
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ချစ်စရာကောင်းတဲ့ လူရိုင်း
အတွဲ ၂၆ ၊ အမှတ် ၅၁၁ (၂၅ - ၃၁ ၊ ၃ ၊ ၂၀၁၁)

အလဈပွဲမှ ငှားရမ်းသောကြောင့် မန္တလေးမြို့တွင်း ရပ်ကွက်များ တွင် လှည့်လည်ကပြနေသော 'လူရိုင်းလေးများအဖွဲ့'ကို တွေ့ရ စဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်
လူရိုင်းတွေက ဒီလိုချစ်စရာကောင်းလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး ကိုယ့်လူရေ။
ဒီလိုဗျာ၊ ငယ်ငယ်တုန်းက ရုပ်ရှင်တွေ ၀တ္ထုတွေထဲ ဖတ်ဖူးကြည့်ဖူးတဲ့ လူရိုင်းတွေဆိုတာကရိုင်းစိုင်းရက်စက်လိုက် တဲ့ဖြစ်ချင်းကိုး။ သူ့အသား မဖဲ့ရရင်ကိုယ့်အသားကိုယ်ပြန်ဖဲ့မယ်ဆိုတာလို။ ပြီးတော့ပြောပေါက်ဆို ပေါက်၊ဆက်ဆံပေါက်က အထာမကျတဲ့သူဆိုလည်း တော်တော်ရိုင်းတဲ့ ကောင်လို့ လူ့ယဉ်ကျေးမှုဝန်းကျင်မှာ ပြောတတ်ကြသေးတာ။ ရိုင်းတဲ့ လူရိုင်းပေါ့လေ။
အခု ချစ်စရာကောင်းတဲ့ လူရိုင်းတွေ အကြောင်းကိုတော့ ကျွန်တော့ မိတ်ဆွေ တွေဆီကတစ်ဆင့် တစွန်းတစကြားမိ တာပါ။ ကြားမိတော့ လည်း တစ်ခုခု ကြားရရင် လက်အငြိမ်မနေချင်တဲ့အကျင့်က နေမထိ ထိုင်မသာဖြစ်အောင် နှိုးဆော်လာရော။ ဒီတော့ကျွန်တော့မှာ မန္တလေး မြို့တောင်ဘက်က အမရပူရမြို့ လေးဆီကို ထွက်လာဖြစ်ခဲ့ရော။
အဲ၊ ထွက်မလာခင် အမရပူရမြို့က မိတ်ဆွေတစ်ယောက်ကလည်း လေ လှိုင်းပေါ်ကနေ နတ်လမ်းညွှန် လုပ်ပေး လိုက်ပါတယ်။ အမရပူရမြို့ထဲမှာ နာမည်ကြီးတဲ့ ဘယ်ပိုးထည်တိုက်ကို တွေ့ရင်အဲဒီရဲ့ အနောက်စွန်းစွန်းက လမ်းထဲကို ဘယ်လိုဝင်သွား၊ အဲဒီမှာ ဘယ်ရွာကိုတွေ့လိမ့်မယ်။ အဲဒီရွာရောက်ရင် မေးကြည့်ပေါ့ဗျာ၊ တွေ့ရင်လည်း တွေ့မှာပေါ့တဲ့။ ဪ..ရေရာချက်ကတော့။ ဂူဂဲလ်အာ့တ် (အင်တာနက်က နာမည်ကျောှ်နမေခ့ နညါငညနွသသါူန ရဲ့ ကောင်းကင်မြေပုံ)ထက် တိကျ စိတ်ချရတဲ့ နတ်လမ်းညွှန် ပါ။
ဒါနဲ့ ဟိုမေး၊ ဒီစမ်းနဲ့ အဲဒီရွာကို ရောက်သွားရော ကိုယ့်လူရေ့။ ဆားချက်ရွာတဲ့။ နံနက် ၉ နာရီလောက်က ထွက်လာတာ ရွာကိုရောက် တော့ ၁၀ နာရီကျော်ပါပြီ။ တွေ့တဲ့ ပျိုပျိုအိုအို ကြီးငယ်ရွယ်လတ်တွေကို 'ဒီရွာမှာ လူရိုင်းတွေရှိလား' လို့မေးတော့ သူတို့က လူကို ဘုကြည့် ပြန်ကြည့်ကြပါတယ်။ တစ်ယောက်ကဆို ဗွက်အိုင်ထဲ ငါးပက်နေရာက သွပ်ရေပုံးကို လက်နဲ့ခပ်ဆဆ လုပ်လိုက်တာတောင် တွေ့ရသေး။ ဒါနဲ့ ငါကိုယ်တော်စာစီသမားတော့ စကားပြောမှားပြီလို့ရိပ်မိပြီး 'ဟို.. လူရိုင်းလို ပြင်ဆင်ပြီး လိုက်ကပေးသူတွေရှိလား ခင်ဗျ'လို့စကားအသုံးအနှုန်းရော၊ လေယူလေသိမ်းကိုပါ ပြန်ပြင်ပြီး မေးရပါတယ်။
သူတို့က အဲဒီလိုလိုက်ကပေးသူတွေ မရှိဘူး၊ 'ဘုတ်ဆုံမ' လိုက်ကပေးသူတွေ တော့ ရှိတယ်၊ ဟိုးမှာ တွေ့လား၊ အဲဒီ အရက်ဆိုင်လေး က လူတွေက လိုက်က ပေးတယ်လို့ဆိုရင်း ရွှံ့အိုင်၊ ဗွက်အိုင် ကျယ်ကြီးရဲ့ တစ်ဖက်ခပ်လှမ်းလှမ်းမှာ ထီးတည်းရှိနေတဲ့ ထရံကာ မြေ စိုက် နှစ်ထပ်အိမ်လေးတစ်လုံးကို လှမ်းပြကြတယ်။ 'ဘုတ်ဆုံမ' ဆိုတာ လူအရုပ် အကြီးကြီးတွေကို ဂျပ်စက္ကူလို ဂျပ်ထူတွေနဲ့ချိုးပြီး အထဲမှာလူဝင်ပြီး ကတာမျိုးကိုပြောတာပါ။
ဒါနဲ့ အဲဒီဂေဟာဘက်ကို ဆက်သွား လိုက်ရောဗျို့၊ ဘုတ်ဆုံမတင် မဟုတ်ဘဲ ကျွန်တော်တွေ့ချင်တဲ့ လူရိုင်းတွေများ ဖြစ်နေမလား လို့ပါ။ အဲဒီရောက်တော့မွန်းတောင်မတိမ်းသေးဘူး၊ နတ်ပြည် ရောက်ပြီး နတ်စည်းစိမ်တွေ့နေသူတွေ နဲ့တွေ့တော့ လူရိုင်းလို မက ပါဘူး၊ ဘုတ်ဆုံမဆိုရင်တော့ တစ်ရက် ၅၀,၀၀၀ နှုန်းလို့ ဈေးစကားပြောပါတယ်။ ကျွန်တော့လူရိုင်းဇာတ်လမ်းက ဒီမှာတင် နိဋ္ဌိတံပြီ လားမသိဘူးကိုယ့်လူရေ။
ဒါပေမယ့် မတွေ့ဘဲပြန်ရရင် နေမထိ ထိုင်မသာဆိုတဲ့ ဝေဒနာကို ခံစားရမှာ ကြောက်လို့ တော်ရုံနဲ့ လက်မလျှော့ရဲ ဘူး။ မြင်းငှားတဲ့ သူရှိတယ်၊ ဆင်က လိုက်က ပေးသူတွေရှိတယ်၊ လူရိုင်းလို လိုက်က ပေးသူတွေတော့ မရှိဘူး၊ လူစုလိုက်ရင် တော့ ရပါတယ်၊ လိုက် ကပေးမယ်လေ၊ အလှူပွဲက ဘယ်နေ့လဲလို့ချည်း ပြန်မေး ကြပါတယ်။ ကြာတော့ မျှော်လင့်ချက်က ကောက်ရိုးမျှင် မဟုတ်ဘဲ အပ်ချည် မျှင်ကိုတောင် ဆွဲချိတ်နိုင်ဖို့လွယ်ပါ့မလားလို့တွေးဖြစ်လာပါတယ်။ စံတော်ချိန်ကလည်း မွန်းလွဲ ၁ နာရီ ရှိနေပြီ။
