
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အဆောင်သူ ဘဝ
ငြိမ်းအိအိထွေးနှင့် နွမ်ဘွိုင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ပျော်ရာမှာထက် တော်ရာမှာ နေ၍ ပျော်အောင်ကြိုးစားနေတဲ့ အဆောင်သူတစ်ဦး။
ရှာလိုက်ရတဲ့အဆောင်။ အလုပ်လုပ်ရတာက တစ်မျိုး။ သင်တန်းတက်ရတာက တစ်မှောင့်။
အဲ..အဆောင်ဆိုလို့ တစ်မျိုးတော့ မထင်လိုက်ပါနဲ့ဦး။ ယတြာအဆောင် မဟုတ်တဲ့ နေစရာအဆောင် (ဘော်ဒါဆောင်)ကို ဆိုချင်နေတာပါ။
အခွင့်အလမ်းသစ်တွေရှာဖို့ နယ်ကလူတွေ တဖွဲဖွဲဝင်လာနေတဲ့ ရန်ကုန်လိုမြို့ကြီးမှာ အဆောင်တွေက ပေါပါဘိသနဲ့လို့ အတွေးရောက်ချင်စရာပဲလေ။ ပြီးတော့ လူမျိုးစုံ၊ စရိုက်မျိုးစုံနဲ့ နယ်မျိုးစုံကလာတဲ့ သူတွေအတွက် သီးသန့်ခွဲထွက်နေတဲ့ အမှတ်သင်္ကေတအဖြစ်အများက သတ်မှတ်ချင်ကြတာ။
ဒီတော့ အပျိုကြီးဖြစ်တဲ့ ကျွန်မက၊ ဪ..ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ ကို မေ့နေလိုက်တာ။ ကျွန်မက မြန်မာနိုင်ငံရဲ့ အချက်အချာ အသီးအနှံ တွေ ပေါကြွယ်လှပါတယ်ဆိုတဲ့ မော်လမြိုင်မြို့ကြီးပေါ်က ပေါ့ရှင်။ မောင်နှမတွေထဲမှာ တစ်ဦးတည်းသော မိန်းကလေး ဖြစ်နေပေမယ့် ကျွန်မက ခပ်ထက်ထက်ရယ်။ အခုလည်း ဘယ်သူ့ကိုမှ အပူမကပ်ချင်လို့ အဒေါ်အိမ်မှာ ခဏတည်းရင်းကနေ ကိုယ်တိုင် လိုက် အဆောင်ရှာနေတာလေ။
အဲ..လှည်းတန်းမှာ အဆောင်လိုက်ရှာတာ တော်တော်နဲ့ မရဘူးရှင့်။ ဟော ၀ါရင့်အဆောင်သူကြီး တစ်ယောက်နဲ့တွေ့လို့ ဇာတ် ကြောင်းကို ရှင်းပြမှ အရေလည်တော့တယ်။
"လှည်းတန်းဘက်မှာ တော်တော်အံ့ဩစရာကောင်းတဲ့ ကိစ္စတစ်ခုက ပွဲစားတွေကို မဆက်သွယ်မချင်း အဲဒီ လူဘယ်တော့မှ အဆောင်ရှာလို့ ရမှာမဟုတ်ဘူး။ အဆောင်ပိုင်ရှင်တွေဆီ တိုက်ရိုက်သွားရင် နေရာလွတ်ရှိလည်း များသောအားဖြင့် မရှိဘူး၊ လူပြည့်ပြီ ဆိုတဲ့အသံပဲ ကြားရတယ်။ ဘယ်တော့လောက်အားမလဲမေးရင်တောင် ကြိုပြောထားတဲ့လူတောင် အယောက် ၃၀ လောက်ရှိတယ် ဆိုပြီး ပြောတတ်သေးတယ်" တဲ့။
"ပွဲစားတွေဆီသွားမေးရင်တော့ သူတို့က လိုက်ပို့ပေးတယ်။ ပွဲစားနဲ့ငှားတယ်ဆိုရင် တစ်လစာငှားခရဲ့တစ်ဝက်ကို ပွဲစားတွေကို ပေးရတယ်လေ" အဆောင်ငှားအထာက ဒီလိုရှိတာရှင့်။ ဒီအကြောင်းပြောပြတဲ့ မခင်ဝေလွင်ဆိုရင် အဆောင်ခြောက်ဆောင် ပြောင်း နေဖူးပြီးပြီ။
