Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တိမ်ကောမသွားသော ဘုရားစောင်းတန်းဈေးဆိုင်များ

စိုးစန္ဒာဦးနှင့် မေဇူးဇူး
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၇)
News Pic
ရွှေသာလျောင်း ဘုရားစောင်းတန်းတွင် ထိုင်းလူမျိုးခရီးသွား ဧည့်သည်အား အမှတ်တရပစ္စည်းများ ရောင်းချနေသော ဈေးသည်တစ်ဦးနှင့်အတူ တွေ့ရစဉ်။
ဓာတ်ပုံ-ရွှေယင်းမာဦး

နေမြင့်လာတာနဲ့အမျှ အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေ တဖွဲဖွဲဝင် ရောက်လာကြတဲ့အခါ အမှတ်တရ ပစ္စည်းတွေ ၀ယ်ကြမှာမို့ မိမိဆိုင်ခန်း ကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ခင်းကျင်းကြရတာလည်း သူတို့တစ်တွေ ရဲ့ နိစ္စဓူဝ အလုပ်ပဲဖြစ်ပါတယ်။

'ချိုချိုမွန်' အမှတ်တရပစ္စည်းအရောင်းဆိုင်ဆိုတာ ရွှေသာလျောင်း ဘုရားရဲ့ စောင်းတန်းမှာ ရွှေချည်ထိုးလက်ကိုင် အိတ်၊ ပန်းချီကား၊ သစ်သားဘောပင်၊ ရုပ်သေးရုပ်လေးတွေနဲ့ မြန်မာလက်မှု ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်လေး တစ်ဆိုင်ဖြစ်ပါတယ်။

"ကျွန်မရဲ့ဆိုင်မှာ ဆံ့သလောက် အစုံတင်ထားတယ်။ နိုင်ငံခြားသားတွေ က ရွှေချည်ထိုးအိတ်တွေနဲ့ ပန်းချီကားကို စိတ်ဝင်စားကြတယ်"လို့ ဆိုင်ပိုင်ရှင် မခင်အေးမွန်က ပြောပါတယ်။

ရောင်းချဖို့ပန်းချီကားတွေကို ရန်ကုန်ကနေမှာယူရပြီး အိတ်တွေကိုတော့ မန္တလေးဆိုင်တွေဆီက ဖောက်သည်ယူရပါတယ်။ ဒါ့ပြင် ပဲခူးမြို့ထွက် မြန်မာ့ရိုးရာ လက်မှုပစ္စည်းတွေလည်း ဆိုင်မှာတင်ထားပါတယ်။

"ဖောက်သည်ပေးတဲ့ဆိုင်က သွားဝယ်ရင် အိတ်မျိုးစုံ ၀ယ်လို့ရတယ်။အိတ်လုပ်တဲ့ဆိုင်က၀ယ်ရင် တစ်မျိုးစီပဲ ၀ယ်လို့ရတယ်။ ဈေးနှုန်းသိပ်မကွာတော့ နယ်ကနေ ကျွန်မဆိုင်မှာလာပြီး ဖောက်သည်ယူတာလည်း ရှိတယ်"လို့ သူက ဆိုပါတယ်။

နိုင်ငံခြားသားတွေ ဘုရားဖူးလာကြတဲ့နေ့တွေ၊ နွေရာသီမှာ အနယ်နယ်အရပ်ရပ်က ကျောင်းတွေက လေ့လာရေးခရီး ထွက်လာကြတဲ့ နေ့တွေနဲ့ ၀ါဆို လပြည့်လိုနေ့မျိုးတွေမှာ တစ်ရက်ကို တစ်သိန်းဖိုးလောက်အထိ အများဆုံး ရောင်းရတတ်ပါတယ်။ဒီဇင်ဘာလမှာ ရောင်းအကောင်းဆုံးဖြစ်ပြီး မိုးတွင်းကာလ ကြားရက်တွေမှာဆိုရင်တော့ ဈေးဦးမပေါက်တဲ့ရက်တွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

စောင်းတန်းကဆိုင်ခန်းတွေက ဘုရားမြေပေါ်မှာ တည်ဆောက်ထားတာဖြစ်တဲ့အတွက် တစ်လကို ကျပ် ၂,၃၀၀ ဂေါပကအဖွဲ့ကို ပေးရတယ်လို့ သူက ပြောပါတယ်။

ကျိုက်ပွန် လေးမျက်နှာဘုရားခြေရင်းက ရွှေမြန်မာ ပန်းပုရုပ်အရောင်းဆိုင် ပိုင်ရှင်ကတော့ သူ့ဆိုင်ကပစ္စည်းတွေကို ရန်ကုန်က ဆိုင်တွေက ပြန်ပြီး ဖောက်သည်ယူကြပါတယ်တဲ့။