ကျွန်တော် ပြန်ဖြစ်ခဲ့ပါတယ်။ လမ်းမှာ'သစ္စာရှင်' ဆိုတဲ့လူမှုကူညီရေးအသင်း ဆိုင်းဘုတ်လေးလွန်သွားတော့ ကျွန်တော်ဆိုင်ကယ်ကို ပြန်ကွေ့လိုက်တယ်။ ပြီးတော့နောက်ဆုံးမျှော်လင့်ချက်နဲ့ပျောက်ဆုံးနေတဲ့ လူရိုင်းတွေအကြောင်းဝင်မေးတယ်။ သူတို့က မျက်နှာချင်း ဆိုင်ကကွမ်းယာဆိုင်ကလေးကို ထပ်ညွှန်တယ်။ကွမ်းယာဆိုင်ကလေးက မန္တလေးမြို့နဲ့အမရပူရမြို့ကြားက 'တမ္ပ၀တီရပ်'က မီးသတ် စခန်းကလေးကိုထပ်ညွှန်းတယ်။ မီးသတ်စခန်းကလေးက ကျွန်တော့ကို 'လူရိုင်းကလေးတွေ' ဆီကိုထပ်ညွှန်ပေးတယ်။တကယ်တော့
ကျွန်တော်ဟာ 'ကောင်မလေး တောင်ဘက်ပြေး၊ ကျွန်တော်မြောက်ဘက်လိုက်'ဆိုတာ လိုဖြစ်နေတာပဲ။ လူရိုင်းတွေက အမရပူရဘက် ထိ မရောက်ဘူး၊ မန္တလေးမြို့အစွန်း အမရပူရကြားက တမ္ပ၀တီရပ် ထဲမှာနေကြတာ။
ဒီတစ်ခါ ကျွန်တော့ကို ဖိုးကံကောင်း လို့သာ ခေါ်လိုက်တော့ကိုယ့်လူရေ။ အမှန်ပဲ၊ ဒီလူရိုင်းကလေးတွေဟာ ကျွန်တော်လိုက်ရှာနေတဲ့ 'ချစ်စရာ ကောင်းတဲ့လူရိုင်း' ကလေးတွေပါပဲ။
ဒီလူရိုင်းတွေက အလှူပွဲတွေ၊ သာရေးနာရေးပွဲတွေမှာ အခကြေးငွေ သတ်မှတ်ချက်နဲ့ လိုက်က ပေးကြတယ်။ ပြီးတော့ ရတဲ့ငွေကို တမ္ပ၀တီက 'ချမ်းမြသုခ' လူမှုကူညီရေးအသင်းကို ပြန်လှူကြတယ်။
ကဲ..'လူရိုင်း'ပေမယ့်ချစ်စရာမကောင်းဘူးလား။ နေဦး၊ကျန်သေးတယ်။ "ပွဲတွေလိုက်ကတိုင်းမှာ အဖွဲ့ထဲက လူငယ်တွေကို ကျွန်တော် အမြဲပြောပါ တယ်။ 'သူများတွေက ပိုက်ဆံရှိလို့ လှူ တာ၊ ငါတို့တွေက ပိုက်ဆံမရှိလို့ လုပ် အားနဲ့ အလှူလုပ်တာဖြစ်တယ်'လို့။ဒီအတွက် ကျွန်တော်တို့အားလုံး ပျော်ပါ တယ်"လို့ 'လူရိုင်းလေးများ' အဖွဲ့ကို စဖွဲ့ ခဲ့တဲ့ ခေါင်းဆောင် ဦးမြင့်ဝင်းက ပြောပါ တယ်။ အသက် ၅၆ နှစ်ရှိတဲ့ ဦးမြင့်ဝင်း ဟာ တမ္ပ၀တီ၊ ခတ္တန်းရပ်က ရပ်ကွက် ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ဒီ'လူရိုင်းလေးများ'အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် ကထိန်ရာသီမှာ တမ္ပ၀တီ ရပ်ထဲက ဘုန်းကြီးကျောင်းအများကြီး ထဲကကျောင်းတစ် ကျောင်းဟာ ကထိန် ခင်းဖို့ ရှားရှားပါးပါး ကျန်ရှိနေတာကစပြီး ပေါ်ပေါက်ခဲ့တာပါပဲ။ ဒီဘုန်းကြီး ကျောင်း ကထိန်ခင်းနိုင်ဖို့ ဦးမြင့်ဝင်း က တခြားအစီအစဉ်တွေကို မစဉ်းစားတော့ဘဲ ရပ်ကွက်ထဲက လူငယ်တွေကို စုစည်း ပြီး 'လူရိုင်းလေးများအဖွဲ့' ဖွဲ့လိုက်တယ်။ ပြီး တော့ ရပ်ကွက်တွေထဲ လှည့်လည် ကပြ အလှူခံပြီး ရတဲ့ငွေနဲ့ ကထိန်စတင် ခင်းနိုင်ခဲ့ပါတော့တယ်။