လှည်းတန်းမှာ အဆောင်တွေများပေမယ့် တခြားမြို့နယ်တွေမှာရော၊ မြို့ထဲမှာပါ အဆောင်တွေကတော့ အနည်းနဲ့အများ ရှိပါတယ်။
ကျွန်မက သီးသီးသန့်သန့်နေတတ်ပြန်။ အစားအသောက်ဆိုလည်း ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့အရာဆို ဘာမျှကို နှစ်သက်တတ်သူ မဟုတ်လေတော့ (သူ များတွေထင်တာက ချေး(ဂျီး)များတာဆိုလား) စိတ်တိုင်းကျတဲ့ နေစရာ အဆောင်ဆိုတာကလည်း ရှာရခက် သား။ ဟိုစုံစမ်း ဒီစုံစမ်းနဲ့ အဲ အဲ .. တွေ့ပါပြီ နားခိုစရာ အဆောင်တော် မဟာကြီးကို။ ကျယ်ကျယ်ဝန်းဝန်းရှိပြီး 'ယောက်ျားလေး ဧည့်သည် အဆောင်အောက်တွင်သာစောင့်ရန်' ဆိုတဲ့ ဆိုင်းဘုတ်တွေ့ကတည်းက အမှတ်ကပေးမိပြီးသား။ ရှုပ်ရှုပ်ယှက်ယှက် မရှိ ဘူးပေါ့။
လူတွေကလည်း အများသားရှင့်။ နယ်စုံကလာကြတာ အယောက် ၃၀ ကျော်တောင်ဆိုတော့ နယ် ၃၀ က တောင် ပါလားလို့ ကြံကြံဖန်ဖန်တောင် တွေးမိလိုက်သေး။ အခန်းတွေကလည်း ဈေးစုံ၊ ဆိုက်စုံ။ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊ သုံးယောက်ခန်း၊ လေး ယောက်ခန်း စသဖြင့်ပေါ့။ နယ်က အိမ်ကြီးကိုတောင် ရန်ကုန်ရွှေ့ပြီး အဆောင်ပြောင်းဖွင့်လိုက်ချင်တော့တယ်။ တစ်လတစ်လ ရလိုက်မယ့် ၀င်ငွေတွေ။
အင်း .. အဲဒီလိုအတွေးတွေ မတူ ကြလို့လည်း ကျွန်မမိသားစုနဲ့ ကျွန်မ သိပ်အဆင်မပြေတာပေါ့။ ကျွန်မက ရှေးရိုးစွဲ အကျင့်အတွေး တွေကို သိပ်မကြိုက်ပေါင်။ လက်တွေ့ကျကျပဲ နေတတ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။
အဆောင်မှာ စ စနေချင်းဆိုတော့ စရိတ်စကလည်း သက်သာအောင် (အဆင်ပြေမပြေလည်း သိရအောင်) ကျွန်မလေးယောက် ခန်းကိုပဲ ရွေးလိုက်ပါတယ်။
ကျန်တဲ့ သုံးယောက်ကလည်း မတွေ့ရသေးတော့ ဘယ်လိုပုံ၊ ဘယ်လိုစရိုက် တွေမှန်းမသိ။ ဒါပေမယ့် လူကို ကျောကျောမောမော လာလုပ်လို့ကတော့ လက်စွမ်းပြဖို့ အသင့်ပြင်ပြီးသား။ ကျွန်မတို့လိုနယ်ကလူတွေက ရှင်းရှင်းဘွင်းဘွင်းပဲ ပြောတတ်တာဆိုတော့ အဆင်မှပြေပါ့မလား။ ခုတင်ပေါ် အထုပ်တင်၊ အိုးခွက်ပန်းကန်တွေနဲ့ ကျွန်မအချစ်ဆုံးစာအုပ်တွေကို ပြင်ဆင်နေရင်း တစ်ခန်းတည်း အတူနေသူတွေ အလာကို တစေ့တစောင်းစောင့်ကြည့်။