"ကျွန်တော့ဆိုင်ကပစ္စည်းတွေကို နိုင်ငံခြားသားကပဲ ၀ယ်တာပါ။ မြန်မာတွေ မ၀ယ်ဘူး။ ရန်ကုန်ကလည်း ကျွန်တော့ဆိုင်ကပစ္စည်း တွေကို ဖောက်သည်ယူတယ်။ ပြီးတော့ မူဆယ်၊ ရွှေလီဘက်ဆီကို ကုန်သည်တွေကတစ်ဆင့် ဖြန့်ဖြူးပြီးရောင်းတယ်"လို့ ဆိုပါတယ်။

ရွှေမြန်မာ ပန်းပုနဲ့ယွန်းထည်ပစ္စည်းအရောင်းဆိုင်မှာ ဘုရားဆင်းတုတော်တွေအပြင် နာဂတိုင်းရင်းသား၊ ကြံ့၊ ခြင်္သေ့၊ လောကနတ်ပုံစံ သစ်သားပန်းပုတွေ၊ သစ်သားနဲ့ထုလုပ်ထားတဲ့ ဓာတ်ပုံဘောင်၊ နံရံပန်းကပ်၊ ရေနွေးအိုးနဲ့ ဇွန်း၊ ယွန်းထည်ပစ္စည်းစတာတွေကို ယင်း တိုက်၊ ပိတောက်၊ ကျွန်းသားတွေနဲ့ လက်ရာမြောက်စွာ ထွင်းထုထားတာ တွေ့ရပါတယ်။

ရွှေဂူလေးဘုရားက သစ်သားပွတ်လုံး အလှဆိုင်ပိုင်ရှင် မစန္ဒာကတော့ သူတို့ ဆိုင်ဘက်ကို နိုင်ငံခြားသားတွေ သိပ်မလာဘဲ ကျောင်းသားတွေ လေ့လာရေးခရီး ထွက်လာတာမျိုးပဲရှိတယ်လို့ ဆိုပါတယ်။

"ဆိုင်မှာ ပဲခူးထွက်ပစ္စည်း သီးသန့်တွေကိုပဲ တင်ထားတယ်။ မြန်မာလူမျိုးတွေ ၀ယ်တာ များတယ်။ ဘုန်းကြီးကျောင်းတွေကလည်း ဂြိုဟ်ရှစ်ခွင် အရုပ်ထားဖို့ သစ်သားတိရစ္ဆာန်ရုပ်တွေ ၀ယ်ကြတယ်။ နိုင်ငံခြားသားတွေက ဒီလို ၀န်လေးတဲ့ပစ္စည်းတွေကို မသယ် သွားနိုင်လို့ မ၀ယ်ကြတာ"လို့ မစန္ဒာက သူ့ဆိုင်ရဲ့ အရောင်းအ၀ယ်အခြေအနေကို ပြောပြတယ်။

သူ့ဆိုင်မှာ သစ်သားနဲ့ထုလုပ်ထားတဲ့ ရွက်လှေ၊ နွားလှည်း၊ ယောက်မနဲ့ ဖုန်းတင်တဲ့လက် ပုံစံခုံငယ်လေးတွေ စတဲ့ လက်ရာမျိုးစုံကို ခင်းကျင်းထားတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဈေးနှုန်းတွေကလည်း ကျပ် ၅၀ တန်ကနေ ၄,၀၀၀၊ ၅,၀၀၀ တန်အထိ အမျိုးအစားအလိုက် ခင်းကျင်းထားပါတယ်။

နွေရာသီနဲ့ ဒီဇင်ဘာလမှာ ရောင်းအားကောင်းပြီး အများဆုံး တစ်ရက်ကို ၄၀,၀၀၀၊ ၅၀,၀၀၀ ဖိုးလောက်အထိ ရောင်းရတယ်လို့ သူက ပြောပါတယ်။

စိန်သာလျောင်းဘုရားမှာတော့ ဆိုင်ခန်းသက်သက် တည်ဆောက်ထားတာ မျိုးမဟုတ်ဘဲ တန်ဆောင်းကြမ်းပြင်ပေါ်မှာ ဈေးသည်တွေ ခင်းကျင်းရောင်းချနေတာ တွေ့ရပါတယ်။ အများစုက ဘုရား ပွဲရှိတဲ့နေရာ တစ်နယ်ဝင်တစ်နယ်ထွက် ရောင်းချတတ်ကြတဲ့ ၁၂ ပွဲ ဈေးသည်တွေလို့ ဈေးသည်တစ်ဦးက ပြောတယ်။

