေး မြို့တော်စီမံကိန်း အတွက် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မပန်းကွင်းရှိ ဆိုင်ခန်းများကို ရန်ကုန်မြို့စွန် ဧရိယာဖြစ်သော သာကေတမြို့နယ်သို့ ပြောင်းရွှေ့ရန်အတွက် နှုတ် ဖြင့် ညွှန်ကြားချက်ကို လွန်ခဲ့သည့်ဇူလိုင်လတွင်ရရှိခဲ့ရာ ဆိုင်ပိုင်ရှင်များ က နိုင်ငံတော်ကဆောင်ရွက်မည့် ရန်ကုန်မြို့၏ ဒုတိယစီးပွားရေးမြို့ တော်စီမံကိန်းတွင် နေရာပြောင်းရွှေ့ခြင်းမပြုဘဲ ပူးပေါင်းပါဝင် ဆောင် ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များ ထံသို့ ဆက်လက်တင်ပြ တောင်းဆိုသွား မည်ဟု ဆိုင်ရှင်များက မြန်မာတိုင်း(မ်)ကို ပြောကြား သည်။

ရန်ကုန်မြို့တော် အဆင့်မြှင့်တင်ရန် အတွက် ဒုတိယမြို့တော်တည် ဆောက်ခြင်းတွင် ယခင်အစိုးရလက်ထက်မှ စနစ်တကျ အကွက်ချ တည်ဆောက်ထား သော မင်းဓမ္မပန်းကွင်းမှ ဆိုင်ရှင်များ အနေဖြင့် ပန်းဥယျာဉ်၊ ပျိုးခြံနှင့် ဆိုင်သော လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်မှာ ၁၂ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် ထိုအချက်ကို ထောက် ရှုခြင်း အားဖြင့် မူလနေရာ၌သာ ဆက်လက် လုပ်ကိုင်ခွင့်ပေးသွားစေလိုကြောင်း ၎င်းတို့က တင်ပြတောင်းဆိုခဲ့သည်။

"ဒီပန်းကွင်းထဲမှာရှိတဲ့ ဆိုင်ရှင်တွေ အားလုံးကို ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန ဌာနမှူးက ဇူလိုင်လ ၅ ရက်နေ့မှာ မင်းဓမ္မ ပန်းကွင်းမှာရှိတဲ့ ဆိုင်ရှင်တွေကို ဖိတ်ခေါ်ပြီးတွေ့ဆုံခဲ့ ပါတယ်။ ဆိုင်ရှင်အားလုံးကို ဒီနှစ် သီတင်းကျွတ်လ နောက်ဆုံးထားပြီး တော့ ရွှေ့ပြောင်းပေးရမယ်လို့ ပြောသွားပါတယ်။ နောက်ပြီးတော့ ပန်းကွင်းထဲမှာရှိတဲ့ စည်ပင်ရုံးခန်းမှာ ဆိုင်ခန်း ငှားရမ်းခတွေကို ဩဂုတ် လအထိပဲ လက်ခံပြီးစက်တင်ဘာလကစပြီး ဆိုင်လခတွေ ထပ်သွင်းတာကို လက်မခံတော့ပါဘူး။ ဆိုင်ရှင်တွေအားလုံးသိရှိတာက မင်းဓမ္မပန်းကွင်းနေရာက ဒုတိယ မြို့တော်စီမံကိန်းအတွက်ကြောင့်လို့ သိရပါတယ်"ဟုလည်း မင်းဓမ္မပန်းကွင်း အတွင်းရှိ သီရိပန်း အိမ် မြေယာအလှ ဆင်ခြင်းနှင့် ပျိုးဥယျာဉ်ခြံမှပိုင်ရှင်ဖြစ်သူ နှင့် မင်းဓမ္မပန်းကွင်းသာယာရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကိုကို လင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

နိုင်ငံတော်စီမံကိန်းဖြစ်သည့် ဒုတိယမြို့တော်စီမံကိန်းအတွက် မင်းဓမ္မပန်းကွင်းရွှေ့ပြောင်းပေးရမှုတွင် စီပွားရေးလုပ်ငန်းအဖွဲ့အစည်း တစ်ခုအတွက် ရွှေ့ပြောင်းပေးရမည်ဆို လျှင် တရားမျှတမှုရှိမည်မဟုတ်ကြောင်း လည်း ဦးကိုကိုလင်းက ပြောကြားခဲ့သည်။

