
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရေခဲဈေး ယမန်နှစ်ကထက် မမြင့်တက်နိုင်ဟုဆို
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

စက်ရုံထုတ် ရေခဲတုံးများကို ပို့ဆောင်ရန် အလုပ်သမားများ ပြင်ဆင်သယ်ယူနေကြစဉ်။
ဓာတ်ပုံ-ကြေးမုံဝင်း
မန္တလေးမြို့တွင် ယခုနှစ်အတွင်း ရေခဲ စက်များ အသစ်တိုးချဲ့ တည်ဆောက်ခြင်းများ ရှိလာသောကြောင့် လာမည့် နွေရာသီတွင် ယမန်နှစ်ကဲ့သို့ အရောင်းသွက် ဈေးမြင့်နိုင်လောက်မည် မဟုတ်ကြောင်း ရေခဲစက်ပိုင်ရှင်များက ခန့်မှန်းကြသည်။
"ဒီနှစ်အနေအထားက ခန့်မှန်းဖို့ နည်းနည်းတော့ စောနေသေးတယ်။ ဒါပေမယ့် အသစ်ဆောက်တဲ့ စက်တွေ နဲ့ ထုတ်လုပ်မှုပိုများအောင် တိုးချဲ့လာတဲ့ စက်တွေလည်း ရှိလာတာကြောင့် ဒီနှစ် ရေခဲဈေးက မနှစ်ကထက်တော့ ဈေးမများနိုင်ဘူးလို့ ထင်တယ်။ နောက်ပြီး အသစ် တိုးချဲ့တဲ့လူတွေက အတွေ့ အကြုံအရ လျှပ်စစ်မီးအခက်အခဲ ရှိခဲ့ ရင်လည်း ကိုယ့်စက်က အထွက် မလျော့ရအောင် တကယ်လိုအပ်တဲ့ အရေအတွက်ထက် ပိုထုတ်လုပ်ပေးနိုင်မယ့်စက်ကို တပ်ဆင် လည်ပတ် နေကြတယ်။ အဲဒါကြောင့် ရေခဲရှားတာမျိုးလည်း မဖြစ်နိုင်လောက်ဘူး။
"အခုတော့ နယ်ဘက်က စပြီး မှာနေကြပြီ။ ပုံမှန်အတိုင်းဆိုရင်တော့ တပေါင်းလပြည့်ကျော် နောက်ပိုင်းမှာ အရောင်းစတာပဲ။ အခု ရာသီ ဥတုက ပူလိုက်အေးလိုက်ဖြစ်နေလို့ မြို့ပေါ်က သိပ်မ၀ယ်ကြသေးဘူး"ဟု မန္တလေး တောင်ခြေရှိ ဂျပန်ရေခဲစက်မှ ဒေါ်ထား ထားမြင့်က ပြောသည်။
၎င်းပြင် မြို့ပေါ်ရှိ ရေခဲစက်အများစု မှာ ယခင် မြန်မာစက်ခေါင်းများကို အသုံးပြုရာမှ နိုင်ငံခြားစက်ခေါင်းများကို ပြောင်းလဲ အသုံးပြု လာကြခြင်းကြောင့် မီတာကြေး သက်သာခြင်း၊ ရေခဲပုံးရေအထွက်များခြင်းနှင့် ရေအခဲ မြန်ခြင်းစသည့် အားသာချက်များရှိလာသဖြင့် ထုတ်လုပ်မှုလည်း ပိုလျှံလာနိုင်ကြောင်း ၎င်းက ပြောသည်။
