Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

စပါးနှင့်ပဲ ဈေးကောင်းသဖြင့် လယ်သမားတို့ဘ၀ ပုံမှန်လည်ပတ်

စိုးသန်းလင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic
တွံတေးမြို့နယ်၊ တလုတ္ထော်ရွာရှိ နွေစပါးစိုက်ခင်းတွင် တောင်သူ လယ်သမားတစ်ဦး စပါးစိုက်ခင်းထဲသို့ ရေသွင်းနေစဉ်။
ဓာတ်ပုံ - အောင်ထွန်းဝင်း

နိုင်ငံ့ဝမ်းစာကိုလည်း ဖြည့်ဆည်း၊ လယ်ယာ ကဏ္ဍကိုလည်း မြှင့်တင်ရုံ သာမက နိုင်ငံခြား ၀င်ငွေကိုပါ ရှာဖွေပေးလျက်ရှိသော တောင်သူ လယ်သမားတို့သည် ၂၀၁၀ ပြည့်နှစ်မှစ၍ မြင့်တက်လာသော စပါးဈေး၊ ပဲဈေးများ ကြောင့် လယ်ယာလုပ်ငန်းတို့ ပုံမှန်နီးပါး လည်ပတ်လာနိုင် သည်ဟုဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ လယ်သမားများထံမှ သိရသည်။

"ဒီနှစ် စပါးဈေး၊ ပဲဈေးတွေက မနှစ်ကထက် နှစ်ဆဖြစ်လာလို့ မိုးစပါး တုန်းက ရောင်းလိုက်တဲ့ငွေနဲ့ အခုနွေစပါးကိုလည်း ချေးငွေ မယူဘဲ ဆက်လုပ်နိုင်ကြတဲ့အပြင် တချို့ဆို ဆိုင်ကယ်ကိုယ်စီ ၀ယ်စီးနိုင်ကြတဲ့ အထိ ချောင်လည်နေကြပါတယ်"ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကြီးကျေးရွာမှ တောင်သူကြီး ဦးအေးစိုးက ပြောသည်။

၂၀၀၉ ခုနှစ် ဆန်စပါးဈေးမှာ ဧည့်မထ အုပ်စုသည် ကျပ်နှစ်သိန်း၊ မတ်ပဲသည် တစ်အိတ်လျှင် ကျပ် ၁၃,၀၀၀ ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ၌ ဧည့်မထ စပါးသည် ကျပ် လေးသိန်းကျော်၊ မတ်ပဲသည် ကျပ် ၂၅,၀၀၀ ၀န်းကျင်သို့ ဈေးကောင်းရလာသဖြင့် ဧရာဝတီတိုင်းမှ လယ်သမားအများစုတို့ ယခု ကဲ့သို့ ချောင်လည်လာရသည်ဟု ဆို၏။

ဧရာဝတီတိုင်းတွင် ဓနုဖြူ၊ ဟင်္သာတ၊ ကျုံပျော်၊ ဇလွန် စသည့် ရေငန်မ၀င်သော မြို့များရှိ လယ်သမားအများစုတို့၏ မိုးစပါး အထွက် နှုန်းမှာ မနှစ်က အတိုင်းရှိခဲ့ခြင်း၊ အချို့ လယ်များ၌ မနှစ်ကထက် ပို၍အထွက်တိုးခြင်း တို့သည် ဤသို့ချောင်လည်စေသော အထောက် အပံ့ကောင်းများဖြစ်သည်ဟု ဓနုဖြူမြို့၊ အကျော်ကျေးရွာမှ ဆန်စက်လုပ်ငန်းရှင် ဦးဝင်းအောင်က ပြောသည်။

သို့ရာတွင် ဧရာဝတီတိုင်းရှိ ဘိုကလေး၊ ကျိုက်လတ်၊ မော်ကျွန်း... စသည့် ရေငန်ဝင် ဒေသများနှင့် ရန်ကုန်တိုင်းအတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့် မြို့နယ်များ တွင်မူ မိုးစပါးကာလ၌ ကြွက်သောင်းကျန်းမှု ကြုံခဲ့ရခြင်း၊ အချို့မှာ စပါးအထွက် ၂၀ ရာခိုင် နှုန်းခန့်လျော့ကျခြင်းတို့ကြောင့် စပါးဈေး ကောင်းသော်လည်း အကျိုးအမြတ် သိပ်မများလှဘဲ ပုံမှန်လည်ပတ်နိုင်ရုံသာ ရှိသည်ဆို၏။