"မင်းဓမ္မပန်းကွင်းက ဆိုင်ခန်းရှင်တွေ အနေနဲ့ ဒုတိယမြို့တော်စီမံကိန်းမှာ ပူးပေါင်းပါဝင်မှုမရှိဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ နေရာ ပြောင်းရွှေ့ခြင်းမပြု ဘဲ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ တင်ပြချင်တာပါ။ ဆိုင်ရှင်တွေအနေနဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက တရုတ် သင်္ချိုင်းမြေနေရာကို ဒီလိုဆိုင်တွေဖြစ်လာအောင် ကြိုးစားရုန်းကန်လာကြရတာပါ။ လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလ အတွင်းမှာ အခက်အ ခဲပေါင်းစုံနဲ့ ကြိုး စား ရုန်းကန်လာကြရပြီး အချိန်၊ လုပ်အား၊ ငွေကြေးအရင်းအနှီးတွေ စိုက်ထုတ် လုပ်ကိုင်ခဲ့ရတာပါ။ ဒါတွေဟာ အခု အချိန်မှာ ဘယ်လိုမှပြန်မရနိုင်တော့ တဲ့ အကြောင်းအရာတွေပါ"ဟု ဆိုင်ခန်း ရှင်များက ပြောသည်။

မင်းဓမ္မပန်းကွင်းပြောင်းရွှေ့ရမည်ဟု ဌာနမှူးက ညွှန်ကြားချက်ထွက်ပေါ်ပြီး နောက်ပိုင်း ဆိုင်ခန်းခများကို စက်တင်ဘာလမှစပြီး လက် ခံခြင်းမပြုတော့ဟူသည့် အချက်ကို ပန်းကွင်းအတွင်းရှိ ရုံးခန်း notice board ၌သာလျှင် လက်ရေးဖြင့် ရေးသားထားပြီး ဆိုင်ခန်းရှင် များထံ သို့ တရားဝင်စာဖြင့်အကြောင်းကြား လာခြင်းမရှိသေးကြောင်းလည်း ဆိုင်ခန်းရှင်များက ဆက်လက်ရှင်းပြခဲ့သည်။

ပန်းဥယျာဉ်နှင့် ပျိုးခြံလုပ်ငန်းများသည် တစ်နည်းအားဖြင့်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုနှင့်သဟဇာတဖြစ်မှုကို တိုက်ရိုက်အထောက် အကူပြုသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းများဟု ခေါ်ဆိုနိုင်ပြီး မြို့ပြဖွံ့ဖြိုးမှုအတွက် အမှန်တကယ်လိုအပ်သည့်အတွက် မြို့စွန် တစ်နေရာသို့ ရွှေ့ပြောင်းခိုင်းခြင်းထက် ဒုတိယမြို့တော်စီမံကိန်းအကျိုးပြု လုပ်ငန်းတွင် ပူးပေါင်းပါဝင်မှု ပြုစေလို သည်ဟုလည်း ပိုင် ရှင်အားလုံးက အလေးအနက်ပြောခဲ့ကြသည်။

ထို့ပြင် မင်းဓမ္မပန်းကွင်းသည် ၂၀၀၁ ခုနှစ်မှ စတင်၍နိုင်ငံတော် အကြီးအကဲများ၏လမ်းညွှန်ချက်ဖြင့် ဖွင့်လှစ်ခဲ့သော ဆိုင်ခန်းများဖြစ် ပြီး နှစ်စဉ် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲများကျင်းပရာ နေရာလည်းဖြစ်သည်။ မင်းဓမ္မပန်းကွင်းကို သာကေတမြို့ နယ်၊ ရှုခင်းသာ အနီးသို့ပြောင်းရွှေ့ရမည် ဟု သိရှိရပြီး ထိုသို့ပြောင်းရွှေ့ခဲ့ရပါက ဆိုင်ရှင်များ၏ စီးပွားရေးအပြင် ၎င်းတို့ကို မှီခိုနေသောအလုပ်သမား များ အတွက်ပါ အခက်အခဲများစွာရှိနိုင် ကြောင်း ဦးကိုကိုလင်းက ပြောသည်။

