မေသူအိမ်ရာတွင် နေထိုင်သူများက ကန်ထရိုက်တာအား တာဝန်မကျေပွန်မှုကြောင့် သက်ဆိုင်ရာ သို့ တိုင်တန်း

ထားထားခင်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

ကမာရွတ်မြို့နယ်ရှိ မေသူအိမ်ရာအား လွန်ခဲ့သည့် သီတင်းပတ်က တွေ့ရစဉ်။
ဓာတ်ပုံ - ဘူးသီး

ကားပါကင်ကြေး တိုးမြှင့်ကောက်ခံမှုမှ စတင်၍ မေသူအိမ်ရာ၏ တိုက် မျက်နှာစာ ညာဘက်ခြမ်းတွင်ရှိသော ကြိဂံပုံမြေကွက်အား နေထိုင်သူ တိုက်ခန်းရှင်များ၏သဘောတူခွင့်ပြုချက်မပါရှိဘဲအထပ်မြင့်အဆောက် အအုံဆောက်လုပ်ရန် စီစဉ်နေခြင်းနှင့် တိုက်ခန်းရှင်များပေါ်တွင်ရေနှင့် လျှပ်စစ်မီတာသုံးစွဲခွန်များကို မှန်ကန်မျှတမှုမရှိစွာ ကောက်ခံနေခြင်း များက ကမာရွတ်မြို့နယ်၊ အမှတ်(၁) ရပ်ကွက် (အောင်မြေသာစည် အိမ်ရာ စီမံကိန်း) အတွင်းရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၏ အိမ်ရာစီမံကိန်း ဖြင့် တည်ဆောက်ခဲ့သော မေသူအိမ်ရာရှိ နေထိုင်သူ များနှင့် တိုက်တည် ဆောက်ခဲ့သူ ကန်ထရိုက်အကြား ပြဿနာများ စတင်ဖြစ်ပွားရခြင်း၏အကြောင်းရင်းဖြစ်ကြောင်းနေထိုင်သူ တိုက်ခန်း ရှင်များက မြန်မာတိုင်း(မ်) သို့ စက်တင်ဘာလဆန်းတွင် ပြောကြားခဲ့ သည်။

"ကန်ထရိုက်နဲ့ ပြသနာဖြစ်တာက ၂၀၁၂ မေလလောက်မှာစတာပါ၊ တစ်ခန်း တစ်စီးနှုန်းနဲ့ရပ်တဲ့ ကားပါကင်ခနှုန်း ထားတွေကို တစ်စီး စာအတွက်ကျပ် ၂,၅၀၀ ကောက်ခံနေကျကနေ ကျပ် ၄,၀၀၀၊ တစ်ခန်းကို ကားတစ်စီးထက် ပိုရှိတဲ့သူတွေအတွက် ကျပ် ၅,၀၀၀ က နေ ကျပ် ၁၀,၀၀၀ လောက်အထိတက်သွားပါတယ်၊ ဒီလိုတက်သွားတယ်ဆိုတာကို အခန်းရှင်တွေအားလုံးကိုလည်း အကြောင်းမ ကြားပါဘူး"ဟု မေသူအိမ်ရာ သာယာရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တိုက်ဘီတွင် နေထိုင်သည့် အခန်းရှင်တစ်ဦး ဖြစ်သူ ကိုအောင်နိုင်ထွန်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

ပြဿနာများ ပိုမိုကြီးထွားလာစေသည့် အချက်မှာ တည်ဆောက်သူကန်ထရိုက်တာမှနေ၍ မေသူအိမ်ရာမျက်နှာစာညာ ဘက်တွင်ရှိ သော ကြိဂံပုံမြေကွက်၊ အကျယ်အားဖြင့်ပေ ၃၀x၅၃x၉၀x၇၀ ခန့်ပေါ်တွင် နှစ်ခန်းတွဲရှစ်ထပ်ဟိုတယ်တည်ဆောက်ရန်အတွက်စတင် ဆောင် ရွက်လာခြင်းကြောင့်ဟုလည်း ၎င်းက ဆက်လက်ရှင်းပြသည်။