"မနှစ်က မိုးစပါးတစ်ဧကကို ပျမ်းမျှ တင်း ၅၀ ကျော်နှုန်းလောက်ထွက်ခဲ့ပြီး အခုနှစ်မှာ ၃၈ တင်း၊ တင်း ၄၀ လောက်ပဲထွက်တော့ ငါးဧကမှာ အရင်က တင်း ၃၀၀ နီးပါးရခဲ့သူ တွေက အခု တင်း ၁၈၀၊ ၂၀၀ လောက်ပဲရကြ တယ်။ မျိုးကြောင့်လည်း မဟုတ်ဘူး။ ရာသီ ကြောင့်လည်း မဟုတ်ဘူး။ အသီးက အ,သွား တဲ့ သဘောပါ။ ပိုးကြောင့်လည်း မဟုတ်ဘူး။ ဒါပေမယ့် 'ပိုးငွေ့'တယ်လို့တော့ ပြောကြတာပဲ။ ပိုး တကယ်ကျတဲ့လယ်တွေလည်း ရှိတယ်။ စပါးအသီးအဖုံးထွက်လာပြီးမှ ဆက်ပြီး နို့ရည် မခဲတော့လို့ ရိတ်စရာ တောင် မလိုတဲ့ အကွက် တွေလည်းရှိတယ်။ 'တံစဉ်လွတ်'သွားတဲ့ အကွက်ပါပဲ။ ဒါကြောင့် ဈေးကောင်းရတာ မှန်ပေမယ့် စပါး အထွက် ဆုတ်တော့ ၀င်ငွေ အရပြောရရင် မနှစ်ကလောက်ပါပဲ" ဟု ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကံဘဲ့ ကျေးရွာရှိ တောင်ပြန်နှင့် ခွံနီစပါး ဧက ၂၀ ကို နှစ် ၃၀ ခန့် စိုက်ပျိုးလျက်ရှိသော လယ်သမားကြီး ဦးလှအုန်းက ရှင်းပြသည်။

"ကျွန်တော်တို့ နယ်မှာတော့ အခုလိုကြုံရ ရင် 'ဒီနှစ်စပါးကို ကိန်းစားတယ်'လို့ ရှေးလူကြီး တွေက ပြောလေ့ရှိတယ်။ ကျွန်တော်တို့ ကွင်းမှာ လယ်သမား ၁၅၀ ကျော်လောက်ရှိပြီး လေးပုံတစ်ပုံလောက်မှာ အဲဒီ 'ပိုးငွေ့'တဲ့ သဘောမျိုးကြုံရတယ်။ စပါးတွေအပင် ကောင်းရဲ့နဲ့ အသီးဆုတ်တာ၊ အဲဒီလို အထွက် ဆုတ်တာများတဲ့ လယ်သမားဆိုရင် ဘယ်လိုမှ မလည်ပတ်နိုင်တော့ဘူး။ လယ်သမားဆိုတာ မိုးစပါးပြီးရင် ပဲ၊ ပဲပြီးရင် နွေစပါးတွေကို အချိန်မီ စိုက်နိုင်၊ ရိတ်သိမ်းနိုင်ဖို့ လည်ပတ်နေကြရတဲ့သူတွေ။ စိုက်စရိတ်မလောက်ရင်၊ မရှိရင် ချေးငွေတွေနဲ့ဖြစ်အောင် လည်ပတ်နေကြရတဲ့သူတွေပါ"ဟု တွံတေးမြို့နယ်၊ ဘုရားငုတ်တိုကွင်းမှ တောင်သူကြီး ဦးသန်းဦးက လည်း ဖြည့်စွက် ပြောကြားသည်။