အဲဒီကစပြီး ငှားတဲ့ အလှူပွဲတွေမှာကလာလိုက်တာ အခုချိန်အထိ ပွဲပေါင်းမရေတွက်နိုင်သလို ဘုန်းကြီးပျံပွဲမှာသင်္ချိုင်းနေရာထိတောင် မကျန်ပါဘူတဲ့။
"ရပ်ကွက်ထဲက ကတဲ့ လူငယ်တွေ က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ် လက်စားတွေ များပါတယ်။ ဘွဲ့ရပြီး ကုမ္ပဏီတွေမှာ လုပ်သူတွေပါ ပေမယ့် သုံး၊ လေးယောက်လောက်ပဲ ပါတယ်။ သူတို့အားလုံး ပွဲရှိရင် ကချင် ကြတာချည်းပဲဗျ။ ပွဲရက်နဲ့ အလုပ်နေ့ တွေတိုက်တာများလို့ အလုပ်ရှင်က ကြိမ်းရင်တောင် ရန်ဖြစ်ထွက်လာပြီး ကျွန်တော့အိမ်မှာအိပ်နေကြတော့တာ" လို့ ဦးမြင့်ဝင်းက ခပ်ပြုံးပြုံးပြောပါတယ်။
တစ်ဖွဲ့လုံးမှာ လူစုံရင် အယောက် ၃၀ လောက်ရှိတယ်တဲ့ကိုယ့်လူရေ။ အသက်တွေက အကြီးဆုံး ၃၀ နှစ်ဝန်းကျင်ကနေ အငယ်ဆုံး သုံးနှစ်လောက်အထိ အရွယ်စုံပါတယ်။ စ, ကတုန်းကမြို့တွင်း တစ်ပွဲကို ကျပ် ၈၀,၀၀၀ ယူခဲ့ပြီး အခု ကျပ် ၁၀၀,၀၀၀ ယူပါတယ်။
အဲဒီငွေကို ထက်ချိုးခွဲပြီး လူမှုရေးအသင်းကို လှူပါတယ်။ (ချမ်းမြသုခလူမှုကူညီရေးအသင်းဟာ အခု ကုသိုလ်ဖြစ်အခမဲ့ဆေး ကုခန်း ကိုလည်း ဖွင့်ထားပါတယ်) ကျန် ငွေကို အဖွဲ့သားတွေရဲ့ ရန်ပုံငွေအဖြစ် စုထားပြီး ပိုလျှံလို့ များလာတဲ့အခါ ထပ်လှူတယ်လို့ ပြောပါ တယ်။
"ကတဲ့အခါ မိတ်ကပ်လိမ်းခက အခု တစ်ယောက်ကို ကျပ် ၃,၅၀၀ ကျပါ တယ်။ အပြင်မှာလိမ်းရင် မိတ်ကပ်ဖိုးနဲ့ လိမ်းခက ကျပ် ၁၅,၀၀၀ လောက် ကျနိုင်တာကို မိတ်ကပ်ဆရာက လျှော့ ယူတာပါ။ ပြီးတော့ အ၀တ်အစားကို ဒီဇိုင်းထွင်ချုပ်ပြီး ဖိနပ်လည်းလုပ်ထား တယ်"လို့ ဦးမြင့်ဝင်းက ဆက်ပြောပါတယ်။
'လူရိုင်းက' ဆိုပေမယ့် ကချင်တိုင်း က လို့မရဘူးကိုယ့်လူရေ။ သူတို့က အက တိုက်ကြသေးတယ်ဗျ။ ပြီးတော့ ဆမ်ဘာဗုံသံညံညံနဲ့ ကလို့ကောင်းတဲ့ အာဖရိကသီချင်း၊ တီးလုံးသံပါတဲ့ခွေ တွေစု ထားကြတယ်။ ဒီတော့ ဗိုက်သား အလှကို အားရပါးရပြတဲ့ 'ရှာကီယာ' ကများ '၀ါကာဝါကာဟေးဟေ' လို့ အော်လိုက်ရင် လူရိုင်းလေးများအဖွဲ့ထဲမှာ အလှူဒါယကာတွေကပါ ရောပြီး ကွေးနေအောင်ဝင်က ကြတော့တာပေါ့။ (ပုံမှန်အားဖြင့် သူတို့အဖွဲ့ဟာ ကကွက်ပျက်မှာစိုးလို့ အပြင်လူကိုဝင်ကခွင့် မပြုပါဘူး။ နိုင်ငံခြားသားတွေက သူတို့ ကို တွေ့ရင် ၀င်ကတတ်ပေမယ့် သူတို့နဲ့ရော မကဘဲ အလိုက်သိစွာ အဖွဲ့ဘေးကနေ ကကြတယ်လို့ ဦးမြင့်ဝင်းက ပြောတယ်။)