"တိုက်ခန်းရှင်တွေ စ၀ယ်တုန်းက ကန်ထရိုက်က အိမ်ရာအင်္ဂါရပ်နဲ့ ညီ ညွတ်အောင် ဒီမြေကွက်ကို ကစားကွင်း ဒါမှမဟုတ် ပန်းခြံအ ဖြစ် လုပ်ပေးဖို့ အတွက်လို့ပြောပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာကတိမတည်ဘဲ မြေကွက်ပေါ်မှာ အထပ်မြင့်အဆောက်အအုံဆောက် လုပ်ဖို့ ကြိုးပမ်းလာတာ တွေ့ရ ပါတယ်"ဟု ၎င်းကပြောသည်။

အဆိုပါတြိဂံပုံမြေကွက်မှာ ယခင်က မေသူအိမ်ရာဝင်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ပြီး သီးခြားပိုင်းခြားထားခဲ့ခြင်း မရှိကြောင်း သိရ သည်။ သို့သော်လည်း လွန်ခဲ့သောတစ်နှစ်ကျော်ခန့်မှစတင်ပြီး အဆိုပါပန်းခြံဆောက်လုပ်မည့် မြေကွက်ငယ်အား လုံခြုံရေးအကြောင်း ပြချက်ဖြင့် တိုက်ခန်းရောင်းချသူ ဦးထွန်းရွှေက အုတ်ခြံစည်းရိုးခတ်ခဲ့ ကြောင်းသိရသည်။

ထို့ပြင် မျက်နှာစာအခန်းပိုင်ရှင်များထဲမှ ၎င်းမြေကွက်နှင့်ကပ်လျက်ရှိသောအခန်းပိုင်ရှင်အချို့ထံမှ အထပ်မြင့်အဆောက်အအုံဆောက် လုပ်မည်ဟု အသိပေးပြောကြားခြင်းမရှိဘဲ စာမျက်နှာအလွတ်များပေါ်တွင် လိမ်လည်၍ ၎င်းတို့၏ လက်မှတ်များရယူခဲ့ကြောင်း ၎င်းတို့ က ပြောသည်။

"ကန်ထရိုက်က တိုက်ခန်းပိုင်ရှင်တွေ ကို ဘာမှအသိပေးအကြောင်းကြားခြင်း မရှိဘဲ သူ့သဘောနဲ့သူလုပ်တာဖြစ်ပါ တယ်။ တိုက်ခန်း ရှင်တွေအားလုံးက မြေကွက်ပေါ်မှာ ပိုင်ရိုက်စက်ကြီးတွေ လာချမှသိရပါတယ်။ ဒီအရှိန်ကြောင့် မြေကွက်နဲ့ကပ်လျက်မှာရှိတဲ့ မေသူ အိမ်ရာ တိုက်အေရဲ့ ပထမထပ်မှာ ရှိတဲ့ အခန်းက beam line တွေအက်လာတယ်၊ သံချောင်းတွေပေါ်လာပြီး ဘိလပ်မြေတွေ ကွာကျ လာတယ်။ ဒီတော့ အထပ်မြင့်တိုက်ဆောက်လုပ်မယ် ဆိုတာကို ရာသက်ပန်ကန့်ကွက်တယ်ဆိုတဲ့အကြောင်းကို တိုက်ခန်းပိုင်ရှင် တွေ အားလုံး လက်မှတ်ရေးထိုးပြီး ရန်ကုန်မြို့တော်ဝန်နဲ့ ရန်ကုန်မြို့တော် စည်ပင်တွဲဖက်အတွင်းရေးမှူးထံကို စာတင်လိုက်ပါတယ်"ဟု ကိုအောင်နိုင်ထွန်းက ရှင်းပြသည်။