"တချို့ အလုပ်အကိုင်ရယ်လို့မည်မည် ရရမရှိ၊ မေးကြည့်တော့လည်း အရောင်းစာရေးလိုလိုပေါ့။ အလုပ်မည်မည်ရရ မရှိပေမယ့် အလျှံပယ်သုံးနိုင်၊ ဖြုန်းနိုင် တာမျိုးတွေ ရှိနေတတ်တယ်။ တစ်ခါတလေဆိုရင် ကိုယ်ကောင်းကောင်းမွန်မွန် နေတဲ့သူက နောက် ဆုတ်နေရပြီး သူတို့လို လုပ်ချင်သလို လုပ်တဲ့သူတွေက ရှေ့ရောက်နေတာတွေ ရှိတတ်တော့ အဆောင်ပိုင်ရှင်တွေအနေနဲ့ စိစစ်ပြီးတော့ နေခိုင်းရင်၊ မျှမျှတတ စဉ်းစားရင်ကောင်းမယ်"ဆိုတဲ့ အဆောင်သူ တစ် ယောက်ရဲ့စကားက နားထဲပြန်ရောက် လာတယ်။
အင်း.. ဒီအဆောင်ပိုင်ရှင်လည်း ဘယ်လိုဒီဇိုင်းလာဦးမလဲ မသိဘူး။
"အဆောင်ပိုင်ရှင်တွေက တစ်လနှစ်လနေပြီးရင် လခတွေ မတန်တဆ တိုးတောင်းတာ။ ပြီးတော့ ဟိုဟာ မလုပ်ရဘူး ဒီဟာမလုပ် ရဘူး ဆိုပြီး ကန့်သတ်ချက်တွေ များလာတာ၊ ရိုးရိုး သားသား လုပ်ကိုင်ရှာဖွေနေတဲ့သူ ဟုတ်၊ မဟုတ် မစိစစ်တော့ဘဲနဲ့ ပိုက်ဆံ ရရင်ပြီးရော ငှားတဲ့အဆောင်ပိုင်ရှင်တွေလည်း အများကြီး တွေ့ရတယ်" ဒီလိုပြောတာလည်း ကြားခဲ့ရတာပဲ။ သွားစုံစမ်းကြည့်တဲ့ အဆောင်ပိုင်ရှင်တစ်ယောက်ကတော့ ဒီလိုကြုံရတယ် လို့ ပြောလိုက်တယ်။
"အဆောင်ဆိုပေမယ့်လည်း အိမ် အငှားထားတဲ့သဘောပဲ။ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လုပ်တာဆိုတော့ သူတို့ရဲ့နောက် ကြောင်းကို သိမှထားမယ်ဆိုရင်လည်း အဆင်မပြေနိုင်ဘူး။ သူတို့နောက်ကြောင်းကို သိဖို့လည်း မလွယ်ဘူး။ တချို့ဆိုရင် သူတို့ပုံစံက ရိုးသားတယ်ထင်ရပေမယ့် အကျင့် စာရိတ္တမကောင်းလို့ နယ်ကနေပြောင်း လာတဲ့သူတွေလည်း ဖြစ်တတ်တယ်။ တစ်ခါတလေဆို အိမ်က ထွက်ပြေးလာလို့ လာရှာတာမျိုးလည်းရှိတတ်တဲ့ အပြင် တချို့ဆို ကုမ္ပဏီမှာ လုပ်တယ်ဆိုပြီး နိုက်ကလပ်တွေမှာ လုပ်နေတာ မျိုးလည်း ကြုံရတတ်ပါတယ်။ အဲလိုမျိုးကျတော့ အဆောင်နာမည်ပျက်တာပေါ့နော်" တဲ့။ သူ့အဆိုအရတော့ ယောက္ခမလက်ထက် ကတည်းက လှည်းတန်းမှာ အဆောင်ဖွင့်လာခဲ့တာတဲ့။
"အဆောင်အများကြီးမှာ နေခဲ့ရဖူးပါတယ်။ စိတ်ညစ်မိတာ၊ စိတ်ပျက်မိတာလည်း အကြိမ်ကြိမ်ပေါ့။ ဒါပေမယ့်လည်း စိတ်ညစ်သည်၊ စိတ်ပျက်သည် အသာထား။ နောက်ဆုံးတော့ ရန်ကုန်မှာက အရေးကြီးတာ ကျောတစ်နေရာ စာကိုး" လို့ မခင်ဝေလွင်ကတော့ ဆိုပါတယ်။