"သိရတာကတော့ သာကေတမှာရှိတဲ့ ရှုခင်းသာပန်းခြံအနီးတစ်ဝိုက်ကို ပြောင်းမယ်လို့ကြားပါတယ်။ ဒါပေမယ့် ပြောချင်တာကပြောင်း ရွှေ့ရမယ့် နေရာက မူလနေရာမှာရှိတဲ့ ပြပွဲ ပြိုင်ပွဲခန်းမ၊ အစည်းအဝေးခန်းမ၊ ရုံးခန်း၊ ကားရပ်ရန်နေရာ အခင်း အကျင်း ပုံရိပ်၊ ဆိုင်အ ကျယ်အ၀န်း၊ အောက်ခံမြေသား၊ ပန်းဥယျာဉ်ခြံမြေ အတွက် ရေရရှိတာတွေကအစ မူလနေ ရာအနေအထားကို လုံးဝမီနိုင်မယ်မထင် ပါဘူး။ ၁၂ နှစ်တာလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ နေရာတစ်ခုကို တခြားတစ်နေရာကို ရွှေ့လိုက်တယ်ဆိုတော့ အချိန်၊ငွေကြေး ရင်းနှီးမြှုပ်နှံ မှုတွေ ဆုံးရှုံးသွားရသလို ခံစားရပါတယ်။

"ဒီမှာ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိပြီး ဆိုင်ရှင်ပေါင်း ၁၀၀ ကျော်ရှိပါတယ်။ သူတို့ကိုမှီခိုနေတဲ့ ၀န်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိပါတယ်။ ပြောချင်တာက ပန်း ဥယျာဉ်၊ ပန်းခြံနဲ့ ပတ်သက်တဲ့ လုပ်ငန်း တွေဟာ အရေးမကြီးတဲ့၊ အရေးမပါတဲ့ လုပ်ငန်းတွေဆိုပြီး မျက်ကွယ်မ ပြုသင့် ပါဘူး။ ကျွန်တော်တို့လုပ်ငန်းတွေ အနေနဲ့ အများပြည်သူကို စိတ် အနှောင့်အယှက်ပေးနေတဲ့ လုပ်ငန်း မျိုးတွေ မဟုတ်ပါဘူး။ အသံဆိုး၊ အနံ့ဆိုး လည်း မထွက်ပါဘူး။ နောက်ပြီးမြို့ပြ ဖွံ့ဖြိုးမှုအတွက်ါမနနည မေနေ ဆိုတာ လိုအပ်ချက်တစ်ခုပါ။ ဒီအတွက် နှစ် ပေါင်းများစွာ အခြေကျပြီးသားနေရာ တစ်ခုကို အခြားနေရာကိုရွှေ့လိုက်တာမျိုးကိုတော့ လက်သင့်မခံနိုင်သလို မလိုလည်း မလိုလား ပါဘူး" ဟု ဦးကိုကိုလင်း က ပွင့်လင်းစွာပြောခဲ့သည်။

ထိုကဲ့သို့ ပြောင်းရွှေ့ရမည်ဆိုသည့်သတင်းကြောင့် ဆိုင်ခန်းရှင်များအားလုံးစုပေါင်း၍ နိုင်ငံတော်သမ္မတ၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန် မြို့တော်စည်ပင် တွဲဖက်အတွင်းရေးမှူး၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဌာနမှူးတို့ ထံသို့ အသနားခံစာများပေး ပို့ခဲ့ကြောင်း လည်း သိရသည်။

ပန်းဥယျာဉ်နှင့် ပျိုးခြံလုပ်ငန်းများ သည် အခြားလုပ်ငန်းများနှင့်မတူ သည့် ခက်ခဲလက်ဝင်သည့် လုပ်ငန်း မျိုးဖြစ်ပြီး ရာသီဥတုအခြေ အနေ၊ ပန်းခြံစိုက်ပျိုးရန်အတွက် သန့်ရှင်းသော ရေရရှိမှု၊ အောက်ခံမြေဆီလွှာအခြေ အနေ စသည်တို့မှာအပင်စိုက်ပျိုးရန် အတွက် အရေးကြီးသည့်လိုအပ်ချက် များဖြစ်ကြောင်း ဆိုင်ရှင်များက ဆက်လက်ရှင်းပြခဲ့သည်။

