၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ - ပြာသိုလဆန်း ၂
 
အတွဲ ၂၃၊ အမှတ် ၄၄၄ (၁၁ - ၁၇၊ ၁၂၊ ၂၀၀၉)
 

မြန်မာ့အာမခံလုပ်ငန်း ကျန်းမာရေးအာမခံထားနိုင်ရန် စီစဉ်နေ

နေနွယ်မိုးအောင်

မြန်မာ့အာမခံလုပ်ငန်းက ပြည်သူများ ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ကျန်းမာရေး အာမခံထားရှိနိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပြောကြားသည်။

လက်ရှိ မြန်မာ့အာမခံလုပ်ငန်းတွင် အသက်အာမခံနှင့် ကိုယ်အင်္ဂါထိခိုက်မှု အာမခံကိုသာ ထားရှိနိုင်ပြီး အဆိုပါ အသက်အာမခံသည် ရောဂါဖြစ်နေသူများ၊ ခွဲစိတ်ခံရတော့မည့်သူများ၊ ကျန်းမာရေးမကောင်းသူများ အနေဖြင့် ထားရှိ၍မရနိုင်ကြောင်း ၎င်းက ပြော ကြားသည်။

"အရင်က ကျန်းမာရေးအာမခံက ပေးသွင်းရတဲ့ကြေးက အရမ်းနည်း သလို ပြန်ရတဲ့ကြေးကလည်း နည်း တယ်။ ဒါကြောင့် မအောင်မြင်ခဲ့ဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ လူတွေက ကျန်းမာရေး အရမ်း လိုက်စားလာတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့အာမခံကို ပြန်စိတ်ဝင်စားလာတယ်။

"ကျန်းမာရေး အာမခံကို ပြန်လုပ်ဖို့ ညှိနှိုင်းဆွေးနွေးနေတာ သုံးနှစ်လောက် ရှိပြီ။ နိုင်ငံတကာမှာရှိတဲ့ ကျန်းမာရေး ပေါ်လစီတွေကို လေ့လာဆွေးနွေးနေ ပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနတွေကလည်း လုပ်ဖို့ ဇောင်းပေး ထားတယ်"ဟု ဒေါက်တာမောင်မောင် သိမ်းက ပြောသည်။

ကျန်းမာရေးအာမခံသည် ကျယ်ပြန့် နက်နဲပြီး လူတန်းစားအလွှာအသီးသီးထားနိုင်ရန်အတွက် ကျန်းမာရေး ၀န်ကြီးဌာန၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ ဆေးပညာရှင်များ၏ ပံ့ပိုးမှုများနှင့် အစိုးရ၏ပံ့ပိုးမှုများ ပူးပေါင်း ပါဝင်မှ သာ ကျန်းမာရေးအာမခံဖြစ်မြောက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

မြန်မာအာမခံမှ ကျန်းမာရေးအာမခံ ကို ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ခန့်က စမ်းသပ်လုပ်ဆောင်ခဲ့ရာတွင် အာမခံ ထားရှိသူ နည်းပါးသည့်အတွက် မအောင်မြင်ခဲ့ဘဲ နှစ်နှစ်ခန့်အကြာတွင် ရပ်နားထားခဲ့သည်။

လက်ရှိထားရှိနိုင်သော အသက်အာမခံမှာ မိမိကိုယ်မိမိ သတ်သေခြင်းမှလွဲပြီး မည်သည့်အကြောင်းကြောင့် ဖြစ်စေ အသက်သေဆုံးပါက အာမခံ ကြေးရရှိမည်ဖြစ်သည်။

အဆိုပါအာမခံ မှာ မိမိထားလိုသော နှစ်ကာလအတွင်း ထားလိုသည့် သတ်မှတ်အာမခံကြေးကို ပေးသွင်းကာ အာမခံသက်တမ်းမပြည့်မီ သေဆုံးသည်ဖြစ်စေ၊ သို့မဟုတ် သတ်မှတ်ကာလပြည့်သည်အထိ သက်ရှိထင်ရှား ရှိလျှင်ဖြစ်စေ ပြန်လည်ထုတ်ယူနိုင်သည့် စုဆောင်းအာမခံငွေ အမျိုးအစား ဖြစ်သည်။

"အခု ပေါ်ပြူလာဖြစ်နေတဲ့ မခိုင်ရွှန်းလဲ့ရည်လိုအဖြစ်မျိုးမှာ အသက်နဲ့ပတ်သက်တဲ့ အာမခံရှိရင် လျော်ကြေး ရနိုင်တယ်။ ဒီလိုကိစ္စမျိုးဖြစ်လာလို့ အသက် အာမခံထားခဲ့ရင် ဆေးကုသရင်း ရောဂါ ကြောင့်ပဲသေသေ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာကလွဲရင် အာမခံကြေးရနိုင်တယ်။ အသက်အာမခံထားပြီး မသေဘူးပဲ ထားဦး၊ သွင်းထားတဲ့ အာမခံကြေး ပြန်ရနိုင်တယ်။ သေခဲ့ရင်လည်း အမွေစား အမွေခံရနိုင်တယ်။ ငွေစုတဲ့ သဘောလည်းဖြစ်တယ်" ဟု ဦးမောင်မောင်သိမ်းက ပြောသည်။

 
 
For further information and enquiries, please contact
management@myanmartimes.com.mm
No. 379/383, Bo Aung Kyaw Street, Kyauktada Township, Yangon Myanmar.
Telephone: (951) 253 642, 392 928 Facsimile: (951) 392 706
Copyright 2004-2005 - Myanmar Consolidated Media Co. Ltd. All rights reserved.


Contact: Advertisement - advertising@myanmartimes.com.mm   |  Contact: Editorial - newsroom@myanmartimes.com.mm
Contact: Webmaster - webmaster@myanmartimes.com.mm