ဒီလို အခက်အခဲတွေရှိတယ်ဆိုပေမယ့်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အဆောင်မှာ နေရတာ၊ လူစုံနဲ့ ပေါင်းသင်း ဆက်ဆံရတာဟာ တကယ်အကျိုးရှိတဲ့ အတွေ့အကြုံ တစ်ခုပါပဲလေ။
မောမောနဲ့အိပ်ပျော်သွားရာက နိုးလာတော့ အမယ်စာတွေကျက်နေလိုက်ကြတာ ခုတင်တွေပေါ်မှာ အစီအရီ။ ကိုယ့်ထက်တောင် အလုပ်ရှုပ်မယ့်ပုံ။ အိပ်နေရာက ထထိုင်လိုက်တော့ "မမ နိုးလာပြီလား။ သမီးတို့ စာတိုးတိုးလေး ကျက်နေတာပါ"တဲ့။ အဲဒီတော့ စိတ်ထဲက မဆိုးဘူးပဲလို့တွေးရင်းက ကိုယ်က အလိုက်သင့် ပြန်ရယ်ပြ၊ ပြုံးပြရတော့တာပေါ့။ အလုပ်မလုပ် ကြဘူးလားလို့ စပ်စု ကြည့်တော့ ကျောင်း ပြီးခါစ နယ်ကလာပြီး အလုပ်ရှာ၊ သင်တန်းတက်နေကြတာပါလား။ ကိုယ်နဲ့ ဘ၀တူတွေ ပေါ့လေ။ အသက် ကလေးတွေက ကိုယ့်ထက် တော်တော်ငယ်ကြသေးတဲ့သူတွေပဲ။
အဆောင်မှာက ထမင်းဟင်း ကိုယ်တိုင်ချက်စားရတာဆိုတော့ မီးဖိုချောင်က သတ်သတ်လေ။ ဟင်းချက်တဲ့ နေရာမှာ ဘယ်သူများ ဘာလုပ်ဦးမလဲ ဆိုတဲ့စိတ်နဲ့ မီးဖိုချောင်ထဲ လှမ်းဝင်တော့ "မမ ထမင်းချက်တော့မလို့လား၊ သမီးတို့ အားနေတာပဲ ကြည့်ပေး ထားမယ်လေ" လို့ ပြောလာတော့ သဘောကောင်းလေးတွေပဲလို့ တွေးမိ လိုက်တာပေါ့။
ဟော ..ကြားရပါပြီ။ ရန်ဖြစ်တဲ့ အသံ။ ထင်တော့ထင်သား။ လူတွေက အစုံဆိုတော့။ ဒါပေမယ့် အခန်းထဲက ကောင်မလေးတွေ ရှင်းပြလိုက်တော့မှ ပဲ ဇာတ်ရည်လည်တော့တယ်။ အ၀တ်တွေ ရုပ်ပေးထားတာကို အထင်လွဲတာဆိုပဲ။ ပြောမိတဲ့ကောင်မလေးရဲ့ တောင်းပန်သံတွေကို အတိုင်းသားကြားအပြီး ခဏအကြာမှာတော့ ထမင်းစားခန်းထဲမှာ အတူတူမုန့်စားနေတဲ့ ရန်ဖြစ်သူ နှစ်ယောက်ကို လူတိုင်းတွေ့နိုင်ပြီလေ။ အင်း..သူတို့ အချင်းချင်း ကျတော့လည်း အဟုတ်သား။
အများနဲ့နေရတဲ့ အဆောင်ဆိုတော့ မိဘအိမ်လောက်တော့ ဘယ်အဆင် ပြေပါ့မလဲလေ။
"အပေါ်ထပ်နဲ့အောက်ထပ် မဆင်း ချင်လို့ ရေသန့်ဘူးထဲ ရေထည့်ပြီး မျက်နှာသစ်ချလို့ ကျွန်မခေါင်းပေါ်ကျ သွားတာမျိုးတောင် ရှိဖူးတယ်" လို့ အဆောင်သူတစ်ယောက်ပြောတာ သတိရလို့ ပြုံးမိသေးတယ်။
