လာမည့် ရက်များတွင် ရွှေဈေးဆက်တက်နိုင်

မြတ်မေဇင်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

ရွှေသန့်စင်ရေး လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်

ရန်ကုန် ရွှေဈေးကွက်အတွင်း ရွှေဈေးမှာ စက်တင်ဘာ ၁၁ ရက်နေ့တွင် ကျပ် ၇၈၃,၀၀၀ သို့ တစ်ဟုန်ထိုးမြင့်တက်လာသော်လည်း အရောင်း အ၀ယ်မှာ ပုံမှန်အောက် လျော့နည်းလျက်ရှိကြောင်း ဈေးကွက်အတွင်း မှ ရွှေလုပ်ငန်းရှင်များ က ပြောသည်။

ထိုသို့ရွှေဈေးမြင့်တက်ရခြင်းမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ဖြစ်ပြီး ယခင်ပုံမှန်ဈေး တစ်အောင်စလျှင် 'ကန်'ဒေါ်လာ ၁,၆၀၀ ၀န်း ကျင်ရှိခဲ့ရာမှ ၁,၇၃၄ တက်လာခြင်းကြောင့်ဖြစ်သည် ဟု လုပ်ငန်းရှင် များက ပြောသည်။

"ဒီနေ့မနက်မှာတင် တစ်ကျပ်သား ၇၈၁,၀၀၀ ဖြစ်သွားတယ်။ အဓိက က ကမ္ဘာ့ရွှေဈေး ထိုးတက်သွားတာ၊ အမေရိကန်နိုင်ငံရေး အခြေအနေ အပြောင်းအလဲမှာ စီးပွားရေးမကောင်းတော့ရွှေဝယ်စုတဲ့ သူများတယ်။ ဒီတော့ကမ္ဘာ့ ရွှေဈေးက သိသိသာသာမြင့် တက်လာ တယ်။ ပြည်တွင်း ဒေါ်လာဈေးကတော့ သိပ်အပြောင်းအလဲ မရှိဘူး"ဟု အောင် သမာဓိရွှေဆိုင်ပိုင်ရှင် မဖြူဖြူဇင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

ယခုနှစ် ဇူလိုင်လအထိ ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၇၂၀,၀၀၀ ၀န်းကျင်သာရှိခဲ့ပြီး ဩဂုတ်လအတွင်း တစ်ကျပ်သားလျှင် ကျပ် ၂၀,၀၀၀ ထိ မြင့်တက်သွားခဲ့သည်။

"တစ်ညအတွင်း တစ်အောင်စကို ၃၈ ဒေါ်လာတက်သွားတယ်။ ခုနစ်ရက်နေ့ ညနေမှာ တစ်ကျပ်သားကို ၇၆၉,၀၀၀ ကျပ်နဲ့ ဈေးပိတ် တယ်။ နောက် နေ့စနေ နေ့လည်းရောက်ရော အဖွင့်ဈေးတင် ၇၈၀,၀၀၀ ဖြစ်သွားတယ်"ဟု ရွှေနန်း တော် ရွှေဆိုင်ပိုင်ရှင် ဒေါက်တာ အောင်ဇော်ဝင်းက ပြောသည်။

"အမေရိကားမှာရော၊ ဥရောပမှာရော စီးပွားရေးမကောင်းကြဘူး။ တော်တော် များများက ရွှေဝယ်စုနေကြတယ်။ နောက်တစ်ခုက အ နောက်နိုင်ငံက စီးပွားရေးပညာရှင်တွေ ပြောပြချက်သာမှန်မယ်ဆိုရင် ဒီနှစ်ကုန်ပိုင်းမှာ ရွှေဈေးရှစ်သိန်းခွဲအထိ တက်သွားနိုင်တယ်" ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြည်တွင်းဒေါ်လာဈေးမှာ တစ်ဒေါ်လာ လျှင် ကျပ် ၈၆၀ ဖြင့်သာဆက်လက်ရပ် တည်နေပြီးကမ္ဘာ့ရွှေ ဈေးမှာ တစ်အောင် စလျှင် ကန်ဒေါ်လာ ၁,၇၃၁ ထိမြင့်တက် နေသည်ဟု ရန်ကုန်ဈေးကွက်မှ လုပ်ငန်းရှင်များကပြောသည်။