"လယ်စရိတ်တွေအတွက် တစ်ဧကကို တစ်သောင်းနှုန်း လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပေးပါတယ်။ အတိုးက တစ်ကျပ်ခွဲနှုန်း ပါ။ ပြည်ခိုင်ဖြိုးကလည်း ဒီနှစ်မှာ ငွေလာချေး ပေးပါတယ်။ တကယ်က လယ်စရိတ်က မိုး စပါးဆိုရင် တစ်ဧကကို ငွေတစ်သိန်းဝန်းကျင် ရှိပါတယ်။ နွေစပါးဆိုရင်တော့ မျိုးပိုသုံးရတာ၊ အစာပိုကျွေးရတာ၊ ရေတင်ရတာတွေ ပိုလာလို့ စရိတ်နှစ်ဆ ရှိပါတယ်။ လယ်သမားက ချေးငွေအမျိုးမျိုးတွေနဲ့ မလုံလောက်ရင် ရတဲ့ နေရာမှာ ထပ်ချေးရပါတယ်။ လယ်စရိတ်တွေ အလုံအလောက်ရှိပြီး ရင်းနိုင်တဲ့ လယ်သမား မှပဲ ချောင်လည်နိုင်တာပါ"ဟု ဦးလှအုန်းက ရှင်းပြသည်။

တက္ကသိုလ်ကျောင်းသားတစ်ဦး၊ ၁၀ တန်း ကျောင်းသားတစ်ဦး အပါအ၀င် ခြောက်ဦးရှိသည့် ဦးလှအုန်းတို့ မိသားစု၏ နေ့စဉ် အိမ် စရိတ်မှာ ဆန်ဖိုး မပါ ကျပ် ၅,၀၀၀ နှင့် ၇,၀၀၀ ကြားရှိသည်ဟု သိရသည်။

ထို့ကြောင့် တောင်သူလယ်သမား အများစုတို့သည် ကွမ်း၊ မုန်လာ၊ ဆလတ် စသော ရာသီ သီးနှံများကို စိုက်ပျိုးခြင်း၊ ၎င်းဒေသထွက် ၀ါးကို ကုန်ကြမ်းပြုကာ သွားကြားထိုးတံ၊ အမွှေးတိုင်၊ ရေခဲချောင်းတုတ် စသော အိမ်တွင်းလက်မှု လုပ်ငန်းကလေးများ တွဲဖက်ခြင်း တို့ဖြင့် အိမ်စရိတ်ကာမိစေရန် လည်ပတ်လုပ်ကိုင်လျက်ရှိသည်။

"မိုးစပါးရောင်းရငွေကို တချို့ ကြွေးဆပ်၊ တချို့က နွေစပါးမှာပြန်ရင်း၊ ရလာတဲ့ နွေစပါးတချို့က ၀မ်းစာထား၊ ရာသီသီးနှံတွေစိုက်ပြီး အိမ်စရိတ်ကာမိအောင် လုပ်ကြနဲ့ လယ်သမားဆိုတဲ့ အတိုင်း လည်နေရတာပေါ့။ ရာသီသီးနှံတွေ ပိုးကင်းရင်၊ စပါးတွေ ပုံမှန်အတိုင်း ထွက်ရင်တော့ အဲဒီနှစ်ဟာ ချောင်လည်တဲ့ နှစ်ပါပဲ။ ကျွန်တော်တို့ကွင်းတွေမှာက ရေငန်အ၀င်စောရင် ဆုံးရှုံးမှုများတယ်။ နွေစပါးရှုံးပြီ ဆိုရင် လယ်ပါပြုတ်ရောပဲ။ နွေစပါးကို အချိန်မီ စိုက်နိုင်၊ ရိတ်နိုင်ဖို့ အရေးကြီးတယ်"ဟု တွံတေး မြို့နယ်၊ ထော်သိုကွင်း၌ နွေစပါး ခြောက် ဧက စိုက်ပျိုးလျက်ရှိသော ဦးသိန်းဦးက ပြောသည်။

နွေစပါးအောင်မြင်ဖို့ကမူ မိုးစပါး၊ မြေဩဇာ၊ ဒီဇယ်ဆီနှင့် အခြားစိုက် စရိတ်များ အလုံအလောက်ရှိဖို့သာမက ရာသီဥတုကလည်း ကိုယ့်ဘက်မှာပါ နေဖို့လိုကြောင်း၊ အဆိုပါစိုက်ခင်း အတွက် တူးမြောင်းမှ အောင်ရေလွှတ် ခြင်းကို အချိန်ကိုက် ဆောင်ရွက်နိုင်ဖို့ ပါလိုအပ်နေကြောင်း သူက ပြောသည်။

