ပြည်လမ်းပေါ်ရှိ နိုင်ဂရု(ပ်)၏ ကမ္ဘောဇတာဝါထပ်မံတိုးချဲ့ဆောက်လုပ်မည်
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)
နိုင်ဂရု(ပ်)ဆောက်လုပ်ရေးမှ တာဝန် ယူ တည်ဆောက်သည့် ပြည်လမ်းနှင့် ဗားဂရာလမ်းဆုံ၊ မြေနီကုန်းမီးပွိုင့်အနီးရှိ ကမ္ဘောဇတာဝါ (KBZ Tower) ကို ထပ်မံ တိုးချဲ့တည်ဆောက်မည်ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ကျင်းပသည့် The Most Amazing Exhibition & Car Show တွင် နိုင်ဂရု(ပ်) ဆောက်လုပ်ရေးမှ marketing advisor ဦးခွန်ထူးက ပြောသည်။
"KBZ Tower ကို မိတ်ဆက်ရောင်းချတုန်းက အခန်းမ၀ယ်လိုက်ရတဲ့ နိုင်ဂရု(ပ်) ရဲ့ ၀ယ်ယူသူတွေအတွက် ထပ်မံတိုးချဲ့တည်ဆောက် တာဖြစ်ပါတယ်။ ထပ်မံ တိုးချဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ၀ယ်လိုအား အရမ်းကောင်းခဲ့လို့ပါပဲ။ ကမ္ဘောဇတာဝါကို မနှစ်က ဖေဖော်ဝါရီ မှာ အရောင်းစတင်ဖွင့်လှစ်ခဲ့ပြီး သုံးလအတွင်းမှာ အခန်းအားလုံး ကုန်သွားခဲ့ပါတယ်။
"ထပ်မံတိုးချဲ့တဲ့ အစိတ်အပိုင်း(addi tional new phase)က မူလအဆောက် အအုံရဲ့အနောက်ဘက်ကို ထပ်မံတိုးချဲ့တာဖြစ်ပါတယ်။ ဒီနေ့ ပြပွဲနေ့မှာပဲ အရောင်းစတင်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ပြပွဲရက်အတွင်းမှာ ထပ်မံတိုးချဲ့တဲ့ ကမ္ဘောဇတာဝါရဲ့ ရောင်းအား ၅၀ရာခိုင် နှုန်းလောက်အထိ ရခဲ့မယ်လို့ မျှော်မှန်းပါတယ်"ဟု ဦးခွန်ထူးက အိမ်ရာအရောင်း ပြပွဲစတင်ဖွင့်လှစ်သည့်အခမ်းအနားကျင်းပသည့်နေ့ တွင် ပြောကြားခဲ့သည်။
အထပ်ပေါင်း ၁၆ ထပ်အမြင့်ရှိ သည့် ကမ္ဘောဇတာဝါတွင် မြေအောက် ထပ် နှစ်လွှာသည် ကားပါကင်ဧရိယာ ဖြစ်ပြီး ရုံးခန်းများမှာ သုံး လွှာမှ ခုနစ်လွှာ အထိ ငါးထပ်ပါဝင်မည်ဖြစ်၍လူနေခန်းများမှာ ရှစ်လွှာမှ ၁၅ လွှာအထိဖြစ်သည်။အပေါ်ဆုံးထပ်တွင် စားသောက်ဆိုင်၊ ရေကူးကန်နှင့် အခြားပံ့ပိုးမှု အင်္ဂါရပ် များ ပါဝင်သည်။
ထပ်မံတိုးချဲ့မည့် ကမ္ဘောဇတာဝါမှာ မူလအဆောက်အအုံနှင့် တစ်ဆက်တစ်စပ်တည်းရှိမည်ဖြစ်ပြီး စတုရန်းပေပေါင်း ၅,၅၀၀ ၀န်းကျင် ခန့် ကျယ်ဝန်းကြောင်း သိရှိရသည်။ထပ်မံ တိုးချဲ့သည့် ကမ္ဘောဇတာဝါအဆောက် အအုံတွင် ရုံးခန်းများ၊ အဆင့်မြင့်လူနေ အခန်းများ နှင့် ပံ့ပိုးမှုအင်္ဂါရပ်များ ပြည့်စုံ စွာ ပါရှိမည်ဖြစ်သည်။
"အားသာချက်ကတော့ ကမ္ဘောဇဘဏ် နဲ့ ချိတ်ဆက်ပြီး hire purchase စနစ်နဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် ၀ယ်သူ တွေအတွက် ပိုအဆင်ပြေတယ်။ ၂၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းပြီးတော့ ကျန် ၈၀ ရာခိုင်နှုန်းကို လေးနှစ်အရစ်ကျ ပေးသွင်းရမှာပါ။ ထပ်မံတိုး ချဲ့လိုက်တဲ့ new phase အတွက် hire purchase နဲ့ ငွေချေကာလ ပိုကြာကြာပေးထားတဲ့ အတွက် ၀ယ်သူတွေ ပိုကြိုက်ကြမယ်လို့ ထင်ပါတယ်"ဟု ၎င်းကရှင်းပြခဲ့သည်။
အဆိုပါနေ့တွင် နိုင်ဂရု(ပ်)ဆောက် လုပ်ရေး၏ တည်ဆောက်ဆဲနှင့် တည် ဆောက်ပြီးစီမံကိန်းပေါင်း ၂၀ ကျော်မှ ကွန်ဒိုမီနီယံများ ပါဝင်ပြသခဲ့သည်။အိမ်ရာအရောင်းပြပွဲကျင်းပသည့် စက်တင်ဘာ ၆ ရက်မှ ၉ ရက်အတွင်း ပါဝင် ပြသခဲ့သည့် ကွန်ဒိုများကို ၃၀ ရာခိုင် နှုန်း အထိ ဈေးလျှော့ရောင်းချ ပေးခဲ့ကြောင်း သိရှိရသည်။