တစ်ရက်နှစ်ရက်ရှိတော့ ထမင်းစား ချိန်တိုင်းခေါက်ဆွဲချည်းပဲ အမြဲပြုတ်စားနေတာတွေ့တဲ့ အခန်းထဲက ညီမလေးကို အကုန်ဝိုင်းချော့ နေတာတွေ့လို့ မေးကြည့်တော့ အိမ်ကိုလွမ်းလို့ ငိုနေတာတဲ့လေ။ (အံ့ဩစရာပါပဲ ကိုယ်ဆို အမြဲအလုပ်ရှုပ်နေတာနဲ့ ဘယ်သူ့ကိုမှ သတိမရတတ်ဘူး)။
ကြားဖူးထားတဲ့ အဆောင်နေသူတွေ ကြုံရလေ့ရှိတဲ့ 4Is အိုင်လေးလုံး ပြဿနာဆိုတာ နေမှာပေါ့ရှင်။ Isolation (အထီးကျန်ဖြစ်တာ) တို့၊ Infection (ကူးစက်ရောဂါရတတ်တာ)တို့ စတာတွေပေါ့။
"သမီးတို့က တစ်ယောက်နဲ့တစ်ယောက် ဒီလိုပဲအမြဲချော့နေကျ" လို့ ပြောတော့ ကလေးတွေပေမယ့် ကိုယ်ချင်းစာတတ်သားပေါ့။
အမယ်လေး.. ဆူညံလိုက်တဲ့အသံတွေ။ တစ်နေကုန် ပင်ပန်းလာကြလို့ အိပ်မလားမှတ်တယ်၊ ပြောလိုက်တဲ့ ကိုရီးယားမင်းသား တွေအကြောင်း။ ဟိုဘက်အခန်းက ဆက်ရက်မတွေကို အကြောင်းသိအောင် ပြရသေးတာပေါ့။ အခန်းနံရံကို လက်နဲ့ တဒုန်းဒုန်း မြည်အောင် ထုလိုက်ရင်း "ဟဲ့ မအိပ်ကြသေးဘူးလား"လို့ အော်မေးလိုက်တော့ "တောင်းပန်ပါတယ်နော် အစ်မ။ သမီးတို့ အိပ်ပြီ"တဲ့။ ဟုတ်မဟုတ် နားစွင့်ကြည့်တော့ အသံတိုးတိုးနဲ့ဆက်ပြော နေကြပြီး ခဏကြာတော့ အိပ်သွားကြပြီထင်တယ်။ အသံတွေက တိတ်ဆိတ်လို့။
အလုပ်နားရက်လေး လုပ်စရာရှိတာလုပ်ပြီး ခဏနားတော့။ "မမရေ ဗီဒီယိုလာကြည့်ပါ"ဆိုပြီး အတင်းလာခေါ်နေတော့ တီဗီထားတဲ့ အခန်းကို အားနာနာနဲ့ လိုက်သွားမိပါတယ်၊ မိန်းကလေးဆောင်က ကြည့်လိုက်တော့ 'သရဲကား'။ ရုပ်ရှင်ထဲ စိတ်ရောက်နေရာက ဘေးနားကို အလုအယက်တိုးလာနေတဲ့ ညီမလေးတွေကို ပြန်လှည့်ကြည့်မိတော့ ကိုယ်ကိုယ်တိုင်က သူတို့ကို ဖက်ထားမိလျက်သား။
ရုံးမှာအလုပ်လုပ်နေရင်းက နာရီကြည့်မိတော့ အိမ်ပြန်ချိန်တောင်ရောက်ပြီ။ ကျွန်မအတွက်တော့ အဆောင်ပြန်ချိန်ပေါ့။ လမ်းမှာ ရှောက်သီးသုပ်နဲ့ ပလာတာ ၀င်ဝယ်ရဦးမယ်။ အခုချိန်ဆို အဆောင်က ညီမတွေမျှော်နေလောက်ပြီ။ သူတို့က ရှောက်သီးသုပ်ဆို အရမ်းကြိုက်တာလေ။ ညီမလေးတစ်ယောက်က အချဉ်မကြိုက်တော့ တီဗီကြည့်ရင်း ကိုယ်နဲ့အတူစားဖို့ နေကြာစေ့တောင်ပါသေး။
ဟင်း ဟင်း .. သူတို့မပါဘဲ ကိုယ်ကလည်း ထမင်းမစားတတ်တော့ သူတို့ စောင့်နေတာကိုပဲ ကျိတ်ပြီး ကျေနပ်နေတတ်ပြီပဲလေ ...။