"အပင်စိုက်ပျိုးတဲ့ လုပ်ငန်းတွေက လွယ်မယောင်နဲ့ ခက်ခဲနက်နဲတဲ့လုပ်ငန်းပါ၊ နေရောင်ခြည်ရရှိမှု၊ အောက်ခံမြေသားအခြေအနေနဲ့ ရေကောင်းရေသန့် ရရှိမှုတွေက ပန်းဥယျာဉ်လုပ်ငန်းလုပ် ကိုင်ဖို့အတွက် အရမ်းအရေးကြီးတဲ့ လိုအပ်ချက်တွေဖြစ်ပါတယ်။ သာကေ တ မြို့နယ်ကို ရွှေ့မယ်ဆိုရင် ကားလမ်းမကြီးနဲ့ နီးတဲ့အတွက် တုန်ခါမှုရှိတယ်။ ဒါက ပန်းဥယျာဉ်လုပ်ငန်းအတွက် အဆင်မပြေတဲ့ အချက်တစ်ချက်ဖြစ်တယ်။ ဒီအနီး ၀န်းကျင်မှာ ပန်းဥယျာဉ်လုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုရင်ရေငန်တွေကိုပဲ သုံး ရမှာဖြစ်တဲ့အတွက် ပန်းဥယျာဉ်လုပ်ငန်း တွေ ရေရှည်ရှင်သန်ဖြစ်ထွန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခက်အခဲတွေ များတယ်"ဟု ၎င်းတို့က မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။

နွယ်ဝတီ ပန်းဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဒေါ်နီဝါလွင်ကလည်း မင်းဓမ္မပန်းကွင်း ပြောင်းရွှေ့ရမည်ဆိုသည်ကိုမလိုလားကြောင်း ၎င်းအမြင်ကို ပြောပြခဲ့သည်။

"သွားလာရေးလွယ်ကူပြီး အားလုံးရဲ့ အချက်အချာဖြစ်တဲ့ မင်းဓမ္မပန်းကွင်းကို မူလနေရာမှာပဲ ရှိစေချင်ပါတယ်။ ဒါဟာ ပျိုးဥယျာဉ် ခြံပိုင်ရှင် တွေအားလုံးရဲ့ ဆန္ဒ ဖြစ်ပါတယ်။ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ မင်းဓမ္မဧရိယာဟာ မြို့တွင်း၊ မြို့ပြင်ကို သွားလာဆက်သွယ်နိုင် တဲ့ အစိမ်းရောင် ဗဟိုချက်ဧရိယာဖြစ်တယ်။ ပန်းဥယျာဉ် လုပ်ငန်းလုပ်ကိုင်သူအားလုံးအတွက် အဆင်ပြေတယ်။ သာကေတမြို့နယ် ကို ရွှေ့မယ်ဆိုရင် ပုလဲ၊ ရွှေပြည်သာ၊ လှိုင်၊ အင်းစိန်မြို့နယ်တွေမှာရှိတဲ့ ပန်းဥယျာဉ် နဲ့ ပျိုးခြံလုပ်ငန်းတွေအတွက် ပန်းပင်၊ ပျိုး ပင် သယ်ဆောင်စရိတ်တွေကြီးမြင့်သွား မှာဖြစ်တဲ့အပြင် အလုပ်သမားခတွေ အပါအ၀င် ကုန်ကျစရိတ်တွေမြင့်တက် သွားနိုင်တယ်။ ဒါက မပြောင်းရွှေ့နိုင်တဲ့ အချက်တစ်ချက်ပါ။

"နောက်ပြီး ကျွန်မတို့တွေက ပန်းဥယျာဉ်လုပ်ငန်းကို နှစ်ရှည်လများ အနစ်နာခံပြီး ရင်းနှီးလုပ်ကိုင်လာခဲ့ရတာ ပါ။ လုပ်ငန်းစတင်ခါစ ပထမသုံးနှစ်မှာ ဆိုရင် ဈေးကွက်ဝယ်လိုအားရရှိ အောင် မနည်းကြိုးစားရုန်းကန်ခဲ့ရပါ တယ်။ သာကေတဘက်ကိုသာ ပြောင်း ရွှေ့ ခဲ့ရမယ်ဆိုရင် ကျွန်မတို့ဟာ ဆယ်စု နှစ်တစ်စုစာ နောက်ပြန်ဆုတ်သွားရသ လိုဖြစ်ပြီး အားလုံးကို အစကပြန်စရမှာ ပါ။ ဒါကြောင့် မူလနေရာမှာသာ ဆက်လက် လုပ်ကိုင်လိုပြီး ပြောင်းရွှေ့ဖို့ဆိုတာကို တွေးတောင် မတွေးရဲပါဘူး"ဟု ဒေါ်နီဝါလွင်က ပြောသည်။

မင်းဓမ္မပန်းကွင်းအား မူလနေရာမှ နေရာသစ်သို့ ပြောင်းရွှေ့ခိုင်းခြင်း သည် လုပ်ငန်းရှင်များ၏ဘ၀နှင့် အချိန် ဟူသော ရင်းနှီးမြှုပ်နှံ မှုကို ပြန်လည် အစားထိုး၍ မရနိုင်တော့ကြောင်း ဘကြီးဖြိုးသစ်ခွခြံမှ ပိုင်ရှင်ဖြစ်သူ ဒေါက်တာဖြိုးဇော်မင်းက ရှင်းပြခဲ့သည်။