အိမ်ရာတွင်နေထိုင်သူများက အဆိုပါ စီမံကိန်းအရှိန်ကြောင့် အထပ်မြင့်တိုက်များ၏ကြံ့ခိုင်မှုအတွက် စိုးရိမ်ကြောင့်ကြမှုများရှိလာသည့် အတွက် ဝေဖန်ပြစ်တင် သံများထွက်လာခဲ့သည်။

"ဒီတိုက်ခန်းကို စ၀ယ်တုန်းက အလင်း ရောင်တို့၊ လေ၀င်လေထွက်တို့ ကောင်းတဲ့ ထောင့်ခန်းဖြစ်လို့ ၀ယ်လိုက်တာပါ။ ဒီအတွက် သိန်း ၂၀ ပိုပေးရပါ တယ်။ ၂၀၀၈ နှစ်လယ်လောက်မှာ ကန်ထရိုက်တာ ဦးထွန်းရွှေဆီက၀ယ်ခဲ့တာပါ။ အဲဒီတုန်းက ဒီနားကမြေကွက် က ဘာအတွက်လဲလို့မေးတော့ ပန်းခြံလုပ်ဖို့ အတွက်လို့ ပြောပါတယ်။ ဒါပေမယ့် အခုကျမှ အထပ်မြင့်အဆောက်အအုံ အဖြစ် ပြောင်း သွားတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ ပြောချင်တယ်၊ နောက်ပြီး တိုက်အေနဲ့ ပန်းခြံကြားကို လုံခြုံရေးအတွက်လို့ပြောပြီး အုတ်ခြံစည်း ရိုးကာလိုက်တယ်။ ဒါ့ပြင် စာရွက်လွတ်ပေါ်မှာ မလိမ့်တပတ်နဲ့ လက်မှတ် ထိုးခိုင်းတယ်။ ဒါပေမယ့် အန်တီက လက်မှတ်မထိုးခဲ့ပါဘူး" ဟု မေသူ အိမ်ရာတိုက်အေ၊ လေးလွှာတွင် နေထိုင်သည့် တိုက်ခန်းပိုင်ရှင် ဒေါ်သိန်း သိန်းဝင်းက ပြောသည်။

အထပ်မြင့် စီမံကိန်းကြောင့် တိုက်အေ ပထမထပ်ရှိတိုက်ခန်းတွင် beam line များ အက်ကွဲ၍ ဘိလပ်မြေများကွာကျလာခြင်းက အဆို ပါတိုက်ရှိနေထိုင် သူများအတွက် သဘာဝဘေးကဲ့သို့ သော အန္တရာယ်တစ်ခုခုကျရောက်လာ လျှင် အထူးပင်စိုးရိမ်ရကြောင်း၎င်းက ဆက်လက်ပြောသည်။

"သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ် လာရင် ကိုယ့်တိုက်အတွက် စိုးရိမ် ရတာပေါ့။ ဥပမာ-ငလျင်လိုမျိုးဆိုရင် အထူးစိုးရိမ်ရမှာ။ ကိုယ် က ဒီတိုက် ခန်းကို သူများထက် ဈေးပိုပေးပြီး ၀ယ် ထားရတာဖြစ်တဲ့အတွက် ပိုစိုးရိမ်တယ်" ဟု ၎င်းကပြောသည်။

မေသူအိမ်ရာတွင် နှစ်ခန်းတွဲငါးထပ် တိုက်ခြောက်လုံးရှိပြီး အခန်းစုစုပေါင်း ၆၀ ရှိသည်။ ထိုထဲတွင် ၃၂ ခန်းမှာ ကန်ထရိုက်က တိုက် ခန်းရှင်များကို တရားဝင်စာချုပ်ဖြင့် ရောင်းချပြီးဖြစ်ပြီး ၂၈ ခန်းမှာ ကန်ထရိုက်ကအခြားသူများ ကို ငှားရမ်းထားသည်ဟု နေထိုင်သူ များ၏ ပြောချက်အရ သိရသည်။