သူ့ဆိုင်မှာ အဏုမြူသော့ချိတ်နဲ့ သစ်သားပစ္စည်းအနည်းငယ်နဲ့ ပဲခူးထွက် ပစ္စည်းတစ်မျိုးတည်း ခင်းကျင်းထားပြီး ဘုရားကို နိုင်ငံခြားသားတွေ လာကြပေမယ့် သူတို့ဆိုင်ကပစ္စည်းတွေကို လာဝယ်တာမျိုး မရှိသေးပါဘူးတဲ့။

ပဲခူးမြို့ကို ထိုင်းလူမျိုးဘုရားဖူးတွေ အများဆုံးလာရောက်ကြပြီး အခြား ဥရောပနိုင်ငံများက ဘုရားဖူးတွေလည်း လာရောက်ကြပြီး မြန်မာ့ယဉ်ကျေးမှု ရိုးရာလက်မှုပစ္စည်းတွေကိုလည်း အမှတ်တရ၀ယ်ယူကြတယ်လို့ ရွှေသာလျောင်းဘုရားက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စနေ၊ တနင်္ဂနွေနဲ့ အခါကြီးရက်ကြီးတွေမှာ ဧည့်သည်အလာများပြီး အနည်းဆုံး ၂၀၀ ကနေ ၃၀၀ လောက်အထိ ရှိသလို ခရီးသွား ရာသီမှာ တစ်နေ့ကို နိုင်ငံခြားသား ၁,၀၀၀ လောက် လာတယ်လို့ သူကပြောပါတယ်။

ရွှေမော်ဓော၊ ရွှေသာလျောင်း၊ နန်းတော်ရာနဲ့ ကျိုက်ပွန်လေးမျက်နှာ ဘုရားတွေကို နိုင်ငံခြားသားတွေ လည်ပတ်ကြတာ များပါတယ်။
ခရီးသွားလမ်းညွှန်တစ်ဦးဖြစ်တဲ့ ကိုစိုင်းခမ်းကျောက်က "နိုင်ငံခြားသားတွေတော့ ၀င်ပါတယ်။ ဒါပေမယ့် ၂၀၀၇၊ ၂၀၀၈ ကိုတော့ မမီဘူးဗျ။ ထိုင်းတွေက ပဲခူးဆို ရွှေမော်ဓော၊ ရွှေသာလျောင်းနဲ့ နန်းတော်ကို ပို့ခိုင်းတာများတယ်"လို့ ဆိုပါတယ်။

တချို့က အပျော်တမ်းလည်ပတ်ကြတာဖြစ်သလို တချို့ကတော့ အင်တာနက်ထဲမှာ သမိုင်းကြောင်းတွေ ကြိုတင် လေ့လာပြီး စိတ်ဝင်တစားလာရောက် ကြတာဖြစ်တယ်လို့သူက ပြောပြပါတယ်။

"ဘုရားဖူးဖို့ လာကြတာများတယ်။ နန်းတော်ထဲ ရောက်ရင်တော့ ထိုင်းမင်းသမီးအကြောင်း တစေ့တစောင်း မေးတတ်ကြတယ်။ ထိုင်းတွေက အင်္ဂလိပ် မကျွမ်းတော့ တစ်ယောက်တည်းမလာဘူး။ အုပ်စုလိုက်လာတာ များတယ်။

"သူတို့က ဘာသာရေးကို တော်တော် ကိုင်းရှိုင်းကြတယ်။ ဒီမြန်မာနိုင်ငံမှာ တန်ခိုးကြီးဘုရားရှိတယ်ဆိုတဲ့ အယူလေးနဲ့ လာကြတယ်။ ဆုတောင်းကြတယ်။ နောက် စီးပွားရေးလည်းကောင်းလာတယ်။ ဆုတောင်းတာလည်း ပြည့်တယ်ဆိုပြီး ထပ်ထပ်ပြီးတော့ လာတယ်။ တချို့ ကိုးနှစ်ဆက်တိုက် လာတယ်။ တချို့များဆို ၅၆ ခေါက်အထိ လာတာတွေတောင် ရှိတယ်"လို့ ထိုင်း လူမျိုးတွေကို ခရီးသွား လမ်းညွှန်လုပ်ခဲ့တာ သက်တမ်း ၁၀ နှစ်ရှိပြီဖြစ်တဲ့ ကိုစိုင်းခမ်းကျောက်က ပြောတယ်။

ပဲခူးမြို့ကို ထိုင်းလူမျိုး အများဆုံး လာတာတွေ့ရပြီး ဘုရားစောင်းတန်း ဆိုင်ပိုင်ရှင်တွေနဲ့ ဘုရားအောက်ခြေမှာ ပို့စကတ်ရောင်းတဲ့ ကလေးတွေပါ ထိုင်းစကား အနည်းအကျဉ်းပြောတတ်တာကို တွေ့ရပါတယ်။