"ပြောင်းရွှေ့တာကို လက်မခံနိုင်ဘူး ဆိုတဲ့အချက်မှာ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းထဲမှာ ဘ၀တွေ၊ အချိန်တွေကို ရင်းနှီးမြှုပ်နှံထား ရတာပါ။ ဒါတွေဟာ ဘယ်လိုမှ ပြန်လည်မရနိုင်တော့ပါဘူး။ တကယ်လို့သာ ပြောင်းရွှေ့ခံခဲ့ရမယ် ဆိုရင် အားလုံးကို နောက်ပြန်ဆွဲတဲ့ အစ ကနေ ပြန်စရသလို ဖြစ်မယ်လို့ ယုံကြည် မိပါတယ်"ဟု ၎င်းကဆိုသည်။

ဒုတိယစီးပွားရေးမြို့တော်စီမံကိန်း အတွက် ပြောင်းရွှေ့ခိုင်းသည့် မင်းဓမ္မ ပန်းကွင်းအတွက် မူလစီးပွားရေး လုပ်ငန်းများကို အမိန့် အာဏာဖြင့် ဖယ်ရှား၍ အခြားစီးပွားရေးလုပ်ငန်း တစ်ခုနှင့် အစားထိုးခြင်းက တရားမျှတမှု မည်မျှရှိပါသလဲဟူ၍လည်း ဒေါက်တာ ဖြိုးဇော်မင်းက မေးခွန်းထုတ်ခဲ့သည်။

"မင်းဓမ္မပန်း ပြပွဲ၊ ပြိုင်ပွဲကွင်းကို ပြောင်းရွှေ့လိုက်ခြင်းကြောင့် ဒီမရမ်း ကုန်းမြို့နယ်မှာ ပြည်သူအပန်းဖြေစရာ စိမ်းလန်းစိုပြည်တဲ့ နေ ရာတစ်ခု လျော့သွားပြီး နောင်အခါပန်းပြပွဲ၊ပြိုင်ပွဲ ကျင်းပဖို့ စနစ်ကျတဲ့ နေရာတစ်ခု ပျောက်သွားမှာပါ။ ဒီအတွက်သက်ဆိုင်ရာ တာဝန် ရှိသူတွေကို မေးချင်တာ ကတော့ ဒီပန်းကွင်းကြီး ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စအတွက် ဘယ်သူတာဝန်ယူမှာလဲ၊ ဆိုလိုတာက ဘယ်ပုဂ္ဂိုလ် က တာဝန်ခံတာလဲဆိုတာကို တိတိကျကျ သိချင်ပါတယ်။ ဒါကို အများပြည်သူတွေ ကလည်း သိချင်နေကြမယ်လို့ ထင်ပါတယ်"ဟု ၎င်းကပြောသည်။

သဇင်ပျိုးဥယျာဉ်မှပိုင်ရှင်ဖြစ်သူ ဒေါ်ခင်စိုးရီကလည်း"အန်တီ့အသက် က ၆၃ နှစ်ရှိပါပြီ။ တကယ်လို့များ ပြောင်းရွှေ့ရမယ်ဆိုရင် ၁၀ နှစ်တာ လုပ်ကိုင်ခဲ့ပြီးတဲ့ အလုပ်ကိုအသစ်က ပြန်စလုပ်ရမှာဖြစ်တဲ့အတွက် နောက်ထပ် ဆယ်စုနှစ်တစ်ခုမှာဒီအခြေအနေ အတိုင်းပဲဆို ရင် အလုပ်တောင် ဆက်လုပ်နိုင်ပါဦးမလားဆိုတာတောင် စဉ်းစားစရာဖြစ်နေပါပြီ။ ဒီအတွက် စိုးရိမ် ပူပန်မိပါတယ်"ဟုလည်း ဒေါ်ခင်စိုးရီက ၎င်းခံစားချက်ကို ပြောပြခဲ့သည်။

မင်းဓမ္မပန်းကွင်း ပြောင်းရွှေ့ရန်သတင်းထွက်ပေါ်နေခြင်းကိစ္စနှင့်ပတ်သက်၍ မြန်မာတိုင်း(မ်)က ရန်ကုန်မြို့တော်စည်ပင်၊ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။