"ဆည်မြောင်းရေလွှတ်တဲ့အခါ ကုန်း ပိုင်း စိုက်ခင်းတွေ၊ အနိမ့်ပိုင်းစိုက်ခင်း တွေကို ရေအလုံအလောက်ရောက်ဖို့နဲ့ ရေငန်မ၀င် လာခင်မှာ အချိန်မီ အောင်ရေလွှတ်ပေးဖို့ လိုပါတယ်။ နွေစပါးစိုက်သူအချင်းချင်းကြားမှာ ဒီ အချက်ကို စာနာနားလည်ကြဖို့လည်း လိုပါတယ်"ဟု ထော်သိုကွင်းမှ လယ် သမားကြီး ဦးသာဒင်အောင်က ဖြည့် စွက်ပြောကြားသည်။

မိုးစပါးဖြစ်စေ၊ နွေစပါးဖြစ်စေ အောင်မြင်ရေးကမူ အတိုးနှုန်းသက်သာ သော စိုက်စရိတ်များ အလုံအလောက် ရရှိခြင်း၊ မျိုးစပါး အချိန်မီရခြင်း၊ ဓာတ် မြေဩဇာ စံနှုန်းပြည့် သုံးစွဲနိုင်ခြင်း စသည့် အခြေခံလိုအပ်ချက်များ၊ သို့ မဟုတ် အဓိကအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည် ဆို၏။

"နွေစပါးတွေ အောင်သွားရင် ကြွေးတွေ ဆပ်နိုင်မယ်။ ၀မ်းစာကလေး ဖယ်ပြီး အလှူလေး အတန်းလေး ကိုယ်နိုင် သလောက် လုပ်ချင်တယ်။ ဒီလောက်ပါပဲ"ဟု ဦးသိန်းဦးက သူ၏ဘ၀မျှော်မှန်းချက်ကို ဖော်ထုတ်ပြောကြားသည်။

နိုင်ငံတစ်ဝန်းရှိ တောင်သူလယ် သမား အများစု၏ မျှော်မှန်းချက်မှာ လည်း ထိုနည်းအတိုင်းပင်ဖြစ်ကြောင်း ဖြေကြားကြသည်။

လွန်ခဲ့သည့် အနှစ် ၈၀ ခန့်၊ ၁၉၃၀ ပြည့်နှစ်၊ စီးပွားပျက်ကပ်နှင့် ဖိနှိပ် တင်းကျပ်လွန်းသော အခွန်အခတို့ကို သည်းမခံနိုင်လွန်းသဖြင့် ဂဠုန်ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရာ အုပ်ချုပ်သူ ဗြိတိသျှအစိုးရ၏ဥပဒေကို ထိုခေတ်ထိုအခါက ပထမဆုံးတော်လှန် ဆန့်ကျင်ခဲ့ကြသူများအဖြစ် တောင်သူလယ်သမားတို့ သမိုင်းတွင်ခဲ့သည်။

တစ်နိုင်ငံလုံးစားဖို့ စပါးလေး၊ ပဲလေးစိုက်ရင်း၊ အလှူအတန်းကလေးလုပ်ရင်း အေးချမ်းစွာရှင်သန်လိုစိတ်မှတစ်ပါး အခြား ကြီးမား သော မျှော်လင့်ချက်မျိုး လယ်သမားတို့၌မရှိ။ စိုက်ဖို့မြေ၊ မျိုးစပါး၊ စိုက်စရိတ်တို့ လုံလောက်ပြီဆိုလျှင် သူတို့ဘ၀ပြည့်စုံလှပြီဟု မှတ်ယူကြသူ များ ဖြစ်သည်။

ယခုကဲ့သို့ ဆန်တင်ပို့ခွင့်များ နိုင်ငံတော်က ခွင့်ပြုပြီးနောက်ပိုင်း ဆန်စပါး အရောင်းအ၀ယ်သွက်လာ၊ ဈေးကောင်းရလာခြင်းသည် လယ်သမားတို့ဘ၀ ပုံမှန်လည်ပတ်နိုင်ရန် အခွင့်ကောင်း တစ်ခု ဖြစ်လာကြောင်းနှင့် ထိုအခွင့်ကောင်းကို အပြည့်အ၀ရယူနိုင်ရေး အတွက် အခြေခံလိုအပ်ချက်များအား သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ အချိန်ကိုက် ဖြည့်ဆည်းပေးစေလိုကြောင်း ၎င်းတို့က ဖွင့်ဟ ပြောသည်။