ထိုကဲ့သို့ ပြဿနာများဖြစ်ပွားလာမှု ကြောင့် ဇူလိုင်လတွင်း၌ ရန်ကုန် မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော်စည်ပင် တွဲဖက်အတွင်းရေးမှူး ထံ စာဖြင့် တိုင်ကြားခဲ့ခြင်းကြောင့် လာရောက် စစ်ဆေးခဲ့ရာတွင် အိမ်ရာတွင်နေထိုင်သည့် တိုက်ခန်းပိုင်ရှင်များ၏ ပိုင်ဆိုင်မှု အတွက် စာရွက်စာတမ်းနှင့်အထောက် အထားများအတွက် မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း တိုက်ဘီတွင် နေထိုင် သူတစ်ဦးဖြစ်သည့် ကိုအောင်နိုင်ထွန်းက ဆက်လက်ရှင်းပြသည်။

"ဇူလိုင် ၂၆ မှာတွဲဖက်အတွင်းရေးမှူး လာရောက်စစ်ဆေးတဲ့အခါမှာ အိမ်ရာ ရဲ့ မြေပုံ၊ စာရွက်စာတမ်းတွေတောင်းယူ စစ်ဆေးတယ်။ ဒီအခါမှာ ကန်ထရိုက် ဦးထွန်းရွှေရဲ့ရုံးခန်းကမန်နေဂျာက ဘာအထောက်အထားမှမပြနိုင်ဘူး။ အိမ်ရာရဲ့ ဘီစီစီလည်း မပြနိုင်ဘူး။

"ဒီအချိန်မှာ ကျွန်တော်တို့နေထိုင်သူတိုက်ခန်းရှင်တွေ သိသွားတာက တိုက် ခန်း ၀ယ်စဉ်တုန်းက ကန်ထရိုက်ဆီက ownerbook တို့၊ လူနေထိုင်ခွင့်ဘီစီစီ တို့ရအောင် ဆောင်ရွက်ရမယ်ဆိုတာပါပဲ။ သူတို့ဘက်ကလည်း အဲဒီတုန်းက ကျွန်တော်တို့နေထိုင်သူတွေကိုပြော တာ က အိုးအိမ်စီမံကိန်းမို့လို့ ဘီစီစီ မလိုဘူးလို့ပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း အိုးအိမ်စီမံကိန်းအိမ်ရာဆိုတော့ မလိုအပ်ဘူး ထင်လို့မတောင်းခဲ့ဘူး။ အခု ကျတော့ အခြေအနေက ပြောင်းသွား ပြီဖြစ်တဲ့အတွက် ဒါတွေလိုအပ်လာပြီ။

"ဒီအိမ်ရာမှာ ခုနစ်နှစ်၊ ရှစ်နှစ်လောက် နေထိုင်လာခဲ့တဲ့ တိုက်ခန်းပိုင်ရှင်တွေက ကန်ထရိုက်ဦးထွန်းရွှေရဲ့မတရားလုပ်ဆောင်ချက်တွေ ကြောင့် နစ်နာတယ်။ အခုအချိန်က အစိုးရသစ် လက်ထက်လည်း ဖြစ်နေပြီဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မျှမျှတတ မှန်မှန်ကန်ကန်ဖြေရှင်းပေးနိုင် မယ်လို့ အသေအချာမျှော်လင့်ပါတယ်" ဟု ကိုအောင်နိုင်ထွန်းက ၎င်းမျှော်လင့် ချက်ကို ပြောသည်။

မေသူအိမ်ရာတိုက်စီတွင် နေထိုင် သည့် တိုက်ခန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာသိန်းဇံကလည်း ကန်ထရိုက် ဦးထွန်းရွှေ၏ အပြုအမူနှင့် ဆောင်ရွက် ချက်များသည် ကန်ထရိုက်တစ်ယောက် ၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