ဦးမြင့်ဝင်းပြောပြတဲ့ သူတို့အတွေ့အကြုံတွေကိုကြားရတာနဲ့တင် လူရိုင်းတွေဟာ ရယ်လည်း ရယ်ရ၊ ပျော်လည်းပျော်ရသလို တော် တော်လည်း ပင်ပန်းကြမယ်ဆိုတာ မှန်းဆမိပါရဲ့။ အလှူလှည့်လို့ သူတို့အဖွဲ့က ရှေ့ဆုံးကနေတဲ့အခါ တစ်ပုဒ်ပြီးတစ်ပုဒ် ပွဲတောင်း ကြလွန်းလို့ ရှေ့ဆက်မသွားနိုင်ဘဲ အလှူလှည့်တဲ့လူတန်းကြီးက အကြာကြီးတန့်နေရော။ အဲ နောက်ဆုံးကနေပြန်တော့ တစ်ပုဒ်ပြီး တစ်ပုဒ် ပွဲတောင်းခံနေရတဲ့ သူတို့ အဖွဲ့ဟာ အလှူအဖွဲ့နဲ့ မျက်ခြည်ပြတ် ကျန်နေခဲ့လို့ လမ်းတစ်လျှောက်တွေ့တဲ့ သူတွေကိုမေးရင်း ပြန်လိုက်ကြရပါသတဲ့။
ပွဲတစ်ပွဲပြီးတိုင်း သူတို့အဖွဲ့ ပက်လက် လန်အောင် ပင်ပန်းကြပါတယ်။ နွေမှာ ချွေးက ရေချိုးထားသလို ထွက်ပြီး ဆောင်းမှာ အထက် ပိုင်း ဗလာကျင်းထားတဲ့ခန္ဓာကိုယ်ဟာ အအေးဒဏ်ခံကြရပါ တယ်။ (ပွဲရှိရင် ဆောင်းတွင်းမှာလည်း မနက် ၅ နာရီလောက်ထပြီး ခန္ဓာကိုယ်ကို ဆေးဆိုးပန်းရိုက်လုပ်ကြရပါတယ်) ဆေးကို အရင်က ဂန်းနဲ့မှုတ်တော့အအေးအပြင် စပ်ဖျင်းဖျင်းအရသာကို လည်း အပိုဆုအဖြစ် ခံကြရပါသတဲ့။ ပင်ပန်းပြီး ကျန်းမာရေးကလည်း ဂရု စိုက်ရမှာကြောင့် ပွဲရက်တွေဆက်ရင်၊ နယ်ဝေးငှားရင် ငြင်းရတယ် လို့ ဦးမြင့် ၀င်းက ပြောပါတယ်။
ကျွန်တော်နဲ့ ဦးမြင့်ဝင်းစကားကောင်းနေတုန်း ရုပ်ဖြောင့်ဖြောင့်ခပ်တောင့်တောင့် ကောင်လေးတစ်ယောက်ဝင်လာပါတယ်။ မေးကြည့် တော့နာမည်က မင်းမင်း၊ အသက်က ၂၀ တဲ့။
"ကျွန်တော်က 'လူရိုင်းမ' လိုဝတ်ပြီး ကတာ။ အဖွဲ့ထဲမှာ လူရိုင်းမနှစ်ယောက် ပါတယ်လေ။ အဖွဲ့စဖွဲ့ကတည်းက ကချင်လွန်းလို့ ကိုယ့် အ၀တ်အစား ကိုယ်ဘာသာချုပ်ပြီး ကနေတာပါ"လို့ မင်းမင်းက ပြောပါတယ်။
သူတို့နဲ့ စကားပြောနေရင်း ကျွန်တော် လူရွှင်တော်ကြီး Mr.Bean ရဲ့ဟာသကွက်လေး တစ်ကွက်ကို သွားသတိရမိပါတယ်။ အဲဒီထဲမှာ ပိုက်ဆံမရှိတဲ့ Mr.Bean ဟာ သူတောင်းစားကို ပေးချင်လို့ သူ့မှာပါတဲ့ လက်ကိုင်ပ၀ါလေးကို သူ့ရှေ့မှာဖြန့်၊ ပြီးတော့ လက် လှုပ်ခြေ လှုပ်နဲ့ကပြီး ပိုက်ဆံတောင်းပါတယ်။ ပြီးတော့ သူရတဲ့ ပိုက်ဆံလေးကို လိုအပ်နေသူကို ပြန်ပေးလိုက်တယ်။ အိုင်ဒီယာလေးက လှပါ တယ်။