"ရေခဲဈေးကွက်က ခန့်မှန်းရ ခက်ပါ တယ်။ တစ်နှစ်နဲ့ တစ်နှစ်လည်း မတူဘူး။ ရာသီဥတုပူပြီး နည်းနည်းပဲ ထုတ်လုပ်နိုင်ရင် ဈေးတက် မယ်။ ရာသီဥတုက အေးပြီး ထုတ်လုပ်မှုများနေရင် ဈေးကျမယ်။ အဓိကက နယ်ပါပဲ။ နယ်က ယူမှ ရေခဲပြတ်တာ။ ရေခဲပေါင် ၃၀၀ တုံးဆိုတာက သားငါးတန်းနဲ့ နယ်ကို အားကိုးနေရတာပါပဲ။ ဒီနှစ်က စက်တွေ အသစ်ထပ်တိုးတာနဲ့ နယ်မှာလည်း စက်တွေရှိနေတော့ မနှစ်က လောက်တော့ အခြေအနေကောင်း မယ်မထင်ဘူး။ မန္တလေးမှာက စက်တွေ အများကြီး ရှိနေတော့ ပိုလျှံမှာပါပဲ"ဟု ရေခဲစက် လုပ်ငန်း လုပ်ကိုင်သည့် သက်တမ်း ၂၆ နှစ်ရှိ Summer Ice ရေခဲစက်မှ ဦးထင်အောင်က ၎င်း၏ အမြင်ကို ပြောသည်။
မန္တလေး ရေခဲစက်များကို မြင်းခြံ၊ ရွှေဘို၊ မုံရွာ၊ ကျောက်မဲ၊ ပုလိပ်၊ ကျောက်ဆည်၊ မြင်းမူစသည့် နယ်များမှ ရေခဲလာရောက် ၀ယ် ယူခြင်းများ ရှိနေသေးသော်လည်း လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်မှစ၍ နယ်ရောင်း အားလည်း ကျဆင်းလာခဲ့ကြောင်း သိရသည်။
ဈေးကွက်အပြိုင်အဆိုင်များကြောင့် ရေခဲစက်တစ်ခုနှင့်တစ်ခု ရောင်းဈေးမှာမူ မတူညီကြဘဲ လက်ရှိရေခဲပေါက် ဈေးမှာ ပေါင် ၃၀၀ တစ်တုံးလျှင် ကျပ် ၁,၅၀၀ မှ ကျပ် ၃,၀၀၀ ထိ ရှိနေသည်။
"မတ်လကုန်လောက်ကစပြီး တစ်နေ့ကို ပုံး ၁၀၀ ကျော် ရောင်းရတယ်။ရောင်းအကောင်းဆုံးကတော့ သင်္ကြန်ပဲ။ သင်္ကြန်ဆို ဈေး အမြင့်ဆုံး ၆,၀၀၀ လောက်ထိ ရောက်တယ်။ မြို့ပေါ်မှာ စက်တွေလည်း များလာတော့ဈေးကွက် ရအောင် ဈေးလျှော့ရောင်းတာ မျိုး ရှိလာတယ်။ ဖောက်သည်ကို ထိန်းတဲ့ အနေနဲ့ ကိုယ့်ဆီကို အမြဲတမ်းမယူတဲ့ ဖောက်သည်ဆို မပေးတော့ဘူး"လို့ ၈၄ လမ်းပေါ်ရှိ ရေခဲစက်လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။
လက်ရှိရေခဲဈေးကွက်မှာ ၀ယ်သူ ကြိုက်ဈေးကွက်ဖြစ်နေပြီး ၀ယ်သူကို ၀န်ဆောင်မှုပေးသောအားဖြင့် ရေခဲကို ကြိတ်ပေးရခြင်း၊ လိုသလောက်ခွဲ ရောင်းပေးရခြင်းမျိုးလည်း ရှိလာကြောင်း လည်းသိရသည်။
အခြား စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်လျှင် ပုံမှန်လည်ပတ်မှုရှိသော ရေခဲ စက်လုပ်ငန်းများသို့ ဂျုံစက်၊ ဆီစက် စသည့်လုပ်ငန်းများမှ ပြောင်းလဲလုပ် ကိုင်သူများလည်း ရှိလာပြီး လက်ရှိ မန္တလေးတွင်တစ်နေ့လျှင် ပုံးလေးငါးရာ ကျစက်ကြီး ငါးစက်ခန့်နှင့် ပုံး ၂၀၀ ကျ စက် ၁၀ စက်ခန့်ရှိသည်ဟု ရေခဲစက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။