"ဒီမှာနေလာတာ ခုနစ်နှစ်ရှိပြီ။ ဒါပေမယ့် ကောက်ခံတဲ့ ကုန်ကျစရိတ် တွေအတွက် ငွေစာရင်းရှင်းတမ်းထုတ် ပေးတာမျိုး တစ်ခါမှမရှိခဲ့ ဘူး။ နောက်ပြီး အိမ်ရာတည်ဆောက်ခဲ့တဲ့ ကန်ထရိုက် ဖြစ်ပြီး တိုက်ခန်းရှင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်မှုမရှိဘူး။ ဆိုလိုတာက တိုက် ခန်းရှင်တွေဘက်က အခက်အခဲရှိလို့ ကန်ထရိုက်နဲ့ ပြောဆိုဆွေးနွေးလိုတယ်ဆိုရင် သူနဲ့ ဘယ်တော့မှမတွေ့ခဲ့ရဘူး။ သူ့လက်အောက် က မန်နေဂျာနဲ့ပဲ တွေ့ရတယ်။ ဒါဟာဒီအိမ်ရာမှာ နေထိုင်တဲ့ တိုက်ခန်းရှင်တွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲ ဖြစ်ပါတယ်" ဟု ဒေါက်တာသိန်းဇံက ပြောသည်။

"အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ကန်ထရိုက်အနေနဲ့ အိမ်ခန်းရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုမရှိတာပါပဲ။ ဒါကြောင့် အိမ်ရာသာယာရေး ကော်မတီ ဖွဲ့ပြီး တိုက်သာယာရေးဆောင်ရွက်လိုက် တာက ပိုပြီးကောင်းသွားတယ်လို့မြင်ပါ တယ်။ ဒါမှမဟုတ်ရင်အားလုံးအတွက် အစစအရာရာ အဆင်မပြေနိုင်ဘူး" ဟု ၎င်းကပြောသည်။

မေသူအိမ်ရာသာယာရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်ပြီး တိုက်ဘီတွင် နေထိုင်သူအခန်းရှင်တစ်ဦးဖြစ်သည့် ဒေါ်မီမီခိုင်က "အ ခန်းရှင်တွေက အခု အချိန်မှာ owner book လိုအပ်မှန်း သိလာကြတယ်။ ပိုင်ဆိုင်မှုခိုင်မာဖို့ အတွက် ဒါကလိုအပ်လာပြီ။ အခန်း ၀ယ် ထားတဲ့ ပိုင်ရှင်တွေဖြစ်တာတောင် ကိုယ့်အခန်းပိုင်ဆိုင်မှုအတွက် အခုလို ကန်ထရိုက်မျိုးနဲ့တွေ့တဲ့အခါမှာ ပိုင်ဆိုင်မှုအထောက် အ ထား ခိုင်မာဖို့ ပိုလိုအပ်လာပြီလို့ မြင်မိတယ်။ ဒီအတွက် စိုးရိမ်စရာတွေ ရှိလာပြီ။ ဒါကို သင်ခန်းစာလို့ပဲ မှတ်ယူပြီးနောင် အိုးအိမ်စီမံ ကိန်း ကွန်ဒိုအခန်း၊ ကန်ထရိုက်အခန်းဝယ်ယူသူတွေအတွက် ကန်ထရိုက်တာဆီမှ သက်ဆိုင်ရာ ပိုင်ဆိုင်မှု owner book၊ လူနေ ထိုင် ခွင့် တို့ကို အသေအချာစုံစမ်းမေးမြန်းပြီးမှ ၀ယ်ယူသင့်တယ်"ဟု ၎င်းအမြင်ကို ပြောပြခဲ့သည်။

အဆိုပါအကြောင်းအချက်များနှင့် ပတ်သက်၍ မြန်မာတိုင်း(မ်)မှ ကန်ထရိုက်တာ ဦးထွန်းရွှေရုံးခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော် လည်း ကောင်းမွန်စွာ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။